ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခြင်း မရှိ၊ ပြည်ပသို့ ခရီးသွားရာဇဝင် မရှိသော CB ဘဏ်ဝန်ထမ်း အမျိုးသမီး (Case – 375) ထံတွင် COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်း သြဂုတ် ၂၇ ရက်နေ့ အထိ စာရင်းများအရ ခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၁ ခု အထိ ပိုး ကူးစက်ပျံ့နှံ့လာရာ ကူးစက်ခံရသူပေါင်း ၁၉၀ ဦး အထိ ရှိလာသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်အတွင်း ၁၈၄ ဦးနှင့် စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိပြီး ရခိုင် ပြည်နယ်ပြင်ပ ရန်ကုန်တွင် ၅ ဦးနှင့် မော်လမြိုင်မြို့တွင် ၁ ဦး တို့ဖြစ်သည်။
ယင်းကူးစက်မှုများတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် INGO ဝန်ထမ်းအချို့လည်း ပါဝင်ပြီး ရောဂါပိုးကူးစက်မှု နောက်ကြောင်းရာဇဝင် မဖော်ထုတ်နိုင်သေးသည့် သူများလည်း ရှိနေသေးသည်။
စစ်တွေမြို့တွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါပိုးသည် ကူးစက်မှု မြန်ဆန်လျှက်ရှိပြီး တိကျသည့် သုတေသန ရလဒ်များ မထွက်ရှိသေးသော်လည်း လက်ရှိကူးစက်မှုနှုန်းအရ ကူးစက်မှုမြန်ဆန်သည့် သန္ဓေပြောင်း မျိုးဗီဇဖြစ် နိုင်ကြောင်း ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က သုံးသပ်ပြောကြားသည်။
ကူးစက်မှုမြန်ဆန်သည့် အခြေအနေကြောင့် ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်းအစတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဗဟို ကူးစက်တိုက်ဖျက်ရေးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကလည်း သတိပေးထားပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စည်းကမ်းချက်များအား တိကျစွာလိုက်နာကြရန် တိုက်တွန်းခဲ့သည်။
ဒေါက်တာ ခင်ခင်ကြီးက “ဗီဇပြောင်းမျိုးဟာ ဥရောပနဲ့ အမေရိကားမှာဆိုရင် ဖေဖော်ဝါရီလ ၂၂ လောက်ကစပြီး တွေ့ရ တယ် ဆိုတယ်။ ဖြစ်ပွားမှုတွေဟာ များပြားစွာ တွေ့ရှိရတယ်။ သေဆုံးမှုတွေက မများဘူးဆိုတာ တွေ့ရှိရတယ်၊ ဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘောသဘာဝအရဆိုရင် ရောဂါရဲ့ ပြင်းထန်နိုင်မှုကတော့ လျော့ သွားနိုင်တယ်လို့ ခန့်မှန်းချက်ရပါတယ်” ဟု ပြောသည်။
စစ်တွေတွင် ဖြစ်ပွားနေသည့် ရောဂါပိုးသည် ကူးစက်မှုမြန်ဆန်နေသော်လည်း လတ်တလော ကူးစက်ခံရသူများ အနေဖြင့် ပြင်းထန်သည့် ဝေဒနာခံစားရခြင်းမျိုး မတွေ့ရှိရသေးသည့်အပြင် ရောဂါလက္ခဏာပင် ပြသခြင်းမရှိသူ မှာ ၇၅ ရာခိုင်နှုန်းခန့် ရှိနေကြောင်းလည်း ကျန်းမာရေးတာဝန်ရှိသူများက ဆိုထားသည်။
လက်ရှိတွင် ပြည်တွင်းကူးစက်မှုအပြင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများထံမှလည်း ရောဂါပိုး တွေ့ရှိမှုများ ရှိနေဆဲဖြစ်ပြီး ရန်ကုန်မြို့ရှိ ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် ရောက်ရှိနေသူများအား စတင် ရောက်ရှိချိန်မှ တပတ်အတွင်း တကြိမ်နှင့် ကန့်သတ်ရက်ပြည့်ကာနီး တကြိမ်၊ ၂ ကြိမ်နမူနာယူကာ စစ်ဆေးပေးကြောင်း ဆေးသုတေသနဦးစီးဌာနက သိရသည်။
ယင်းသို့ နှစ်ကြိမ် နမူနာယူ စစ်ဆေးရာတွင် ပထမအကြိမ်တွင် ပိုးမတွေ့ရှိဘဲ ဒုတိယအကြိမ်စစ်ဆေးမှသာ ပိုးတွေ့ရှိ မှုသည် ၁၅.၈ ရာခိုင်နှုန်းအထိ ရှိနေသည့်အတွက် တကြိမ်းတည်းစစ်ရုံနှင့် ပိုးရှိ၊ မရှိ အပြည့်အဝ မပြောနိုင်သည့် အခြေအနေဖြစ်ကြောင်း သုတေသနတွေ့ရှိချက်ကို ကိုးကားပြီး တာဝန်ရှိသူများက ပြောသည်။
လတ်တလောကူးစက်မှုများကြောင့် ရခိုင်ပြည်နယ်တခုလုံးအား Semi-Lockdown အနေဖြင့် Stay at Home အစီအစဉ် သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်သို့ ဝင်/ထွက်မှုများအား စိစစ်လျှက်ရှိသည်။
စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိပြီး ပိုးတွေ့ရှိခဲ့သည့် ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့မှ လူနာများနှင့် ထိတွေ့၊ ဆက်စပ်သူ များအား ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်လျှက်ရှိပြီး ပြီးခဲ့သည့် ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ခရီးသွား ထားသူများအား ကျန်းမာရေးနှင့် အုပ်ချုပ်ရေးဌာနများသို့ အကြောင်းကြားရန် ကြေညာ ထားသည်။
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါပိုးစတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ ရက်နေ့မှ ဩဂုတ် ၂၇ ရက်နေ့မနက်ပိုင်းအထိ ရောဂါပိုးရှိသူ ၅၈၆ ဦးရှိပြီး၊ ၃၄၅ ဦးပြန်လည် သက်သာကောင်းမွန်ခဲ့ပြီဖြစ်ကာ ၆ ဦးသေဆုံးထားသည်။
You may also like these stories:
ရခိုင်ဝင်မည့် ကုန်ကားများ ယာဉ်မောင်း လဲလှယ်စနစ်ဖြင့် ဆောင်ရွက်မည်
ကိုဗစ် ဒုတိယလှိုင်းအောက်က ရခိုင်ပြည်
ကိုဗစ် ဒုတိယလှိုင်းအစမှာ ရောက်နေပြီလို့ ဒေါက်တာခင်ခင်ကြီးပြော