ရက္ခိုင် စစ်တပ် (AA) ဖမ်းဆီးသွားသည့် ချင်းလူငယ် ၄ ဦးအနက် ၃ ဦးသည် သြဂုတ်လ ၂၅ ရက်က ပြန်လည် လွတ် မြောက်လာသည်ဟု ခူမီးချင်းမျိုးနွယ်စုများ ရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)၏ ပြောရေးဆိုခွင့် ရှိသူ ဒေါ်မိုင်နန်းဝေက ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၂၉ ရက်က ကျောက်တော်မြို့နယ်မှ ပလက်ဝမြို့နယ်သို့ ပြန်လာသည့် ဆလိုင်းအောင်စိုး အပါအဝင် ၎င်းတို့ ၄ ဦးကို AA အဖွဲ့က ငသရိုင်းကျေးရွာတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဆလိုင်းအောင်စိုးကို ဆက်လက်ဖမ်းဆီးထားပြီး ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်း ဘင်ဂျမင်နှင့် ဆလိုင်းအောင်ထွန်းကို တို့အား ပလက်ဝမြို့နယ်နားအရောက် ပို့ဆောင်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဒေါ်မိုင်နန်းဝေက “ပလက်ဝမှာရှိတဲ့ အောင်စိုးရဲ့ ဆိုင်ကိုတော့ လူတချို့က အောင်စိုး ဘယ်တော့ပြန်လာမှာလဲ။ ဘယ် လမ်းကြောင်းက လာမှာလဲ ဆိုတာမျိုး ခပ်စိပ်စိပ် စုံစမ်းတာမျိုးရှိတယ်လို့ သိရတယ်။ သူက နိုင်ငံရေးနဲ့ စစ်တပ် နဲ့လည်း ဆက်သွယ်တာ မရှိဘူး။ ဆင်ဝှိုက်(အောင်စိုး) ဘယ်မှာလဲဆိုပြီး ဖမ်းတာဆိုတော့ သူတို့ (AA) မှာ ဖမ်းဖို့ နဂိုကတည်းက အစီအစဉ် ရှိပုံရတယ်။ အခုလည်း သူတို့သိချင်တဲ့အကြောင်းအရာတွေ ဂဃဏန မသိသေးတော့ ဆက်ခေါ်ထားတာလား မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “AA က သူတို့ဖမ်းထားတယ်လို့ ဝန်ခံရင်တော့ တိုင်ကြား ဖို့ ကလည်း သူတို့ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတော့ တိုင်ဖို့က ခက်တယ်လေ။ အဲဒီတော့ ကြေညာချက် ထုတ်ရုံပဲ တက်နိုင်တယ်။ အစိုးရလမ်းကြောင်းဘက်ကသွားဖို့ ကျမတို့ CSO အနေနဲ့က အရမ်းခက်ခဲတယ်။ အစိုးရနဲ့ နိုင်ငံရေးပါတီ တွေက ကူပေးမှရမယ်” ဟုလည်း ဆိုသည်။
ယခုလွတ်မြောက်လာသူများ ဖမ်းဆီးခံထားရစဉ်ကလည်း AA တပ်ဖွဲ့ဝင်များက ဆလိုင်းအောင်စိုး အကြောင်းကို မေးမြန်းကြကြောင်း၊ နှိပ်စက်ခံခဲ့ရခြင်း မရှိကြောင်း ဆလိုင်းအောင်စိုးလည်း ပြန်လွတ်လာဖွယ်ရှိကြောင်း ပြောသည်။
ဆလိုင်းအောင်စိုးနှင့် နီးစပ်သူ တဦးက ဆလိုင်းအောင်စိုးသည် ခူမီးချင်း လူငယ်အဖွဲ့ဝင် တဦးဖြစ်ပြီး ငြိမ်းချမ်းရေး ဖိုရမ်တွင်လည်း ပါဝင်သူတဦး ဖြစ်ကြောင်း၊ ရပ်ကွက်အတွင်း လူမှုရေးကိစ္စများတွင်လည်း တက်ကြွစွာ ပါဝင်လုပ်ကိုင် တတ်သူ ဖြစ်သောကြောင့် သတင်းမှားများကြောင့် ဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း မိတ်ဆွေများက သုံးသပ်ကြသည်။
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသ ဖြစ်သလို လက်ရှိတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားပြီး ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားသည့် ဒေသလည်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်မှ ချင်းလူမျိုးအရပ်သား ပျောက်ဆုံးမှုက ယနေ့ သြဂုတ်လ အထိ ၂၅ ဦးခန့် ရှိပြီဖြစ်သည့်အတွက် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကဖြစ်စေ ဖမ်းဆီးထားသည့် အရပ်သား ပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း KACC က တောင်းဆိုထားသည်။
AA အဖွဲ့သည် ၎င်းတို့ဖမ်းဆီးထားသည့် ရခိုင် ပြည် လွတ်မြောက်ရေး ပါတီ (ALP) အဖွဲ့ဝင် များထဲမှ ၅ ဦး သြဂုတ်လ ၁၈ ရက် ညနေ ၄ နာရီခန့်က ပြန်လွှတ်ပေးခဲ့သေးသည်။
သို့သော်လည်း ALP အတွက် လူသစ် စုဆောင်းရာတွင် ပါဝင်သည်ဟု ဆိုကာ သြဂုတ်လ ၁၈ ရက် ညတွင်ပင် မြောက်ဦးမြို့နယ် လက်ကောက်ဈေး ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၂ ပါးနှင့် ကိုရင်၂ ပါးကို ဖမ်းဆီးသွားပြန်သည်။
You may also like these stories:
ရခိုင်ကို ချန်လှပ်၍ တပ်မတော် အပစ်ရပ်သက်တမ်းထပ်တိုး
ဗမာလည်း“ပြည်နယ်တခု”အဖြစ် ရှိသင့်တယ်လို့ နိုင်ဟံသာ အကြံပြု
မြောက်ဦးမြို့ပေါ်ကျောင်းမှ သံဃာ ၄ ပါး AA ဖမ်းခေါ်သွား