ကြံ့ခိုင်ရေးပါတီက တင်သွင်းသည့် ကိုဗစ်ကာလအတွင်း အသေးစားချေးငွေလုပ်ငန်းများက အတိုးနှုန်းလျော့ပေးခြင်း၊ ပြန် ဆပ်ကာလ ဆိုင်းငံ့ပေးခြင်းတို့ ပြုလုပ်ပေးရန်အတွက် ဝန်ကြီးဌာနများက ညှိနှိုင်းပေးရန် အဆိုတခုကို မနေ့က ကျင်းပ သည့် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ နည်းသဖြင့် အဆိုမအောင်မြင်ဘဲ မှတ်တမ်းအဖြစ်သာ ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုင်ငံအဝန်းတွင် အသေးစားချေးငွေဖြင့် စီးပွားရေး လုပ်ကိုင်နေသူပြည်သူများသည် ကိုဗစ်ကာလ သက်ရောက်မှုကြောင့် စီးပွားရေး အဆင်မပြေ၍ အကြွေး ပြန်မဆပ်နိုင်ဘဲ ဒုက္ခရောက်နေရကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့ကြောင့် အသေးစားချေးငွေလုပ်ငန်းများထံ ငွေချေးသူပြည်သူများက ပြန်ဆပ်ရမည့် ချေးငွေများကို ကိုဗစ် ရောဂါ ရင် ဆိုင်နေရသည့် ကာလတခုအထိ ဆိုင်းငံ့ထားရန်၊ ကိုဗစ်ပြန်လည်ထူထောင်ရေးကာလအတွင်း အတိုးနှုန်း ကင်းလွတ် စေခြင်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထိ လျော့ချပေးရန် တာဝန်ရှိသူများက ညှိနှိုင်းပေးစေလိုကြောင်း ၎င်းက တင်ပြ ခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်က တာဝန်ရှိသူများအနေဖြင့် အခုလို ပြည်သူတွေဒုက္ခရောက်နေချိန်မှာ အသေးစားချေးငွေ လုပ်ငန်းရှင်များပါ အစိုးရနဲ့အတူ ပါဝင်ကူညီလာနိုင်ရန်အတွက် ညှိနှိုင်းပေးရန်သာ ဖြစ်ပါတယ်။ နိုင်ငံတော်က တပြားတချပ်မှ စိုက် ထုတ်ပေးရန် လုံးဝ မပါပါဘူး”ဟု ဒေါက်တာမောင်သင်းက လွှတ်တော်တွင် ပြောသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲထွန်းနိုင်ကလည်း ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်များကို အစိုးရက ချေးငွေပေးခြင်း၊ ဖြေလျှော့မှုများဆောင်ရွက်ပေးခြင်း စသည့် ဆောင်ရွက်ချက်များသည် အမှန် တကယ်ထိရောက်မှု ရှိ၊ မရှိ ဆန်းစစ်ရန်လိုအပ်ကြောင်း ပြောသည်။
အစိုးရက ချေးငွေထုတ်ပေးနေသော်လည်း စည်းကမ်းကန့်သတ်ချက်များနေ၍ အချိန်စောင့်ဆိုင်းရခြင်း၊ ချေးငွေရရှိသင့်သူ မရရှိခြင်း၊ ချေးငွေလျော့နည်းရရှိခြင်းများရှိနေကြောင်းလည်း ၎င်းက ပြောသည်။
အခြား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းထွန်းကလည်း ကိုဗစ် – 19 ကြောင့် အကျပ်အတည်း ဖြစ် နေ၍ အသေးစား၊ အလတ်စားလုပ်ငန်းများ ရပ်တည်နိုင်ရန် ရေရှည်အစီအမံများကိုပါ ထည့်သွင်းစဉ်းစားပေးရန်၊ ချေးငွေ သက်တမ်းကို လုပ်ငန်း အလိုက် တိုးမြှင့်ပေးရန်နှင့် အတိုးနှုန်းလျှော့ချပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့်ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း လွှတ်တော်သို့ ပြန်လည်ရှင်းလင်းရာတွင် အသေးစားချေးငွေများနှင့် ပတ်သက်၍ ကိုဗစ်ကာလတွင် အတင်းအကျပ် ကောက်ခံခြင်း မပြုရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြောသည်။
