COVID- 19 ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေများကြောင့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များကို ယာဉ် မောင်းလဲလှယ်၍ ဝင်ရောက်ရမည့် စနစ်ဖြင့် စတင်မည် ဖြစ်ကြောင်း COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
ဗဟိုကော်မတီမှ ကျင့်သုံးသည့် စနစ်မှာ တခြားသော တိုင်းနှင့် ပြည်နယ်များမှ လာရောက်မည့် ကုန်စည်တင်ယာဉ်များ အနေဖြင့် ရခိုင်ပြည်နယ် သက်ဆိုင်ရာ မြို့နယ်များ သို့ တိုက်ရိုက် မဝင်ရောက်စေဘဲ သတ်မှတ်ထားသည့် ဆုံရပ် နေရာများ၌ ယာဉ်မောင်းကိုသာ လဲလှယ်စေခြင်း ဖြစ်သည်။
သံတွဲနှင့် ကျောက်ဖြူခရိုင်များ အတွက် ဂွမြို့၊ တောင်ကုတ်မြို့နှင့် စစ်တွေ၊ မြောက်ဦး၊ မောတော ခရိုင်များအတွက် အမ်းမြို့ကို ဆုံရပ်အဖြစ် သတ်မှတ်သွားမည်ဟု ဗဟိုကော်မတီက ဖော်ပြထားသည်။
မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက “တချို့လည်း ယာဉ်မောင်း ချိန်းမယ့် ကိစ္စတွေက မလုပ်ချင်ဘူး။ လက်တွေ့ မဆန်ဘူး။ ကုန်ကားတွေက ပြည်နယ်တခုက တခုကို ဖြတ်ပြီး မောင်းရ မယ်။ ရာသီဥတုလည်း ရှိသေးတော့ တချို့က ကိုယ့်ကားကို တခြားသူ ပေးမောင်းဖို့က အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တချို့ကားပိုင်ရှင်တွေက ခဏစောင့်ကြည့်နေပြီးတော့ ရပ်နားထားတာတွေ ရှိနေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ သွားသည့် ကုန်စည်များမှာ လက်ရှိတွင် ကုန်အထွက် နည်းပါးနေပြီး ကုန်ကားအထွက် တဝက် ခန့် လျှော့ကျနေသည်ဟု ၎င်းက ဆိုသည်။
“တချို့ ကားပိုင်ရှင်တွေကလည်း တရက်နှစ်ရက် စောင့်ကြည့်မယ်ပေါ့။ ဂိတ်တွေကျတော့လည်း ကုန်စည် လက်မခံသေး ဘူး။ ယာဉ်မောင်းလဲလှယ်တဲ့ စနစ်ကတော့ ဒီနေ့က စနေပြီပေါ့” ဟု ဦးကျင်သိန်းက ဆက်ပြောသည်။
ကုန်စည်ပို့ဆောင်သူများ အနေဖြင့် ရခိုင်ပြည်နယ်မှ လာမည့် ယာဉ်မောင်းများအား ကျန်းမာရေး ဆေးစစ်ချက်များ လုပ် ဆောင်ပေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်များရှိ အဝေးပြေးလမ်းမပေါ်တွင် စစ်ဆေးချက်များ လုပ်၍ သွားလာခိုင်းခြင်းတို့ကို လုပ်ဆောင်ပါက ကုန်စည်ပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန်လာမည်ဟု ထောက်ပြသည်။
ကုန်ကားများကို ယာဉ်မောင်းလဲလှယ်သည့်စနစ်ဖြင့် ဆောင်ရွက်ရမည်ဆိုပါက ကုန်စည် ဝန်ဆောင်ခ နှုန်းထားများမှာ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်အပြင် ယာဉ်မောင်းခ တယောက်စာ ပိုပေးရမည့် စရိတ်များကြောင့် ယခင်ထက် အနည်းငယ် မြင့်တက်နိုင်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံက သိရသည်။
ထို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် ညိုနှိုင်း ဆောင်ရွက်သွားရန် မြန်မာနိုင်ငံ အဝေးပြေးကုန်စည် သယ်ယူပို့ဆောင်ရေး အသင်းက ဝန်ကြီးချုပ်ထံ တင်ပြထားသည်။
ရခိုင်ပြည်သား ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ဒေါ်ရီရီမာက “မြေပြင်မှာ လောလောဆယ် ကုန်စည်ပို့ဆောင်ရေးက အဆင်မပြေသေးဘူး။ အရင်နေ့က ရောက်တဲ့ ကားတွေကို လွှတ်ပေးလိုက်တဲ့အတွက် ဝင်သွားတဲ့ ကားတွေတော့ ရှိတယ်။ ဒါပေမယ့် ဒီနေ့ဆိုရင် ကားချင်း ချိန်းရင် ဒီဘက်က လည်း ကားတစီး အပိုရှိမှ ဖြစ်မယ်။ ဂွကို သွားပြီးရင် အဲဒီကားသမား ပြန်လာဖို့ ဘယ်လို ထောက်ခံပေးမလဲ စတဲ့ အခက်အခဲက ရှိတယ်” ဟု လက်ရှိ အခြေအနေကို ဧရာဝတီ သို့ ပြောပြသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ကုန်စည် စီးဆင်းမှုမှာ နှောင့်နှေးနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက ကုန်သည်အများစုက လည်း ကုန်ပစ္စည်းများကို လိုချင်သည့် အခြေအနေတွင်ရှိနေသည်ဟု ၎င်းက ဆိုသည်။
“ကားထွက်မလားလို့ မေးတော့လည်း ကျမတို့က ဘာပြောရမယ်မှန်းမသိဘူး” ဟု ဒေါ်ရီရီမာက ပြောဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ကုန်စည်သယ်ယူ ပို့ဆောင်ရေး နှောင့်နှေးကြန့်ကြာမှုများကြောင့် ဆေးဝါးနှင့် မီးဖိုချောင်သုံး စား သောက်ကုန် ပစ္စည်းများမှာ လျှော့နည်း လာနေပြီး ယခုထက် ကုန်စည်စီးဆင်းမှု ပိုကြာလျှင် အစားသောက်ကုန်နှင့် ဆေးဝါးများ ရက်ပိုင်းအတွင်း ပြတ်လပ်မည့် အခြေအနေရှိနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ဧရာဝတီသို့ ပြောသည်။
“စားသောက်ကုန် အနေနဲ့ လက်ကျန်တွေ လျှော့နည်းလာပြီလို့ ကြားနေရပါတယ်။ ဈေးတွေကတော့ အများကြီး အပြောင်း အလဲတော့ မဖြစ်သေးပေမယ့် နည်းနည်းလေးတော့ တက်တော့ တက်လာပြီ။ ကြက်သွန်တို့ ဘာတို့ဆိုရင် ၁ ပိဿာ ကို ၂၀၀ နဲ့ ၃၀၀ လောက် တက်လာပြီ ကြားရတယ်”ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ဦးတင်အောင်ဦးက “ဆိုင်တွေက ပိတ်ထားတဲ့အတွက် နည်းနည်းလေး ခံသာနေတာ။ ဒီထက် ရက်ရှည်လာ ရင်တော့ ဆေးပစ္စည်းတွေကလည်း လက်ကျန်နဲ့ ထိန်းပြီး ဖြန့်ရမှာဆိုတော့ အခက်အခဲရှိတယ်။ စားသောက်ကုန်လည်း အတူတူပဲ။ ဒါကြောင့် ကုန်စည်စီးဆင်းမှု ဘယ်လိုပြန်ဖွင့်မလဲ ဆိုတာက မူတည်နေတယ်”ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်သို့ မကွေးတိုင်းကို ဖြတ်၍ ဝင်ရောက်သော အမ်း-မင်းဘူး လမ်းကြောင်း၊ ပဲခူးတိုင်း ပြည်ခရိုင်ရှိ ပန်းတောင်- တောင်ကုတ်လမ်းနှင့် ရခိုင်ပြည်နယ် ဂွမြို့မှ ဧရာဝတီတိုင်း ငါးသိုင်းချောင်းသို့ လာရောက်လမ်းကြောင်း ရှိပြီး ထိုလမ်း ကြောင်း သုံးခုမှ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ ဝင်ရောက်ကြောင်း သိရသည်။
ဆေးဝါးပစ္စည်း ၉၅ ရာခိုင်နှုန်းမှာ ကားဖြင့်သာ ဝင်ရောက်မှုများပြီး လက်ရှိတွင် လှူသည့် ပစ္စည်းများ စစ်တွေမြို့သို့ ရောက် ရန်ပင် ခက်ခဲနေသည့် အခြေအနေတွင် ရှိကြောင်း ကုန်သည်များက ပြောသည်။
ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ကြီးက “အခုက ကိုဗစ် ကြောင့် ကုန်စည်စီးဆင်းမှုက ရပ်သွားတယ်။ နှေးသွားတယ်။ အဲဒီတော့ ပြည်မဘက်က ဖြတ်လာတဲ့ ကားတွေက အတား အဆီးတွေရှိတော့ ကုန်စည် ပြတ်လပ်သွားတယ်။ ဒါကြောင့် ဈေးတက်သွားတဲ့ အနေအထားရှိတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
ကိုဗစ်ကပ်ရောဂါသည် ကူးစက်မှုနှုန်း မြင့်မားနေသောကြောင့် တိုင်းနှင့် ပြည်နယ်အလိုက် ကာကွယ် ထိန်းချုပ်မှုများ ပြုလုပ် ကြသည်မှာ မှန်သော်လည်း လူတိုင်းအတွက် လိုအပ်နေသော နေ့စဉ် ကုန်စည်စီးဆင်းမှုများ မပြတ်တောက်စေရေး သက်ဆိုင်ရာအစိုးရအဖွဲ့များက လုပ်ဆောင်ပေးသင့်ကြောင်း ကုန်သည်လုပ်ငန်းရှင်များက ပြောဆိုကြသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပြီး ဩဂုတ်လ ၁၆ ရက်မှ၂၇ ရက် နံနက် ၈ နာရီ အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရ စစ်တွေမြို့တွင် နေထိုင်သူများနှင့် စစ်တွေ မြို့ နယ်သို့ /မှ ခရီးသွားလာသူများတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိသူ ၁၉၀ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ် ဒုတိယလှိုင်းအောက်က ရခိုင်ပြည်
ရခိုင်ပြည်နယ်မှ ယာဉ်များ အထောက်အထား မပြည့်စုံက ဧရာဝတီတိုင်းသို့ ဝင်ခွင့်မပေး