တရုတ်နိုင်ငံသားများ နိုင်ငံဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ ပြစ်မှုကျူးလွန်နေမှုများကို ခွင့်မပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ်လ ၂၅ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
တရုတ်နိုင်ငံ အရင်းအနှီးများဖြင့် ဒေသခံ လောင်းကစားရုံအား ရင်းနှီးမြှုပ်နှံမှု ခွင့်မပြု ဟုလည်း တရုတ်သံရုံးက ဆိုသည်။
တရုတ်နိုင်ငံသားများ ဒေသခံ လောင်းကစားရုံ လည်ပတ်မှုတွင် ပါဝင်ခြင်းနှင့် ဒေသခံ လောင်းကစားရုံများတွင် တရုတ် နိုင်ငံသားများအားလောင်းကစား လုပ်ရန် ခေါ်ဆောင်ခြင်းကို ခွင့်မပြုဟုလည်း သံရုံး၏ ကြေညာချက်တွင် အတိအလင်း ရေးသားထားသည်။
တရားမဝင် လောင်းကစားမှုများ၊ တယ်လီဖုန်းဖြင့် လိမ်ညာနေမှု စသည့် နိုင်ငံဖြတ်ကျော် တရားဥပဒေ ချိုးဖောက်မှုများ တိုက်ဖျက်ရေးကို တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ ပူးပေါင်းကာ လုပ်ဆောင်လျက် ရှိပြီး နှစ်နိုင်ငံ လူမှုအဖွဲ့အစည်း လုံခြုံ ရေးနှင့် ပြည်သူများ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်နေသည် ဟု သံရုံးက ဆိုထားသည်။
ယင်းသို့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်ထားသော်လည်း ကိုဗစ်ကာလ နယ်စပ်ဂိတ်များ ပိတ်ထားစဉ်မှာပင် လောင်းကစား လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းထွက်နေသော ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းသို့ ဦးတည်ကာ တရုတ်နိုင်ငံသားများ တရားမဝင် လာရောက်နေသည် လည်း ရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်ကပင် ဘားအံမြို့ရှိ ဘားအံ- ဇာသပြင် လမ်းဆုံ၌ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းသို့ ဦးတည် လာသည့် တရုတ်နိုင်ငံသား ၁၉ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းမိထားသည်။
ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဝင်းကိုခိုင်က
“ဖမ်းမိတာက ကျနော်တို့ ဒီက ဖမ်းမိတာပါ။ ဒါက ထုံးစံ အတိုင်း တရားမဝင် လာတဲ့သူတွေကို ဖမ်းရမှာပေါ့။ လောင်းကစား တိုက်ဖျက်တာကတော့ အားလုံး ပူးပေါင်းဆောင် ရွက်ရမှာပဲ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “သံရုံးက လောင်းကစားကိစ္စ လက်မခံဘူး ပြောတာ ကောင်းပါတယ်။ ကျနော်တို့လည်း လက်မခံပါ ဘူး” ဟု မှတ်ချက်ပေးသည်။
နိုင်ငံရေး လေ့လာ သုံးသပ်သည့် ဦးသန်းစိုးနိုင်ကမူ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းသည် တရုတ်အစိုးရ၏ OBOR စီမံကိန်းနှင့် မပတ်သက်ဟု ဆိုထားပြီး လောင်းကစားကိစ္စများကို ခွင့်မပြု ဟုလည်း ဆိုထားရာ အဆိုပါကိစ္စ ၂ ခုသည် ဆက်စပ်မှု ရှိနေနိုင်ကြောင်းဆိုသည်။
“နယ်စပ်ဒေသမှာ တရားဥပဒေ စိုးမိုးရေးကို ကျောခိုင်းပြီး ထင်ရာလုပ်နေတဲ့ အင်အားစုတွေက ရှိနေကြတာကိုး။ သူ့ဘက် ကလည်း ရှိတယ်။ ကိုယ့်ဘက်ကလည်း ရှိနေတာကိုး။ ဒါကို တရုတ်ပြည်က လုပ်တယ်ဆိုပြီး ပြောတဲ့ အပေါ်မှာ တရုတ်သံ ရုံး ကလည်း မခံနိုင်ဘူးပေါ့ဗျာ။ မခံနိုင်တဲ့အခါကျတော့ သူတို့က ထုချေ ရှင်းလင်းချင်တာပေါ့” ဟု ၎င်းက မှတ်ချက်ပေး သည်။
ဆက်လက်၍ ဦးသန်းစိုးနိုင်က “ဒါက OBOR နဲ့လည်း မဆိုင်ဘူး။ ကိုယ့်ဒေသက ပြဿနာကို ကိုယ့်ဘာသာရှင်း လို့ ပြော ချင်ပုံ ရပါတယ်” ဟု ပြောဆိုသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် တရုတ်အရေးနှင့် လုံခြုံရေးလေ့လာသည့် STIMSON CENTER ၏ Non-Resident Fellow ဖြစ်သူ ဦးအမရာသီဟကလည်း တရုတ်သံရုံးက နိုင်ငံဖြတ်ကျော် လောင်းကစား လုပ် ငန်းများအား ခွင့်မပြုဘဲ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောဆိုချက်အပေါ် အပြုသဘောဆောင်သည် ဟု မှတ်ချက်ပေးသည်။
“အခုဟာက ဘယ်လိုပဲ ဖြစ်ဖြစ် OBOR ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့။ ကျနော်တို့က နှစ်နိုင်ငံက လူတွေပေါင်းလုပ်တာ ဖြစ်တဲ့ အတွက် တနိုင်ငံတည်း ထိန်းလို့တော့ မလွယ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆိုရင် နယ်စပ်ဒေသမှာ ဥပဒေ ထိန်းချုပ်ဖို့ ဆိုတာ အများကြီး ပိုခက်တယ်။ သက်ဆိုင်ရာ နိုင်ငံအလိုက် ပေါင်းလုပ်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ၏ မူဝါဒအရ လောင်းကစား လုပ်ငန်းများကို တရုတ်နိုင်ငံတွင် ခွင့်မပြုကြောင်း၊ အာဆီယံ ဒေသတွင်း လာအို နိုင်ငံတွင်လည်း နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ၂ နိုင်ငံ ပူးပေါင်း၍ တိုက်ဖျက်ခဲ့သည် ရှိကြောင်း ဦးအမရာသီဟ က ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
မြဝတီ ခိုးဝင်ရန်ကြိုးစားသည့် တရုတ် ၂၀ ဦး လမ်းခရီးတွင်ဖမ်းမိ
တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းမိ
ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော