လာမည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် အခွန်များကို ယခင်နှစ်က ထက် ပိုမိုတိုးမြှင့်ကာ ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် မနေ့က အတည်ပြုလိုက်သည်။
၂၀၂၀ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို မနေ့က လွှတ်တော်တွင် တပိုဒ်ချင်းစီ အလိုက် အတည်ပြုရာ တွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် ၁ ကျပ်မှ သိန်း ၁၀၀၀ အတွင်း ၆ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ အတွင်း ၁၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ မှ သိန်း ၃၀၀၀၀ အတွင်း ၂၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယခင်၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် ၁ ကျပ် မှ သိန်း ၁၀၀၀ အတွင်း ၃ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ အတွင်း ၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ မှ သိန်း ၁၀၀၀၀ အတွင်း ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀၀ မှ သိန်း ၃၀၀၀၀ အတွင်း ၁၅ ရာခိုင်နှုန်း နှင့် သိန်း ၃၀၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံခဲ့သည်။
စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တင်ပြလာသည့် ယခုနှစ် ဥပဒေ မူကြမ်းတွင် စည်းကြပ်မှုမှ ကင်းလွတ်နေ သော ဝင်ငွေအပေါ် ဝင်ငွေပမာဏ မခွဲခြားဘဲ အားလုံးအတွက် ၃၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံရန် တင်ပြမှုကို ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ၃၀ ရာခိုင်နှုန်းအစား အထက်ပါအတိုင်း သတ်မှတ်ချက်များအလိုက် ပြင်ဆင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
လှိုင်းဘွဲ့ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက“ဘယ်လိုပဲဖြစ်ဖြစ် ၃၀ ရာခိုင်နှုန်း အားလုံး ဆောင်ရမယ် ထက်စာရင် အများကြီး သက်သာသွားတယ်။ တကယ်လည်း ဆောင်နိုင်တဲ့ အနေအထား ရှိတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ယခင် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင်လည်း ဇယားအလိုက် အခွန်အကောက်နှုန်းထားများ သတ်မှတ်ပြဌာန်းပေးခဲ့သော်လည်း အများစုမှာ ကိုဗစ်ကပ်ရောဂါကြောင့် အခွန်သွားရောက်ထမ်းဆောင်ခြင်းမျိုး နည်းပါး ခဲ့ပြီး ယခုနှစ် ဥပဒေပြဌာန်းစဉ် ပြည်သူများအဆင်ပြေစေရန် ရာခိုင်နှုန်းအများအပြား တိုးမြှင့်ကောက်ခံခြင်းမျိုး မလုပ်တော့ ဘဲ ၂၀၁၉ အခွန်အကောက် ဥပဒေအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
တပ်မတော်သား ကိုယ်စားလှယ်တချို့ကမူ ထိုသို့ ကောက်ခံခြင်းကို သဘောမတူခဲ့ဘဲ ယခင် စီမံဘဏ္ဍာဝန်ကြီးဌာနက တင် ထားသည့်အတိုင်း စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းအတိုင်း ကောက်ခံရန်သာ အဆိုပြုခဲ့ သည်။
ယင်းအချက်အပေါ် လွှတ်တော်တွင် မတ်တပ်ရပ်သည်နည်းဖြင့် မဲခွဲဆုံးဖြတ်သည့်အခါ တပ်မတော်သားများ အကြံပြုသည့်
၃၀ ရာခိုင်နှုန်း အဆိုပြုချက်မှာ ရှုံးနိမ့်ခဲ့ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏တင်ပြချက်မှာ အတည်ဖြစ်ခဲ့သည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်မျိုး၏ လွှတ်တော်တွင် အကြံပြုချက်မှာ နိုင်ငံတော် ဘတ်ဂျက်သည် နှစ်စဉ်လိုငွေပေါ်ပေါက်နေပြီး နိုင်ငံတော်ဘဏ္ဍာ လျော့နည်းဆုံးရှုံမှုမရှိစေရးအတွက် ဝင်ငွေရ လမ်းဖော်ပြ နိုင်ခြင်း မရှိသည့် ငွေများအပေါ် အခွန်တိုးမြှင့်ကောက်ခံသင့်သည်ဟူ၍ ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်၏ လျာထားချက်များကို ပြည့်မှီစေရန်သာမက ရသင့်ရထိုက်သည့် ဝင်ငွေများ အပြည့်အဝေရရှိစေရေးကို အလေးထားဆောင်ရွက်သင့်သည့်အတွက်ကြောင့် စီမံဘဏ္ဍာဝန်ကြီးဌာနက မူလတင်သွင်းသည့် အတိုင်းထားရှိသင့်
ကြောင်းလည်း ဆိုသည်။
ဗိုလ်မှူးကြီးအောင်ကျော်မျိုးက“အခွန်စနစ်ပြင်ပတွင်ရှိနေတဲ့လုပ်ငန်းများ လွတ်မြဲလွတ်မနေအောင် ဥပဒေနဲ့အညီ စီမံကြပ် မတ်နိုင်ရေး ဆောင်ရွက်သင့်ပါတယ်။ အခွန်နှုန်းထားလျှော့ချပေးခြင်းကြောင့် ငွေကြေးခဝါချမှုကို အားပေးသလိုဖြစ်သွား နိုင်တာကိုလည်း သတိပြုထည့်သွင်းစဉ်းစားသင့်ပါတယ်”ဟု ပြောသည်။
အခုကဲ့သို့ အခွန်နှုန်းထားများ သတ်မှတ်ပေးရခြင်းမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် – 19 ဒုတိယလှိုင်း ရိုက်ခတ်မှုနှင့်ကြုံတွေ့နေ ရသောကြောင့် စီးပွားရေးအရ သက်ရောက်မှုများ ရှိနေခြင်း၊ ဝန်ငွေခွန် ဥပဒေသစ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းနိုင်ခြင်းမရှိသေးသည့်အချက်များကြောင့် ယခုကဲ့သို့ သတ်မှတ်ပြဌာန်းရခြင်းဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
ဒေါက်တာမြတ်ဉာဏစိုးက“ဝင်ငွေခွန်ဥပဒေသစ်ကိုလည်း ကျနော်တို့ မပြဌာန်းနိုင်သေးတဲ့အခါမှာ အဓိကကတော့ Middle Class (လူလတ်တန်းစား)ရယ်၊ လုပ်ငန်းရှင်တွေရဲ့ အောက်က လုပ်သားတွေဗျ၊ လုပ်ငန်းရှင်တွေကို ကျနော်တို့က ပေးတာ မဟုတ်ဘူး။ လုပ်သားတွေရဲ့ ဘဝရပ်တည်မှုအတွက် ကျနော်တို့က ဒါကိုဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။
ကမ္ဘာ့ကပ်ရောဂါကာလတွင် လုပ်ငန်းများသည် စီးပွားရေးထိခိုက်သည့် အခြေအနေများနှင့်ကြုံ့တွေ့နေရပြီး ယခုကဲ့သို့ ရာခိုင်နှုန်း အနည်းငယ်ပြောင်းလဲရုံဖြင့် စီးပွားရေးလုပ်ငန်းများအပေါ် ထူးခြားသည့် သက်ရောက်မှုမရှိနိုင်ကြောင်း၊ အခွန်နှုန်း ထားများ များစွာလျှော့ချပါကလည်း အစိုးရကအခက်တွေ့နိုင်သဖြင့် ပြည်သူများက ထိုက်သင့်သည့် အခွန်ကို ပေးဆောင် သင့်ကြောင်း ပဲခူးတိုင်းမှ စီးပွားရေးလုပ်ငန်းရှင် ဦးညီညီအောင်က ပြောသည်။
ဦးညီညီအောင်က“အခွန်ကို သုည ရာခိုင်နှုန်းလို့ ချပေးလည်းပဲ အလုပ်အကိုင်က ကောင်းမှမကောင်းတာကိုး။ အဓိက ကတော့ အလုပ်အကိုင် ကောင်းတဲ့အပေါ်မှာတော့ မူတည်တယ်။ အခုကတော့ အလုပ်အကိုင် မကောင်းတဲ့ အခြေအနေ ဆိုတော့ လုပ်ငန်းကြီးတဲ့လူတွေကတော့ သိသာမယ်။ လုပ်ငန်းသေးတဲ့လူတွေကတော့ မသိသာဘူးပေါ့”ဟု ပြောသည်။
ဝင်ငွေခွန်အပြင် ယနေ့အတည်ပြုခဲ့သည့် ၂၀၂၀ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် အထူး ကုန်စည် များဖြစ်သော စီးကရက်နှင့် အရက်အမျိုးမျိုးအပေါ် စည်းကြပ်မည့် အခွန်းရာခိုင်နှုန်းများမှာလည်း ယခင်နှစ်ထက် အနည်းငယ် မြင့်တက် သတ်မှတ်ပြဌာန်းခဲ့ကြကြောင်း သိရသည်။
၂၀၁၉ နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းသည် လာမည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။
၂၀၂၀ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေသည် လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ပြီး ယခု ဥပဒေ၏ သက်တမ်းမှာ ၁ နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ယခု ဥပဒေ၏ ပုဒ်မ ၂၅ (က)တွင် ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ မနုတ်မီစည်းကြပ်မှုမှ ကင်း လွတ်နေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းအသစ် ထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုမည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေ အပေါ်တွင်လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန် မလို ကြောင်းနှင့် ယခုပုဒ်မအရ အခွန်းစည်းကြပ်ခြင်းသည်လည်း တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်း တို့နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့် ကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ဖော်ပြထားသည်။
You may also like these stories:
ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည်ဦးမော့လာရေး ကူညီပေးရန် အစိုးရထံ တောင်းဆို
အခွန် နှင့် ဘဏ် တိုးနှုန်း လျှော့ချရန် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