သတင်း

ပိုးတွေ့ ရဲအရာရှိနှင့်အတူ သင်တန်းတက်သော ရဲ ၁၀၀ ကျော်အား ဆေးစစ်မှုပြုလုပ်

မန္တလေး၌ COVID 19 ပိုးတွေ့သည့် ရဲအရာရှိနှင့်အတူ သင်တန်းတက်ခဲ့သော ရဲတပ်ဖွဲ့ဝင် ၁၁၉ ဦးအား ယနေ့နံနက် တွင် ဓာတ်ခွဲနမူနာ (Swab) ရယူထားကြောင်း မန္တလေးတိုင်း ကိုဗစ်ရောဂါဆိုင်ရာ သတင်းပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဧရာဝတီကို ပြောသည်။

ကိုဗစ် ၁၉ ပိုးတွေ့ လူနာ ရဲအရာရှိအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးသည် သြဂုတ် ၁၇ ရက်က ရခိုင်ပြည်နယ် စစ်တွေမှ စတင် ထွက်ခွာလာပြီး မန္တလေးမြို့ရှိ ရဲအရာရှိ အတတ်သင်ကျောင်း၌ သြဂုတ်လ ၂၄ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ် သင်ကြားသော စခန်းမှူး သင်တန်း တက်ရောက်နေကြခြင်း ဖြစ်သည်။ ထိုသို့ စစ်တွေမှ လာသော ရဲတပ်ဖွဲ့ဝင်များကို သြဂုတ်၂၆ ရက်က Swab (နှာခေါင်းတို့ဖတ်) ကို ရယူ စစ်ဆေးခဲ့ရာ ၎င်းတို့အနက် ၁ ဦးမှာ ပိုးတွေ့ခဲ့ပြီး ကျန် ၆ ဦးတွင် ပိုးမတွေ့ရကြောင်း သိရသည်။

စစ်တွေမြို့နယ်မှ မန္တလေးသို့ လာရောက်သော အသက် ၄၀ အရွယ် အမျိုးသားတဦး၌ COVID 19 ပိုး တွေ့ရှိကြောင်း နှင့် ၎င်းအား ကိုဗစ် ပိုးတွေ့လူနာများအား သီးသန့် ဆေးကုသပေးရန် သတ်မှတ်ထားသော ကန်တော်နဒီဆေးရုံသို့ ပို့ ဆောင်ကာ လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်၂၇ ရက် ည ၈ နာရီတွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ပိုးတွေ့လူနာ ရဲအရာရှိနှင့် အတူ သင်တန်းတက်ခဲ့သော ရဲတပ်ဖွဲ့ ၉၅ ဦး အပါအဝင် သင်တန်းကျောင်းမှ တာဝန် သူများ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၁၁၉ ဦးအား ယနေ့နံနက်က Swab ရယူထားပြီး အဖြေများကို ယနေ့ညနေပိုင်း (သို့မ ဟုတ်) မနက်ဖြန် နံနက်ပိုင်း၌ သိရှိနိုင်မည်ဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။

ပိုးတွေ့လူနာ တဦးထိတွေ့ခဲ့သူ လူ ၁၀၀ ကျော် ရှိသည့်အတွက် အဆိုပါ ရဲအရာရှိ အတတ်သင်ကျောင်းအား Lockdown ချရန် အစီအစဉ် ရှိ၊မရှိ ကိစ္စအား ယင်းရဲသင်တန်းကျောင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ရှိ ပြီး တိုင်းအစိုးရ စီမံခန့်ခွဲမှုတွင် မရှိကြောင်း ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဖြေကြားသည်။

မန္တလေးမြို့ခံ ကိုပြည့်စုံထွန်းက

“ကိုဗစ်ပိုးတွေ့လူနာ မန္တလေးမှာ တွေ့လို့ ကြောက်လန့်တကြား ပြန်ဖြစ်ကြပေမယ့် တကယ်တမ်း အပြင်ထွက်ကြည့်ရင် Mask မတပ်တဲ့ သူတွေ၊ ကျုံးဘေးမှာ ဓာတ်ပုံရိုက်နေကြတဲ့သူတွေက ရှိနေတုံးပဲ။

အထူးသဖြင့် လူစုလူဝေးတွေ ရှိတဲ့နေရာ၊ ဈေးလိုမျိုးတွေမှာ ကိုယ်ကိုယ်တိုင် ဂရုတစိုက် ဆင်ခြင်နေထိုင်မှသာ ကိုယ့် မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အန္တရာယ်ကင်းမှာပါ။အဲဒီလို မလိုက်နာတဲ့သူတွေကိုလည်း အစိုးရက ထိထိ ရောက်ရောက် အရေးယူသင့်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ကိုဗစ်ရောဂါပိုး ကာကွယ်ရေးအတွက် အရေးကြီးဆုံးမှာ Mask တပ်ဆင်ခြင်း ဖြစ်ပြီး လက်ရှိတွင် ပညာပေး ပန်ကြားချက်များ ဆောင်ရွက်နေသလို ပြည်သူအများကလည်း ရာနှုန်းပြည့်လိုက်နာ ဆောင်ရွက်ပေးရန်နှင့် ဈေး၊ အဝေးပြေး ကားဝင်းများ၊ လမ်းမကြီးများတွင် Mask မတပ်သူများအား ဒဏ်ကြေး ၅၀၀၀ ကျပ် သတ်မှတ်၍ ဆောင်ရွက်နေကြောင်း ၎င်း၏ ဖေ့ဘုတ်စာမျက်နှာက တဆင့် အသိပေး နှိုးဆော်ထားသည်။

သြဂုတ် ၂၈ ရက် နံနက်ပိုင်းအထိ မန္တလေးတိုင်းအတွင်း ကိုဗစ် ပိုးတွေ့လူနာ ၅ ဦး ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ဇွန်လ ၂ ရက်က ပိုးတွေ့လူနာ နောက်ဆုံး တွေ့ရှိပြီးနောက် ၂ လကျော်အကြာတွင် ၅ ဦးမြောက် ကိုဗစ် လူနာ စစ်ဆေးတွေ့ရှိခြင်း ဖြစ် သည်။

လက်ရှိ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးတို့တွင် COVID 19 ကူးစက်မှုမြန်ဆန်နေသည့်အတွက် မန္တလေးတိုင်း အတွင်း ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မန္တလေး-ရခိုင်သို့ ပြေးဆွဲသည့် ယာဉ်လိုင်းများ အား သြဂုတ် ၂၁ ရက်မှ စတင်ကာ ယာယီရပ်နားခဲ့သလို ရခိုင်ပြည်နယ်မှ လာရောက်သူများအား သတ်မှတ်နေရာ များ၌ ၂၁ ရက် အသွားအလာ ကန့်သတ်မှုများ မဖြစ်မနေ ဆောင်ရွက်ရန် တိုင်းအစိုးရက ပြီးခဲ့သည့်သီတင်းပတ်က စတင် ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်းအတွင်း၌ ကိုဗစ် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသော ဒေသန္တရ အမိန့် များအား တိုင်းအစိုးရက ပြန်လည် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်သလို လိုက်နာမှု မရှိပါက တည်ဆဲဥပဒေများ ဖြင့် ထိရောက်စွာ အရေးယူမည်ဟု ဆိုသည်။

သြဂုတ်၂၈ ရက် နံနက် ၉ နာရီခွဲအထိ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူ ၆၂၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

You may also like these stories:

ပြည်သူလူထုသာ ပါရင် ကျမတို့ ထိန်းနိုင်ပါတယ်

ရခိုင် ၁၁ မြို့နယ်အထိ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့လာ

ကိုဗစ် ဒုတိယလှိုင်းအောက်က ရခိုင်ပြည်

Loading