သတင်း

ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရဘူးဟု ဒေါ်အောင်ဆန်းစုကြည် အာမခံ

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှု လူနာအများဆုံး ရှိနေပြီး တပြည်နယ်လုံး Stay at Home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရေး အာမခံကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည် “ရိက္ခာကတော့ ကျမအနေနဲ့ ပြည်ထောင်စုအစိုးရကိုယ်စား ရဲရဲကြီးပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ် မှာ ရိက္ခာမပြတ်စေရပါဘူး။ လိုတဲ့ရိက္ခာတွေကို ရတဲ့နည်းနဲ့ ဖြစ်အောင်ပို့ပေးပါမယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ရန် ကုန် အင်းစိန်မြို့နယ်မှ စစ်တွေသို့ ရောက်ရှိနေသည့် စေတနာ့ဝန်ထမ်း စောသော်မိုးအယ်တို့နှင့် ယနေ့ (သြဂုတ် ၂၈ ရက်) နံနက်က ပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ငွေရေးကြေးရေးလည်း လိုသမျှ ပံ့ပိုးပါမယ်။ ဒီနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံ မဟုတ်ဘူး။ အရင်းအမြစ်က သိပ်များတဲ့နိုင်ငံ မဟုတ်ဘူး။ သို့သော်လည်း ကျမတို့ကနေ ပြည်ထောင်စုရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းကို အမြဲပဲထောက်ပံ့ပါတယ်။ ပြည့် ပြည့်စုံစုံ ထောက်ပံ့ပါတယ်” ဟု ဆက်လက် ပြောဆိုခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကူးစက်မြန်သည့် ကိုဗစ်ရောဂါကြောင့် လူများပြွတ်သိပ်ကျပ် ညပ်နေသည့် စစ်ဘေးရှောင်စခန်းမှ ပြည်သူတွေများအတွက် စိုးရိမ်မှုရှိကြောင်း၊ ရခိုင်ပြည်နယ်၏ အနေအထားအရ ဘဏ္ဍာငွေတောင့်တင်းမှု မရှိသည့်အတွက် နိုင်နင်းစွာ ထိန်းသိမ်းနိုင်၊ ကာကွယ်နိုင်ပါ့မလားဟူ၍ စိုးရိမ်နေသူများ ရှိကြောင်း တင်ပြသည်။

ထို့ပြင် Stay at Home ကန့်သတ်ထားသော ရခိုင်ပြည်နယ်နှင့် နယ်နမိတ် ဆက်စပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ပိတ်ပင်ကန့်သတ်မှုများကြောင့် ကုန်စည်စီးဆင်းမှု မရှိတော့သည့်အတွက် စားရေရိက္ခာ ပြတ်လပ်မည် ကို စိုးရိမ်သည့် အနေအထားနှင့် အခက်အခဲများကို အမြန်ဆုံး ကူညီဖြေရှင်း ဆောင်ရွက်ပေးစေချင်ကြောင်း တင်ပြချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်က အာမခံပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်ထောင်စုဘတ်ဂျက်မှ ၁၄.၈ ဘီလျံ၊ ပြည်နယ်အစိုးရဘတ်ဂျက်မှ ၁.၅၆၆ ဘီလျံ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘတ်ဂျက်မှ သန်းပေါင်း ၃၁၁.၄ သန်း၊ စုစုပေါင်း ၁၆.၇ ဘီလျံ အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်၏ ပြောဆို ချက်အရ သိရသည်။

ဝန်ကြီးချုပ်က “ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး ဒီလောက်ငွေကြေးတွေ သုံးထားတယ်။ လူအင် အားတွေ သုံးထားတယ်။ နိုင်နင်းအောင် လုပ်သွားမယ်။ ဒီကာလလေးဟာ လတ်တလောကာလလို့ သတ်မှတ်ပါတယ်။ ဒါ ကြောင့် ဒီကာလကို အမြန်ဆုံး ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေကိုလည်း ဒီအတိုင်း ယုံကြည် စိတ်ချစွာ နဲ့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်” ဟုလည်း ပြောဆိုသည်။

