ယခုလ ၁၆ ရက်မှ စတင်တာ COVID-19 ပိုးတွေ့လူဦးရေ တရှိန်ထိုးမြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါသည် ဒုတိယလှိုင်း အစတွင်ရောက်ရှိနေပြီး ဒုတိယလှိုင်းကြီး၊ မကြီးဆိုသည့် အခြေအနေကို နောက်ထက် ၂ ပတ်စောင့်ကြည့်ရမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာခင်ခင်ကြီးက “Second wave အစလို့ ပြောလို့ရနေပါပြီ။ ဒုတိယလှိုင်းတွေက ပထမလိုင်းတွေထက် ကြီးတတ်ပါတယ်။ ဒါပေမယ့် အဲဒီလှိုင်းက ဘယ်လောက်အထိ ကြီးမလဲဆိုတဲ့ ကိစ္စရပ်တွေကတော့ ပြည်သူလူထုအပေါ် အဓိက တည်မှီနေပါတယ်။ ကျမတို့က ဒီလိုလုပ်ပါ ဒီလိုနေထိုင်ပါ ရောဂါပိုး မကူးစက်အောင် ဒီလိုဆောင်ရွက်ပါဆိုပေမယ့် ပြည်သူလူထုက တိတိကျကျ တသွေမတိမ်း လိုက်နာမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဆက်လက်ပြီး ဒေါက်တာခင်ခင်ကြီးက “ပြည်သူလူထုရဲ့ အားစိုက်ထုတ်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အထောက်အကူပြု ဝန်ထမ်းတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ နှီးနွယ် ဝန်ကြီးဌာနတွေ အားလုံးပူးပေါင်းပြီးတော့ တက်ညီလက်ညီနဲ့သာ အားကြိုးမာန်တက်သာ ဆောင်ရွက်လိုက်မယ် ဆိုရင် လှိုင်းအကြီးကြီး မဖြစ်ဘဲနဲ့ လှိုင်းပြေလေးမှာတင် သေသွားနိုင်ပါတယ်။ နောက်ထက် ၂ ပတ်လောက်တော့ စောင့်ကြည့်ရဖို့ လိုပါတယ်” ဟုပြောသည်။
သြဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ ၂၆ ရက်နေ့ မနက်အထိ ၁၀ ရက်အတွင်း ၂၀၆ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၁၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၁ ဦး၊ မွန်ပြည်နယ်တွင် ၄ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ ဦး၊ ရှမ်းပြည်နယ်တွင် ၂ ဦး၊ ချင်းပြည်နယ်တွင် ၂ ဦး၊ မကွေးတိုင်း ဒေသကြီးတွင် ၁ ဦးနှင့် နေပြည်တော်တွင် ၁ ဦး တွေ့ရှိထားခြင်းဖြစ်သည်။ (ဩဂုတ် ၂၆ ရက် ည ၈ နာရီသတင်းအရ ပိုးတွေ့လူနာ ရခိုင်ပြည်နယ်တွင် ၅ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁ ဦး ထပ်တိုးသည်။)
ရခိုင်ပြည်နယ်က COVID-19 အတည်ပြုလူနာများတွင် ၇၅ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာတွေမတွေ့ရကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက သိရသည်။
မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁၄၇,၈၂၀ မတ်လ ၂၃ ရက်မှ သြဂုတ်လ ၂၆ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၅၈၀ ဦး ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၆ ဦး ရှိကာ ပိုးတွေ့ပြီး ပြန်လည် သက်သာလာသူ ၃၃၁ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
တနိုင်ငံလုံးရှိ စာသင်ကျောင်းအားလုံး ယာယီပြန်ပိတ်မည်
ရခိုင်ပြည်နယ် ကိုဗစ်ကူးစက်မှု ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ပြော
၂ နှစ်ကြာမှ ကိုဗစ်ကာလ ပြီးဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော