သတင်း

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု နိုင်ငံအဆင့် စတင် ဆောင်ရွက်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာအမျိုးသမီးများတွင် အဖြစ်များသောရောဂါ တခုဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းကို ယခုနှစ် ဒီဇင်ဘာလမှ စတင် ပြုလုပ်ပေးတော့မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။

အဆိုပါ စစ်ဆေးမှုကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်မြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းတို့တွင် စတင် ဆောင်ရွက်မည်ဖြစ်ပြီး
အသက် ၃၀ မှ ၄၉ နှစ်ကြား အမျိုးသမီးများကို သားအိမ်ခေါင်းကင် ဆာရောဂါ ရှိ၊ မရှိ အကြို စစ်ဆေးမှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး ဌာနမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်မိုစိုးက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ မြင့်မိုစိုး က “နိုင်ငံတော်အဆင့် အစီအစဉ်နဲ့ ခုမှ ပထမဦးဆုံးစတာ။ ဒီနှစ် ဒီဇင်ဘာလောက်မှာ စမယ်။ အမျိုးသမီးတွေကို သူတို့ ဗိုင်း ရပ်စ်ကို ကူးစက်ခံရခြင်း ရှိ၊ မရှိကို စစ်မယ်။ တွေ့လို့ရှိရင် သားဖွားမီးယပ် ဆရာဝန်တွေဆီ ပို့ပြီး ကုသမှုပေးမှာပေါ့”ဟု ပြောသည်။

အချို့နိုင်ငံများတွင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးမှုများကို အသက်၂၅ ကနေ ၆၄ နှစ်အတွင်း သုံးနှစ် တကြိမ် စစ်ဆေးပေးပြီး၊ အချို့ နိုင်ငံများတွင် ၄၉ နှစ်အထိ သုံးနှစ်တကြိမ် စစ်ဆေးကာ၊ ၄၉ နှစ် နောက်ပိုင်း ၅ နှစ် တကြိမ် စစ်ဆေးကုသမှုများ ပြုလုပ်ပေးကြောင်း သွားဖွား မီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ စမ်းစမ်းမြင့်က ဆိုသည်။

ထိုကဲ့သို့ သားအိမ်ခေါင်းကင်ဆာ အကြို စစ်ဆေးမှုသည် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှုနှုန်းကို ကျဆင်းစေနိုင် သည့်အတွက် ဆရာဝန်၊ ဆရာမများ ညွှန်ကြားသည့်အတိုင်း လာရောက် အစစ်ဆေးခံရန်၊ လာရောက်ပြသရန်၊ ညွှန်ကြား သည့်အတိုင်း ကုသရန်နှင့် မှန်မှန်စစ်ဆေးမှုများ ပြုလုပ်ရန် ဒေါက်တာ စမ်းစမ်းမြင့်က တိုက်တွန်းသည်။

ဒေါက်တာ ဒေါ်စမ်းစမ်းမြင့် က “ကိုယ့်နိုင်ငံရဲ့ ညွှန်ကြားချက်တွေအတိုင်း ပုံမှန်စစ်ဆေး ကုသသင့်တယ်။ အချို့အဆင့်တွေဆိုရင် သားအိမ်တောင် ထုတ် စရာ မလိုဘူး။ ဒီတိုင်း ကုလို့ရတယ်။ အဲဒီလို ထိထိရောက်ရောက် ကုသလိုက်ရင် သားအိမ်ခေါင်းကင်ဆာ ဆိုတာ ပပျောက် သွားမှာပါ” ဟု ပြောသည်။

အဆိုပါ မြို့နယ်ဒေသများအလိုက် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးကုသမှု ခံယူလိုသူများအနေဖြင့် သက် ဆိုင်ရာ ကျန်းမာရေးဌာနများတွင် စာရင်း ပေးသွင်းနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရ သည်။

သင်္ဃန်းကျွန်း မြို့နယ်နေ ဒေါ်သန်းသန်းအေးက “အခုလို အစိုးရကနေ စစ်ဆေးပေးတာတွေ လုပ်မယ်ဆိုတော့ အတော် ကောင်းပါတယ်။ အရင်ဆို စစ်ချင်စိတ် ရှိရင်တောင် ငွေကြေး အခက်အခဲလည်း ရှိတယ်။ တခြားတခြားသော အခက်အခဲ တွေလည်း ရှိတာပေါ့။ အခုလို အစီအစဉ်ရှိတယ်ဆိုတော့ စစ်ဖို့ကို တွန်းအားလည်း ဖြစ်စေတယ်” ဟု ဆိုသည်။

သားအိမ်ခေါင်း ကင်ဆာသည် HPV (Human Papilloma Virus) ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကာ အမျိုးသမီး အရွယ်စုံ၌ ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါဖြစ်ပြီး အသက် ၁၅ နှစ်မှ ၄၄ နှစ် အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာ ဖြစ် သည်။

မြန်မာနိုင်ငံတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုပြီးလျှင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုသည် ဒုတိယ အများဆုံး ဖြစ်သည်။

သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချနိုင်ရန်အတွက် မြန်မာတနိုင်ငံလုံးရှိ အသက် ၉ နှစ်မှ ၁၀ နှစ် အရွယ်ရှိ မိန်းကလေးများကို လာမည့် စက်တင်ဘာလအတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပထမဦးဆုံးအကြိမ် အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခမဲ့ ထိုးနှံပေးမည်လည်း ဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်သည် လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်ခံရနိုင်သလို သားအိမ်ခေါင်း၌ အနာရှိခြင်း၊ လိင်မှတဆင့် ကူး စက်တတ်သော ရောဂါရှိခြင်း၊ လိင်စတင် ဆက်ဆံသည့် အသက်အရွယ် ငယ်ခြင်း၊ ကိုယ်တိုင်(သို့)ခင်ပွန်းက လိင်ဆက်ဆံ ဘက်များခြင်း၊ ကိုယ်ဝန်ဆောင်ချိန်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ တကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း၊ မိခင်နှင့်ဆွေမျိုးများ တွင် သားအိမ်ခေါင်း ကင်ဆာဖြစ်သူ ရှိနေခြင်းများကြောင့်လည်း ကူးစက်ခံရနိုင်သည် ဟု သိရသည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ ၆,၄၇၂ ဦး ရှိပြီး သေဆုံးသူ ၃,၈၅၆ ဦး ရှိပြီး ၂၀၁၈ ခုနှစ် အတွက် အသက်အလိုက် နှစ်စဉ် ဖြစ်ပွားနှုန်းမှာ အမျိုးသမီး ဦးရေ ၁ သိန်းတွင်၂၁ ဒသမ ၅ ရှိပြီး သေဆုံးမှုနှုန်းမှာ ၁၃ ဒသ မ ၁ ဖြစ်ရာ အာရှဒေသ နိုင်ငံများအနက် စတုတ္ထမြောက် အများဆုံးနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဒုတိယ အများ ဆုံး နိုင်ငံ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။

You may also like these stories:

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စက်တင်ဘာလတွင် အခမဲ့ ထိုးနှံပေးမည်

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading