ပြည်ပနိုင်ငံများမှ ကော့သောင်းမြို့နယ်အတွင်းသို့ တရားမဝင် ဝင်လာပါက ဝင်ရောက်လာသူ၊ သယ်ဆောင်လာသူ၊ လက်ခံ ထားသူများကိုပါ ဥပဒေ ၂ ရပ်ဖြင့် အရေးယူမည်ဟု တနင်္သာရီတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန ဝန်ကြီး ဦးကျော်မင်းက ဧရာဝတီသို့ ပြောသည်။
ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသူများကို ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေအပြင် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့်ပါ အရေးယူသွားမည် ဟု တိုင်းအစိုးရက သြဂုတ်လ ၁၄ ရက်က ညွှန်ကြားချက် ထုတ်ပြန် ထားသည်။
အဆိုပါ ညွှန်ကြားချက်တွင် ပြည်ပမှ ပြန်လာသူများသည် ကော့သောင်းမြို့နယ် အတွင်းရှိ တရားဝင် ဖွင့်လှစ်ထားသည့် ဂိတ် ၄ ခုမှ ဝင်ရောက်ကြရန်၊ အကယ်၍ တရားဝင် မဝင်ဘဲ ခိုးဝင်လာမည်ဆိုပါက သယ်ဆောင်လာသူ၊ ခိုးဝင်လာသူနှင့် လက်ခံထားသူများကို အရေးယူသွားမည်ဟု ဆိုထားသည်။
လက်ရှိတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်သို့ ထိုင်း၊ မလေးရှားနိုင်ငံတို့မှ ယခုလအတွင်း ခိုးဝင်လာသူ ၇၀ ဦးကို ဖမ်းဆီးရမိထားကြောင်းလည်း တိုင်းအစိုးရထံက သိရသည်။
ဝန်ကြီး ဦးကျော်မင်းက “ကျနော် သိထားတာကတော့ အယောက် ၇၀ ရှိတယ်။ အဲဒီ အယောက် ၇၀ ကိုတော့ စိစစ်ခိုင်းထား ပါတယ်။ သြဂုတ် ၁၄ ရက် မတိုင်ခင်က ခိုးဝင်လာတဲ့သူတွေကိုတော့ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေနဲ့ သွားမယ်။ ၁၄ ရက် နောက်ပိုင်း တရားဝင် ထုတ်ပြန်ပြီးတဲ့အခါမှာတော့ ဥပဒေ ၂ ရပ်နဲ့ ပေါင်းပြီး အရေးယူသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကပ်ရောဂါကာလအတွင်း လုပ်ငန်းများ ရပ်ဆိုင်းသွားသည့်အတွက် စားဝတ်နေရေး ခက်ခဲလာခြင်းကြောင့် ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများ အပြင် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများကလည်း ထိုင်းနိုင်ငံ နယ်စပ်မှတဆင့် ကော့သောင်းသို့ တရားမဝင် ပြန်ရောက်လာကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံမှ ပြန်လာမည်ဆိုပါက ကော့သောင်း နယ်စပ်အထိ တဦးလျှင် ဘတ်ငွေ ၂၀၀၀ မှ ၂၅၀၀ အထိ ပေးရသလို မလေးရှားနိုင်ငံ ပြန်လာလိုသူများသည်လည်း မလေးမှထိုင်းကို ဖြတ်ကာ ကော့သောင်း နယ်စပ်အရောက် တဦးလျှင် မလေးရှား ရင်းဂစ်၂၀၀၀ မှ၂၅၀၀ အထိ ပို့ဆောင်ပေးသော ပွဲစားအား ပေးရသည်ဟု သိရသည်။
အဆိုပါ ခိုးဝင်လာသူများသည် ကုန်လမ်း၊ ရေကြောင်းလမ်းစသည့် တရားမဝင် လမ်းကြောင်းများမှ အနီးဆုံး နယ် စပ်ဖြစ်သည့် ကော့သောင်းမြို့ကို ရောက်ရှိလာခြင်း ဖြစ်သည်။
တနင်္သာရီတိုင်း အစိုးရက ခိုးဝင်လာသူများကို ဖမ်းဆီးရမိပါက Quarantine စင်တာတွင် ၂၁ ရက်ထားမည် ဖြစ်သလို ရက်ပြည့်ပါက Swab (နှာခေါင်းတို့ဖတ်) ယူကာ ရောဂါပိုး စစ်ဆေးပြီးမှ တရားစွဲဆို အရေးယူမည်ဟု သိရသည်။
ကော့သောင်းမြို့ အခြေစိုက် FED MEC ကော့သောင်းရုံး တာဝန်ခံ ကိုမိုးဝေက “သူတို့က ပြန်မယ်ဆိုပြီး ဆင်းလာတဲ့ အချိန်မှာ ဒီဘက်မှာလည်း Quarantine စင်တာတွေက ပြည့်နေတော့ လက်ခံလို့ မရဘူး။ အဲဒီတော့ သူတို့က ပွဲစားနဲ့ ချိတ်ပြီးတော့ တရားမဝင် လမ်းကြောင်းက ဝင်လာကြတာ ဖြစ်တယ်” ဟု ပြောသည်။
ထို့ပြင် ကော့သောင်းမြို့သို့ ခိုးဝင်လာသူများထဲတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ ပါဝင်လာမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဒေသခံများလည်းက ပြောဆိုကြသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာ နေသူများမှတဆင့် ကူးစက်နိုင်သဖြင့် ယခုကဲ့သို့ ညွှန်ကြားချက်များ ထုတ်ကာ တားမြစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ခိုးဝင်လာသူများကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေအရ ၃ လ (သို့မဟုတ်) ၃ နှစ်အထိ အရေးယူနိုင်ပြီး ကူးစက် ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ ကူးစက်မြန်ရောဂါ (သို့) တိုင်ကြားရမည့် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး နီးစပ်ရာ ကျန်းမာရေး ဌာန (သို့) ဆေးရုံတို့ကို အသိပေး တိုင်ကြားရန် ပျက်ကွက်ပါက ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသည့် ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါကြောင်း ပြဋ္ဌာန်းထားသည်။
You may also like these stories:
ကိုဗစ် ဒုတိယလှိုင်းအစမှာ ရောက်နေပြီလို့ ဒေါက်တာခင်ခင်ကြီးပြော