နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား သြဂုတ်လ ၂၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်အတည်ပြုခဲ့ရာ ပြည်သူအချင်းချင်း တရားစွဲ၍ မရတော့ကြောင်း သိရ သည်။
ဥပဒေအား ပြင်ဆင်လိုက်ခြင်းကြောင့် ပြည်သူအချင်းချင်း ဖြစ်စေ သို့မဟုတ် ပြည်သူတဦးတယောက်ကို ဖြစ်စေ ယင်းဥ ပဒေဖြင့် တရားစွဲဆိုနိုင်တော့မည် မဟုတ်ကြောင်း လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ် ဉာဏစိုးက ပြောသည်။
“သာမန်ပြည်သူအချင်းချင်း ဒီဥပဒေကို အသုံးချပြီး တလွဲသုံးလို့ မရတော့ဘူး။ အဲဒါကို ပြင်လိုက်တာ တည့်မတ်ပေးလိုက် တာ”ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ယခင် ဥပဒေစကားရပ်တွင် ဖော်ပြထားသည့် “မည်သူမဆို” ဆိုသည့် စကားရပ်အစား“တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူ မည်သူ မဆို”ဟု အစားထိုးပြင်လိုက်ခြင်းကြောင့် ယခုလို ပြည်သူအချင်းချင်း တရားစွဲ၍ မရတော့ခြင်း ဖြစ်သည်။
ထို့ပြင် တားမြစ်များနှင့်ပတ်သက်၍ “မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုချက်၊ ခွင့်ပြုမိန့် သို့မဟုတ် ဝရမ်း တစုံတရာ မရှိဘဲဖြစ်စေ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ”ဟူသည့် နေရာတွင်“မည် သူမျှ” အစား “တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူမည်သူမဆို”ဟု ပြောင်းလဲပြင်ဆင်ခဲ့သည်။
မူလဥပဒေတွင် ပြစ်ဒဏ်နှင့်ပတ်သက်၍ “မည်သူမဆို ပုဒ်မ ၇ ပါတားမြစ်ချက်များကိုလည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ် ချက်တရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်း ဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်”ဟု ပါရှိသည်။
ယင်းသို့ ပြင်လိုက်သည့်အတွက် ဥပဒေသည် သာမန်ပြည်သူ မဟုတ်သော သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတခုခု၏ တာဝန်ရှိသူများကိုသာ ဆိုလိုကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ရှင်းပြသည်။
၎င်းက“ခြေဆင်းမှာကိုက ပြောင်းပစ်လိုက်တာလေ။ တာဝန်နဲ့လုပ်ပိုင်ခွင့်ရှိသူ မည်သူမျှ ဆိုကတည်းကိုက ပြည်သူ မပါတော့ဘူး။ ပြည်သူက သာမန်နိုင်ငံသားပဲလေ။ တာဝန်လည်း မရှိဘူး။ လုပ်ပိုင်ခွင့်လည်း မရှိဘူး”ဟု ပြောသည်။
ယင်းအဓိပ္ပါယ်မှာ ဥပမာအားဖြင့် ရဲတပ်ဖွဲသို့ ထောက်လှမ်းရေးဆိုင်ရာအဖွဲ့ဝင်တဦးဦးကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့က ပြည်သူများအပေါ် ယင်းဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ပြည်သူများက အမှုဖွင့် တိုင်ကြားနိုင် မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို လက်ရှိအစိုးရ လက်ထက် ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့ခြင်း ဖြစ်သည်။
ပြည်သူများ လွတ်လပ်လုံခြုံစွာနေနိုင်ပြီး ဂုဏ်သိက္ခာမဲ့စေရန် နောက်ယောင်ခံ စောင့်ကြည့်ခြင်းများ မရှိစေရန် ဥပဒေကို ပြဌာန်းပေးခဲ့ခြင်းဖြစ်သော်လည်း နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် တလွဲအသုံးပြုမှုများ ရှိနေသည်ဟု ဆိုကာ ပြင်ဆင်ထား သည့် ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ယခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံ ရေးဆွဲ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုပါက အာမခံမရဘဲ ချက်ချင်းဖမ်းဆီးခံရပြီး စစ်ဆေး၍ ပြစ်မှုမမြောက်ပါက စွဲဆိုခံရသူ များမှာ နစ်နာရကြောင်း၊ ပြည်သူကို ကာကွယ်ရန် ပြဌာန်းသည့် ဥပဒေမှာ တလွဲအသုံးပြုခံရပြီး နစ်နာမှုများ ဖြစ်စေ၍ ပြင် ဆင်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွေးက ပြောသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အသံ အဖွဲ့မှ ဒါရိုက်တာ မောင်ဆောင်းခက ယခုလို ဥပဒေ ပြင်ဆင်လိုက်ခြင်းကြောင့် ယင်းဥပဒေဖြင့် တရားစွဲဆိုသည့် ဖြစ်စဉ်များ လျော့နည်းသွားနိုင်သော်လည်း ပြည်သူများ ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု လုံခြုံမှုအတွက် အားနည်းချက်များ ရှိနေသေးသည်ဟု ဆိုသည်။
ယခင်က နိုင်လွတ်လုံ ဥပဒေဖြင့် အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူက ဝေဖန်ပြောဆို သည့်အခါ တရားစွဲခံရသည့်ဖြစ်စဉ်၊ ပြည်သူအချင်းချင်းကြား စွဲဆိုခံရသည့်ဖြစ်စဉ်များ ရှိနေခဲ့သည်။
ထို့ပြင် ဥပဒေနှင့်အညီ ကြားဖြတ် နားထောင်ခြင်းဆိုသည့် ခေါင်းစဉ်အောက်တွင် အစိုးရ၊ တပ်မတော်တို့က ဥပဒေအရ မည်သို့ ဆောင်ရွက်နိုင်သည်ကို တိတိကျကျပြဌာန်းမထားသလို တဘက်တွင်လည်း လူမှုကွန်ရက် မီဒီယာကို စောင့် ကြည့်သည့် အဖွဲ့ ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က မည်သို့ဆောင်ရွက်နေသည်ကို ပြည်သူလူထုကို ပွင့်လင်း မြင်သာစွာ ချပြထားခြင်း မရှိဘဲ ရှုပ်ထွေးနေဆဲဟု မောင်ဆောင်းခက ပြောသည်။
“ဥပဒေရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ အစိုးရနဲ့ တပ်မတော်ဘက်က ပြည်သူလူထုအပေါ်မှာ Privacy ချိုးဖောက်လာနိုင်တဲ့ အ ပိုင်းတွေကို တိတိကျကျ အကာအကွယ်ပေးထားတဲ့ အခြေအနေတခုအထိ ဥပဒေက မရောက်နေသေးဘူးလို့ မြင်တယ်။ အဲဒီအထိရောက်အောင် ပြင်ဖို့လိုတယ်”ဟု မောင်းဆောင်းခက ပြောသည်။
အသံအဖွဲ့၏ မှတ်တမ်းများအရ လက်ရှိ အစိုးရသက်တမ်းကာလ ၄ နှစ်အတွင်း နိုင်ငံလွတ်လုံဥပဒေဖြင့် တရားစွဲဆိုမှု ၅၄ မှု ရှိပြီး အစိုးရနှင့် နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်ပြောဆိုသဖြင့် စွဲဆိုခံရမှု၊ တပ်မတော်က စွဲဆိုမှု၊ စီးပွားရေးလုပ်ငန်းရှင်များက ဒေသခံများကို စွဲဆိုမှုနှင့် ပြည်သူအချင်းချင်း စွဲဆိုမှုများဖြစ်ကြောင်း သိရသည်။
You may also like these stories:
အစိုးရ၏ လူမှုကွန်ရက် စောင့်ကြည့်ရေးအဖွဲ့ လွှတ်တော်မှာ လာရှင်းဖို့ ကြံ့ခိုင်ရေး ပြော
ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ
ဒုသမ္မတလောင်းအဖြစ် လူဖြူမဟုတ်သော အမျိုးသမီးကို အမေရိကန် ဒီမိုကရက်တစ်ပါတီ ရွေးချယ်