မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှ ဝင်ရောက် အရွေးခံမည့် NLD ပါတီ ကိုယ်စား လှယ်လောင်း ဒေါ်ဝင်းမြမြ နေရာ၌ ဒေသခံ ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ်လောင်းတဦးဖြင့် အစားထိုးပေးရန် စဉ့်ကိုင် မြို့နယ်ဒေသခံ အချို့နှင့် သံဃာတော်များက တောင်းဆိုထားကြောင်း သတင်း ရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြသည် အစ္စလာမ်ဘာသာဝင်တဦး ဖြစ်နေခြင်း၊ စဉ့်ကိုင်ဒေသခံတဦး မဟုတ်ခြင်းနှင့် ဘွဲ့ရပညာတတ် မဟုတ်ခြင်း ဆိုသည့်အချက် အဓိက ၃ ချက်ကြောင့် ဒေသအတွက် သင့်တော်မည့် ကိုယ်စားလှယ်လောင်းအား အစားထိုး ပြန်လည် ရွေးချယ်ပေးရန် သြဂုတ် ၂၅ ရက် ရက်စွဲဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ စာပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ “ပါတီ မူဝါဒအရ သေချာရွေးတာပါ။ ကန့်ကွက်နေတဲ့ သူတွေကိုလည်း သေချာသိစေချင် ပါ တယ်။ ကျနော်တို့ နိုင်ငံမှာ ဗုဒ္ဓဘာသာသာမက တခြားဘာသာတွေကိုလည်း ကိုးကွယ်ခွင့်ပေးထားသလို ကိုယ်စားလှယ် လောင်းတွေ ရွေးချယ်တဲ့ အခါမှာလည်း ရွေးကောက်ပွဲရဲ့ ချမှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ လည်း ပြည့်စုံတယ်။ ကျနော်တို့မူနဲ့လည်း ကိုက်ညီလို့ ရွေးချယ်ခြင်းသာဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒုဥက္ကဋ္ဌ (၂) လည်း ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ပါတီအနေဖြင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်သည့် အခါ ပါတီမူဝါဒ လုပ်ငန်းစဉ်များအား ဆောင်ရွက် နိုင်သူ၊ အဖွဲ့ချုပ်အဖွဲ့ဝင် ဖြစ်ရမည်ဆိုသည့် မူနှစ်ချက်ဖြင့် အဓိက ရွေးချယ်ခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းဒေါ်ဝင်းမြမြ ကိုလည်း ထိုသို့ ရွေးချယ်ခဲ့ခြင်းသာဖြစ်ကြောင်း ယနေ့ မန္တလေးတိုင်းလွှတ်တော်အပြီးတွင် မီဒီယာများအား ၎င်းက ပြောကြား ခဲ့သည်။
ကာယကံရှင်ဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဝင်းမြမြကလည်း “ဒီလို ကန့်ကွက်တယ်ဆိုတဲ့ကိစ္စမှာ ဒေါ်ဒေါ်က သဘောထားပေးစရာ အကြောင်းမရှိပါဘူး။ ဒါက နိုင်ငံရေးလုပ်နေတာပဲလေ။ ကိုယ့်အလုပ် ကိုယ်လုပ်နေရမှာပါပဲ။” ဟု ဧရာဝတီကို ပြောသည်။
ဒေါ်ဝင်းမြမြသည် NLD ပါတီ စတင် တည်ထောင်ကတည်းက ပါဝင်လာသည့် အမာခံ ပါတီဝင်တဦး ဖြစ်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည့်၂၀၀၃ ဒီပဲယင်းအရေးခင်း၌ ရိုက်နှက် ဖမ်းဆီးခံခဲ့ရသူများ အနက် တဦး အပါအဝင်လည်း ဖြစ်သည်။
အမည်မဖော်လိုသူ စဉ့်ကိုင်ဒေသခံတစ်ဦးက “NLD က မွတ်စလင် ကိုယ်စားလှယ်လောင်း က ဒီမှာဝင် အရွေးခံမယ် ဆိုတဲ့ အချက်အပေါ် အခြားပါတီတွေက မဲဆွယ်နေကြတာတွေရှိတယ်။ နိုင်ငံရေးကို လက်လှမ်းမီတဲ့မြို့မှာ နေတဲ့သူတွေ အကြောင်းမဟုတ်ပေမယ့် ရွာတွေဘက်ကျ ဒီလိုမျိုးတွေ သိပ်မစဉ်းစားကြသလို သံဃာတော်တွေနဲ့ နီးစပ်ကြတာ များ တယ်လေ။ ကျနော်အမြင်ကတော့ ကိုယ်မဲထည့်မယ့်သူက ကိုယ့်ဒေသခံ၊ ဗုဒ္ဓဘာသာဝင် ဖြစ်စေချင်တယ်။ အဲဒီမဟုတ်ရင် စကားနားယောင်ပြီး ရွေးစရာမရှိလို့ တဖက်ကို ရွေးလိုက်ရတဲ့ ပုံစံဖြစ်သွားမှာတော့ စိုးတယ်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီဝင် အစ္စလာမ် ဘာသာဝင်များအား ဝင်ရောက် ယှဉ်ပြိုင်ရန် ထည့်သွင်းရွေးချယ် ခြင်း မရှိသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင်မူ အစ္စလာမ်ဘာသာဝင်၂ ဦးဖြစ်သည့် ဒေါဝင်းမြမြနှင့် ဦးစည်သူမောင်တို့ကို မန္တလေးတိုင်း စဉ့်ကိုင် မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နှင့် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ် အတွက် ထည့်သွင်းရွေး ချယ်ထားသည်။
လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ကိုယ်စားလှယ်လောင်း ၁၁၃၄ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
You may also like these stories:
ဗမာလူမျိုး တယောက်အနေနဲ့ပဲ နိုင်ငံရေးကို လုပ်တယ်
၂၀၂၀ ရွေးကောက်ပွဲနဲ့ အစ္စလာမ်ဘာသာဝင်များ
ရခိုင်တွင် မွတ်စလင် ၅ ဦး ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခံရ
ဝါဒနဲ့ ဝါဒီကို ခွဲခြားမြင်နိုင်ရင် ကောင်းတယ်