ဆက်လက်၍ ၎င်းက ပြည်သူများအနေဖြင့် လတ်တလော ကျော်ဖြတ်နေသည့် ကာလအလွန် နောက်ပိုင်းကိုလည်း ထည့် သွင်းစဉ်းစားစေချင်ပြီး ယခုကာလကို မဖြေရှင်းနိုင်၊ မကျော်လွှားနိုင်ပါက၊ အချင်းချင်း ညီညွတ်မှုမရှိပါက နောင် အနာဂတ် အတွက် ပိုမို စိုးရိမ်စရာ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဒီအချိန်မှာ ရခိုင်ပြည်နယ်ရဲ့ အဓိက စိန်ခေါ်မှုကြီးပဲပြောပြော၊ အားနည်းချက်ကြီးပဲပြောပြော စည်းလုံးညီညွတ်မှု အားနည်းခြင်းပဲ။ စည်းလုံးခြင်းသည် အင်အားဆိုတာဟာ ဒီကာလအ တွင်းမှာ အဲဒါကို ပြချင်တယ်။ ညီညွတ်မှသာလျှင် ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်” ဟု ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက် ၈ နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရော ဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆၂၈ ဦးရှိပြီဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၁ ခုအထိ ပူးကူးစက်ပျံ့နှံ့လာရာ ကူးစက်ခံရ သူပေါင်း ၂၁၆ ဦးအထိ ရှိလာပြီ ဖြစ်သည်။

ယနေ့နံနက် ဆွေးနွေးပွဲမှ ကောက်နုတ်ချက်များ

အတိုင်ပင်ခံ၏ ရခိုင်ပြည်သူများအတွက် သတင်းစကား

ရခိုင်ပြည်သူများအား အပြင်မထွက်ရန် ပြောခြင်းသည် ဒဏ်ပေးခြင်း မဟုတ်ဘဲ တတိုင်းပြည်လုံးသို့ ပြန့်သွားသည့်အခါ ထိ ရောက်သော စောင့်ရှောက်မှုများပေးရန် ခက်ခဲမည်စိုး၍ ဖြစ်ကြောင်း၊ တနေရာတည်းစုထားပါက စောင့်ရှောက်မှုပေးရသည် မှာ ပိုပြီး ထိရောက်၊ လွယ်ကူကာ ရှိနေသည့် အရင်းအမြစ်များနှင့် ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ က ပြောကြားသည်။

“ရခိုင်ပြည်နယ်ကနေ ပြင်ပကို မထွက်ဖို့ဆိုပြီး ပိတ်ထားတာဟာ ရောဂါရှိတဲ့သူတွေကို ခွဲခြားပြီး ဆက်ဆံတာ မဟုတ်ဘူး။ ထိထိရောက်ရောက် ကျန်းမာရေးအရ စောင့်ရှောက်မှုပေးနိုင်အောင်၊ အုပ်ချုပ်ရေးအရ စီမံနိုင်အောင် လုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုလို ကိုဗစ် ထိန်းချုပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရာတွင် တဦးအပေါ်တဦး မည်သို့စေတနာထားသည်ကို ပြရန်လိုအပ်ပြီး မည်သူများက အမှန်တကယ် စေတနာရှိသလဲဆိုသည်မှာ ယခုအချိန်၌ ပေါ်မည်ဖြစ်ကြောင်း၊ ကိုယ့်အဖွဲ့အစည်း အကျိုးကိုပဲ မကြည့်ဘဲ အားလုံးအတွက် ကြည့်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ပြောရမယ်ဆိုရင် ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျမတို့အားလုံး လုပ်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီဟာကို သေချာစဉ်းစားစေချင်တယ်” ဟု ၎င်းက အလေးအနက်ပြောဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “ကျမကတော့ ရခိုင်ပြည်နယ်အတွက် ကျမတို့ပြည်ထောင်စုက အားလုံးကို ရင်ဆိုင် နေရတယ်လို့ပဲ ယူဆတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်တဲ့ပြဿနာတွေဟာ ကျမတို့ပြည်ထောင်စုရဲ့ ပြဿနာတွေပဲ။ တိုနဲ့ မဆိုင်ဘူးဆိုပြီး ကျမတို့ မနေဘူး။ လက်သန်းထိရင်လည်း ထိတာပဲ။ နှလုံးထိရင်လည်း ထိတာပဲ။ ခေါင်းထိရင်လည်း ထိ တာပဲ။ အဲဒီတော့ ဒီထိခိုက်မှုတွေ မရှိအောင်လို့ ကျမတို့က ဆက်ပြီးလုပ်သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။

Social Media ပေါ် တင်တဲ့သူတွေ တာဝန်သိစိတ်ရှိပါ

“social media မှာ တင်တဲ့သူတွေဟာ တာဝန်သိစိတ်ရှိပါ။ တကယ် အခြေခံစေတနာနဲ့ တင်ပါ” ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
ကိုယ်တင်သည့် အချက်အလက်များ မှန်ကန်ရေးသည် နံပါတ်တစ်ဖြစ်ပြီး အချက်အလက် မှန်ကန်နေပင်လျှင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး၊ ကိုဗစ်ကြောင့် ရခိုင်ပြည်နယ်သူ/သားများ အနည်းဆုံး ထိ ခိုက်မှုရှိရေး ဦးတည်ဆောင်ရွက်နေမှုများအတွက် အကျိုးရှိရဲ့လား စဉ်းစားစေချင်သည်ဟုလည်း ၎င်းက ဆိုသည်။

“အရေးကြီးဆုံးကတော့ မှန်ကန်ရမယ်၊ အကျိုးရှိရမယ်။ အကျိုးမရှိဘဲနဲ့ ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲစေမယ့်ကိစ္စတွေ၊ ကျမတို့ အခုလုပ်နေရတဲ့ ကိစ္စတွေ၊ ကိုဗစ်အတွက် ခက်ခဲစေ မယ့်ကိစ္စတွေကိုတော့ social media ကို အသုံးပြုနေတဲ့ သူတွေ လူတိုင်းလူတိုင်းက ဆင်ခြင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေသခံ စေတနာ့ဝန်ထမ်းများ လိုအပ်

ယနေ့ ဆွေးနွေးပွဲတွင် ပါဝင်သည့် ရန်ကုန်၊ အင်းစိန်မြို့နယ်မှ စစ်တွေသို့ စေတနာ့ဝန်ထမ်း သွားရောက်လုပ်ကိုင်နေသည့် စောသော်မိုးအယ်က “အမေကနေတဆင့် ပြောခိုင်းစေချင်တာက ဒီရခိုင်ပြည်နယ်မှာရှိတဲ့ စေတနာ့ဝန်ထမ်း လုပ်ချင်တဲ့ ညီ အစ်ကို မောင်နှမတွေကိုလည်း ပါဝင်လာဖို့ အမေ့အနေနဲ့ ထပ်ပြီး တိုက်တွန်းပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။

စစ်တွေသို့ ၎င်းရောက်ရှိသည့်အခါ လက်ရှိလုပ်နေသော စေတနာ့ဝန်ထမ်းများနှင့် ချိတ်ဆက်ကြည့်ရာ ၉၅ ရာခိုင်နှုန်းသည် အစိုးရဌာနလူကြီးများ ဦးဆောင်မှုဖြင့် ဆောင်ရွက်နေသော ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ပြီး၊ စေတနာ့ဝန်ထမ်း သီးသန့်သည် ၅ ရာခိုင်နှုန်းခန့်သာရှိသည်ကို တွေ့ရသာကြောင့် ၎င်းက ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

စောသော်မိုးအယ်က “သားတို့တွေချည်းပဲ လာကူတာက တကယ့်ဒေသခံတွေနဲ့ တွေ့တဲ့အချိန်ကျ အရမ်းကြီး အလုပ်မဖြစ် တဲ့အခြေအနေတွေ အများကြီး ရှိတယ်။ သူတို့တွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရမ်းကိုမှ လိုအပ်တယ်။ သားတို့ ကူညီပေး နိုင်တဲ့ အရာတွေ အများကြီးရှိပေမယ့် တချို့ နေရာတွေမှာ ဘာသာစကား အခက်အခဲကစ အမျိုးမျိုး ရှိနိုင်တဲ့အတွက် ဒေ သခံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေလိ့မ်မယ်” ဟုလည်း တင်ပြခဲ့သည်။

စစ်တွေမြို့ အနီးတဝိုက်တွင် Quarantine Site ၁၃ ခု ရှိပြီး ၎င်းတို့အနေဖြင့် ကူပေးရမည့် Site ၆ ခုရှိကြောင်း၊ လက်ရှိ စေ တနာ့ဝန်ထမ်းများအတွက် လူတဦးလျှင် တနေ့တာ စားစရိတ်အဖြစ်ပေးသည့် ငွေကျပ် ၃၀၀၀ သည် မလုံလောက်သဖြင့် ၅၀၀၀ ကျပ် တိုးပေးစေချင်ကြောင်း၊ သောက်သုံးရေအခက်အခဲအတွက် ပြည်နယ်အစိုးရမှလည်း ပံ့ပိုးပေးစေချင်ကြောင်း ၎င်းက တောင်းဆိုသည်။

 

ထို့ပြင် စေတနာ့ဝန်ထမ်းများကို ထောက်ပံ့ပေးသည့် ကျန်းမာရေးဆိုင်ရာ အကာအကွယ် ပစ္စည်းများ (PPE, Mask, Apron etc.,) ကိုလည်း အချိန်မီရောက်စေရန်နှင့် အရည်အသွေးပြည့်မီစေရန်လည်း တင်ပြတောင်းဆိုသွားသည်။

အဆိုပါ တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံက ၉၅ ရာခိုင်နှုန်းက အစိုးရဝန်ထမ်းများဖြစ်နေ၍ ကျေးဇူး တင်ကြောင်း၊ စားစရိတ် မလုံလောက်သည့်ကိစ္စကို ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးကာ အမြန်ဆုံးအဆင်ပြေအောင် လုပ် ရမည်ဖြစ်ကြောင်း၊ သောက်သုံးရေသည် အရေးကြီးဖြစ်ရာ ဦးစားပေး စီစဉ်ပေးမည် ဖြစ်ကြောင်း ဖြေကြားပေးသည်။

ဒေသခံ စေတနာ့ဝန်ထမ်းများ ပါဝင်စေချင်သည်ဟူသော ဆွေးနွေးချက်နှင့် ပတ်သက်၍ ယခုဆွေးနွေးပွဲကို နားထောင်နေ သည့်အထဲ၌ ဒေသခံပြည်သူများလည်း ရှိမည်ဖြစ်ရာ ဘာသာရေး၊ လူမျိုးရေးအရ မဟုတ်ဘဲ မေတ္တာ၊ စေတနာ၊ ကရုဏာ ဖြင့် တနယ်တကျေးမှ လာရောက်ကူညီပေးနေသော စေတနာ့ဝန်ထမ်းများကိုကြည့်ကာ ဒေသခံများက ပိုမိုကူညီချင်သည့် စိတ်များ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဝန်းကြီးချုပ် ဦးညီပုကို ဝန်းရံပေးကြပါ

ယနေ့ဆွေးနွေးပွဲ၏ နိဂုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အပါအဝင် ပြည်ထောင်စုတခုလုံးမှ ပြည်သူများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်နေသည့်၊ လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် အားလုံးဝိုင်းဝန်းပြီး ကူညီကြရန်၊ ညီညွတ်ကြရန် တိုက်တွန်းသွားသည်။
ထို့ပြင် “ဦးညီပုကို ဝန်းရံပေးကြပါ။ ဘာလို့ဆို ကျမတို့တွေရဲ့ ဝန်ကြီးချုပ်တွေထဲမှာ စိန်ခေါ်မှုအများဆုံးကတော့ ဦးညီပုပဲလို့ ကျမ သုံးသပ်တယ်။ အဲဒီထဲမှာလည်း မျက်နှာအအေးဆုံးက ဦးညီပုပဲ။ အဲဒါကိုက ရခိုင်အတွက် အင်အားတခုဖြစ်သလို ကျမတို့ ပြည်ထောင်စုတခုလုံးအတွက် အင်အားဖြစ်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကိုဗစ်ကာလ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်သကဲ့သို့ ကိုဗစ်အလွန်ကာလ နိုင်ငံက ချွတ်ခြုံကျသွားသည် ဆိုခြင်းမျိုးလည်း မဖြစ်စေရန် ရေတို၊ ရေရှည် နှစ်ခုစလုံးအတွက် စဉ်းစားပြီး လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက် သည့်အခါ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုက အဓိကဖြစ်သည်ဟုလည်း ဆိုသည်။

You may also like these stories:

တရုတ်နိုင်ငံသားများ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်ခြင်းကို ခွင့်မပြုဟု တရုတ်သံရုံးပြော

ကြံ့ခိုင်ရေးပါတီ၏ အသေးစားချေးငွေ ပြန်ဆပ်ကာလ ဆိုင်းငံ့ပေးရေးအဆို မအောင်မြင်

Air KBZ နှင့် MAI အနေဖြင့် ကိုဗစ် ကာကွယ်ရေး ရာနှုန်းပြည့် ဆောင်ရွက်ထားဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading