ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူလမ်းကြောင်းမှ သယ်ဆောင်လာသည့် ဘတ်ငွေ ၁.၆ ဘီလီယံခန့် (ကျပ် ၆၈.၈ ဘီလီယံ ခန့်) တန်ဖိုးရှိ ICE နှင့် ဘိန်းဖြူများ ကန်ချနာဘူရီပြည်နယ်၊ သောင်ဖာပွန်စစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၂၄ ရက်နေ့ညက ဖမ်းမိခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းဖြစ်သူ ဆက်ချိုင်ကေရော့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ် ကြမ်းခင်းအောက်တွင် ICE ၁၃၈၅ ကီလို၊ ဘိန်းဖြူ ၇၇ ကီလိုနှင့် ကတ်တမင်း ၅၀၀ ကီလိုတို့အား ဖမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယာဉ်မောင်းဖြစ်သူ၏ ထွက်ဆိုချက်အရ ကားအား ဘုရားသုံးဆူ နယ်စပ်လမ်းကြောင်း မှတဆင့် ဆန်ခလဘူရီခရိုင်မှ နာခွန်ပထုံသို့ မောင်းပေးရန် ဘတ်တသိန်းခွဲဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း Thai PBS သတင်းဌာနက ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း မြဝတီမြို့တဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အထွက် စစ်ဆေးရေးဂိတ်တွင် ဘတ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ICE ၁၅၀၀ ကီလိုကိုလည်း ဖမ်းမိခဲ့ပြီး မြန်မာနယ်စပ်၊ ဝါးလေ ကျေးရွာနှင့် ၃ ကီလိုမီတာခန့်သာ ဝေးကွာသည့် ဖုတ်ဖရမြို့နယ်မှ သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
ICE မူးယစ်ဆေးများနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းတွင်လည်း ယခုရက်ပိုင်းအတွင်း ဖမ်းမိမှုများ ရှိနေပြီး ဩဂုတ် ၉ ရက်နေ့က မြဝတီမြို့ဘက်မှ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA) ထိန်းချုပ်ရာ ဆုံဆည်းမြိုင် ဘက်သို့ သွားရောက်မည့် ကားတစီးပေါ်မှ ကျပ် ၉.၇၇၅ ဘီလီယံခန့် တန်ဖိုးရှိ ICE ၃၉၁ ကီလိုအား ဝေါလေမြို့၊ ဘလက်ဒို ရွာအနီး လမ်းပေါ်တွင် ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် ဩဂုတ် ၁၉ ရက်နေ့ကလည်း ဆုံဆည်းမြိုင်အနီး မြဝတီ-ဝေါလေ သွားလမ်းပေါ်ရှိ သဲဖြူချောင်း စစ် ဆေးရေး ဂိတ်တွင် ကျပ်ဘီလီယံ ၁၀၀ ကျော် တန်ဖိုးရှိ ICE ၁၅၉၈ ကီလိုနှင့် ဘိန်းဖြူ ၈၀ ကီလိုတို့အား သယ်ဆောင် မောင်းနှင် လာသူ ၄ ဦးနှင့်အတူ DKBA တပ်ဖွဲ့က ဖမ်းမိခဲ့သည်။
မြန်မာနိုင်ငံအတွင်း မေလ မှ ဩဂုတ်လအတွင်း ဘီလီယံချီ တန်ဖိုးရှိသည့် ICE မူးယစ်ဆေးအမှုများ မကြာခဏ ဖမ်းမိ လျှက် ရှိပြီး မေလ ၂၄ ရက်နေ့က ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်ကြီး-လွိုင်လင် ကားလမ်းပေါ်တွင် ICE မူးယစ်ဆေး ၁၆၁၅ ကီလိုအား ဖမ်းမိခဲ့သည်။
ယင်းဖမ်းမိမှုအား ကွင်းဆက်ဖော်ထုတ်ချက်များအရ မေလ ၂၉ ရက်နေ့တွင် ကလောမြို့ နယ်၊ အောင်ပန်းမြို့၊ တောင်ကြီး-ကလော ကားလမ်းမဘေးတွင် ရပ်တန့်ထားသည့် ၁၂ ဘီးယာဉ်တစီးအား တွေ့ရှိခဲ့ပြီး ဇော်မင်းထွေး (ခ)ကျားပေါက် ဆိုသူနှင့်အတူ ယာဉ်ပေါ်မှ ICE မူးယစ်ဆေး ၁၅၃၄ ကီလိုအား ထပ်မံဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကွင်းဆက်အမှုတွင် စုစုပေါင်း ICE အိုက်စ်မူးယစ်ဆေး ၃၁၄၉ ကီလို တန်ဖိုးမှာ ကျပ် ၇၈.၇၂၅ ဘီလီယံခန့် ဖြစ် ကြောင်း သိရသည်။
ICE မူးယစ်ဆေးများ ဖမ်းမိခဲ့သည့် လွိုင်လင်မြို့နယ်နှင့် ကလောမြို့နယ်တို့မှ အမှုများနှင့် မြဝတီတွင် ဖမ်းမိသည့် အမှုတို့ မှာ ဆက်စပ်မှုရှိနိုင်ပြီး ရဲတပ်ဖွဲ့မှလည်း ဆက်စပ်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုပ်ဆောင်လျှက် ရှိနေကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောကြားထားသည်။
ယင်းအမှုတွင် ဖမ်းမိထားသူများအား စစ်ဆေးချက်အရ မူးယစ်ဆေး သယ်ဆောင် ရောင်းဝယ်မှုတွင် DKBA တပ်ဖွဲ့မှ တပ်ရင်းမှူး စောအေဝမ်းအား ပါဝင်ပတ်သက်ကြောင်း သံသယရှိသည့်အတွက် လာရောက်အစစ်ဆေးခံနိုင်ရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က DKBA တပ်ဖွဲ့ထံသို့ ဇွန်လ ၈ ရက်နေ့က စာဖြင့်အကြောင်း ကြားခဲ့သော်လည်း ယနေ့အထိ တုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။
DKBA အဖွဲ့မှ ဘားအံမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုးမိုးက “ တပ်ဖွဲ့က ဖမ်းမိတဲ့ မူးယစ်ဆေးကိစ္စ အသေးစိတ်တော့ ကျနော်မသိပါဘူး၊ စောအေဝမ်းနဲ့ ပတ်သက်တဲ့ဟာကတော့ ကျနော်ဆီကို ယခုအထိ ဌာနချုပ်က တစုံတရာ အကြောင်း ပြန်လာတာ မရှိသေးပါဘူး”ဟု ပြောသည်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအေဝမ်း ဦးစီးသည့် DKBA အမှတ် ၉၀၃ တပ်ရင်းသည် ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူဒေသတွင် အခြေစိုက်သည့် တပ်ရင်းဖြစ်သည်။
မူးယစ်သံသယ တပ်ရင်းမှူးကို ရဲထံအစစ်ခံရန် အစိုးရအသိပေးမှု DKBA မတုံ့ပြန်