ကိုဗစ် အကျိုးဆက်ကြောင့် စီးပွားရေး လုပ်ငန်းများ ကျဆင်းနိုင်သည့် ကာလအတွင်း အသင်းဝင်များထံမှ ချေးငွေအတိုး များ အတင်းအကျပ် ပြန်လည် ကောက်ခံခြင်း မပြုဘဲ အသင်းဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လုပ်ဆောင်နေပြီ ဖြစ်၍ အဆိုအား အတည်မပြုဘဲ မှတ်တမ်းတင်ထားရန် ဒုဝန်ကြီးက တင်ပြခဲ့သည်။
ထိုကြောင့် ယင်းအဆိုနှင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ၁၂၅ ဦးရှိပြီး ကန့်ကွက်ဆန္ဒပြုသူ ၂၂၀ ဦးဖြစ်သည့်အတွက် အဆိုအတည်မဖြစ်ဘဲ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အတိုးနှုန်းလျှော့ခြင်း၊ ပြန်ဆပ်ကာလရွေ့ဆိုင်းပေးခြင်းတို့ကြောင့် အသေးစားငွေချေးလုပ်ငန်းများအတွက် လည်ပတ် မတည်ငွေရင်းလုံလောက်မှု လျော့နည်းသည့်အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရက CERP အစီအမံဖြင့် ကာလတို ၃ နှစ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ ထုတ်ချေးပေးခဲ့ကြောင်းလည်း သိရသည်။
နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေတကျဆိုင်ဖွင့်ထားပြီး ကိုဗစ်ကြောင့် ထိခိုက်ခဲ့သော လဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား အသေးစားငွေချေးလုပ်ငန်းများ အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ချေးပေးရန် တာဝန်ပေးထားသည်ဟုလည်း ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
၂၀၁၁ ခုနှစ်တွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပြဌာန်းပြီးနောက် ၂၀၁၂ခုနှစ်မှ စတင်၍ လုပ်ကိုင်ခွင့် လိုင်စင် များ ခွင့်ပြုခဲ့ရာ၂၀၂၀ ပြည့်နှစ် မေလအထိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း ၁၉၃ ဖွဲ့ရှိပြီး INGO ၃ဖွဲ့၊ NGO ၁၂ ဖွဲ့၊ ပြည်ပအဖွဲ့အစည်း ၅၄ ဖွဲ့၊ ပြည်တွင်းအဖွဲ့အစည်း ၁၁၆ ဖွဲ့၊ အစုစပ် ကုမ္ပဏီ ၈ ဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
အသင်းဝင်ဦးရေ ၅ ဒသမ ၇ သန်း၊ ထုတ်ချေးငွေလက်ကျန်ငွေ ကျပ် ၂၂၁၇ ဒသမ ၂၇၂ ဘီလီယံ၊ စုဆောင်းငွေ ၂၉၉ ဒသ မ ၄၄၆ ဘီလီယံ၊ လုပ်ငန်းလည်ပတ်မတည်ငွေ ၆၇၆ ဒသမ ၇၅၉ ဘီလီယံဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
You may also like these stories:
Air KBZ နှင့် MAI အနေဖြင့် ကိုဗစ် ကာကွယ်ရေး ရာနှုန်းပြည့် ဆောင်ရွက်ထားဟု ဆို
စဉ့်ကိုင်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းကို ဒေသခံတချို့ကန့်ကွက်
ရခိုင်ဝင်မည့် ကုန်ကားများ ယာဉ်မောင်း လဲလှယ်စနစ်ဖြင့် ဆောင်ရွက်မည်