ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်အတွင်း ကျပ် ၃၂ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေး ၁၆၀၀ ကီလိုအား ဩဂုတ် ၂၇ ရက်နေ့က ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
မူးယစ်ဆေးများအား ဆီဘောက်ဆာယာဉ် ဆီကန်အတွင်း ထည့်သွင်း သယ်ဆောင်လာခြင်းဖြစ်ပြီး ကာလိ မြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ မောင်နှင်းလာစဉ် သံလွင်မြစ်ကူးတံတား(တာကော်) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်း ဆီးခံရခြင်း ဖြစ်သည်။
စိုင်းသန်းထွန်းဆိုသူက အဆိုပါ ယာဉ်အား မောင်းနှင်လာခြင်းဖြစ်ပြီး စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်အားထားခဲ့ကာ ကားလမ်း တောင်ဘက် လျှိုအတွင်းမှတဆင့် သံလွင်မြစ်ထဲသို့ ခုန်ချ ထွက်ပြေးသွားခဲ့သည့်အတွက် ယာဉ် နောက်လိုက် ဖြစ်သူ ကွတ်ခိုင်မြို့နေ ကျန်းမိန်မိန်း(ခ)ဝင်းနိုင်ကိုသာ ဖမ်းမိခဲ့ကြောင်း သိရသည်။
ကာလိနယ်မြေရဲစခန်းမှူး ရဲအုပ်လှဟန်က “ဆေးတွေကတော့ လောလောဆယ် စခန်းကို မလွှဲရသေးပါဘူး၊ အမှုတော့ ဖွင့်ထားပါပြီ၊ စစ်ဆေးတဲ့ အသေးစိတ် အခြေအနေတော့ သတင်းထုတ်ပြန်လို့ မရသေးပါဘူး”ဟု ပြောသည်။
ရှမ်းပြည်နယ်အတွင်း ကျပ်ဘီဘီယံချီ တန်ကြေးရှိသည့် ICE မူးယစ်ဆေးများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ မကြာခဏ ဖမ်းမိလေ့ရှိပြီး လက်နက်ကိုင်တပ်ဖွဲ့များ၏ ပါဝင်ပတ်သက်မှုများလည်း ရှိနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း “ မူးယစ်ဆေးကတော့ စစ်ဆင်ရေးတရပ်လို လုပ်နေတယ်၊ နယ်စပ်ဒေသတွေမှာ မူးယစ် ဆေး လုပ်ငန်းတွေက ရှိပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်။ လက်နက်ကိုင်နယ်မြေတွေမှာ ဆောင်ရွက်တဲ့ အခါမှာတော့ တပ်အနေနဲ့ အဓိက ပါဝင်ရခြင်း ဖြစ်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ကွင်းဆက်အမှု အနေဖြင့် လွိုင်လင်မြို့နယ်နှင့် အောင်ပန်း မြို့နယ်တို့တွင် ကျပ် ၇၈.၇၂၅ ဘီလီယံခန့် တန်ဖိုးရှိ ICE အိုက်စ်မူးယစ်ဆေး ၃၁၄၉ ကီလိုအား ဖမ်းမိခဲ့ပြီး ဩဂုတ် ၁၃ ရက်နေ့ကလည်း တာချီလိတ်မြို့နယ်အတွင်း နေရာနှစ်ခုတွင် ကျပ် ၂၅ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေး ၁ တန်ကျော်ကို ဖမ်းမိခဲ့သည်။
ကျပ်ဘီလီယံတန်ကြေးရှိသည့် ICE မူးယစ်ဆေးများ အနေဖြင့် ရွှေတြိဂံဒေသတွင်းမှ ပြည်ပနိုင်ငံများသို့ နယ်စပ်လမ်း ကြောင်းများနှင့် ပင်လယ်ရေကြောင်းတို့မှ မှောင်ခိုသယ်ယူမှုများ ရှိနေပြီး ၂၀၁၉ ခုနှစ်အတွင်းကလည်း ထိုင်းနိုင်ငံ၊ မလေး ရှားနိုင်ငံ ရေပြင်တို့ထံ ပို့ဆောင်မည့် ကျပ်ဘီလီယံ ရာချီတန်ဖိုးရှိ ICE မူးယစ်ဆေးများအား တနင်္သာရီ ကမ်းရိုးတန်း ပင်လယ်ပြင်တွင် တပ်မတော်ရေက ဖမ်းမိခဲ့သည်။
ယင်းသို့ ပင်လယ်လမ်းကြောင်းမှ တဆင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံအကြားရှိ ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ကျပ် ၁၁၂ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးများအား ရခိုင်ပြည်နယ်၊ ကျိန္တလီကမ်းခြေနှင့် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း ကမ်းခြေအနီးတွင် ယခု ဩဂုတ်လအတွင်းက ဖမ်းမိခဲ့သေးသည်။
လက်ခုပ်ကုန်းကမ်းခြေတွင် ဖမ်းမိသည့် မူးယစ်ဆေးများသည့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှ သယ်ဆောင် လာခဲ့ခြင်း ဖြစ်ကြောင်းလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ဖော်ကြေညာထားသည်။
ယခုဩဂုတ်လအတွင်းမှာပင် ကျပ် ဘီလီယံ ၁၀၀ ကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများအား ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA) ထိန်းချုပ်ရာ ဆုံဆည်းမြိုင်အနီး မြဝတီ-ဝေါလေသွား ကားလမ်းပေါ်တွင် ဖမ်းမိခဲ့ပြီး ရှမ်းပြည်နယ်၊ လွိုင်လင်နှင့် အောင်ပန်းမြို့နယ်တို့တွင် မေလအတွင်းက ဖမ်းမိသည့် မူးယစ်ဆေးမှုနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက သုံးသပ်ပြောကြားထားသည်။
You may also like these stories:
ဘုရားသုံးဆူဘက်မှ သယ်လာသည့် မူးယစ်ဆေးများ ထိုင်း၌ ဖမ်းမိ
ပြည်ပပို့မည့် ICE မူးယစ်ဆေးများ မြန်မာကမ်းခြေ ၂ ခုတွင် ဖမ်းမိ