တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျယ်ဂေါင်မြို့ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည် သယ်ယူပို့ဆောင်ရေးဂိတ်များ၊ ဂိုဒေါင်ငှားရမ်းမှု များအား တရုတ်ဘက်မှ ပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။
ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ အစိုးရဌာနက သြဂုတ်၂၅ ရက်စွဲဖြင့် ရွှေလီ၊ ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားများ ရင်း နှီးမြှုပ်နှံထားသော ကုန်တင်ကား ဂိတ်၊ အမြန်ချောပို့လုပ်ငန်းများနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းစည်းမျဉ်းများတွင် ၎င်းလုပ်ငန်းများကို တရုတ်နိုင်ငံသားနှင့် အစုစပ် ၅၀ ရာခိုင်နှုန်း လုပ်ကိုင်ခြင်း၊ တရုတ်နိုင်ငံသား အမည်ခံမှသာလျှင် ခွင့်ပြုပေးမည် ဖြစ်ပြီး အကယ်၍ မြန်မာနိုင်ငံသား အမည်ခံ လုပ်ငန်းများ ဖြစ်ပါက ပိတ်မည် ဖြစ်ကြောင်း ပါရှိသည်။
မူဆယ် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က“တရုတ်က လုပ်ငန်း လိုင်စင် ကို ကျနော်တို့ မြန်မာနိုင်ငံသား မှတ်ပုံတင်နဲ့ မပေးတော့ဘူး။ လုပ်မယ်ဆိုရင် သူ့နိုင်ငံသား နာမည်ခံမှ ရမယ်။ သူတို့ နိုင်ငံ သားကို ရှယ်ယာ ၅၀ ရာခိုင်နှုန်းပေးမှ လုပ်ငန်း လိုင်စင်လျှောက်လို့ ရမယ်။ ပြီးတော့ ကျနော်တို့ ဂိုဒေါင်ငှားတာ၊ အခန်းငှား တာကအစ သူ့နိုင်ငံသား နာမည်ခံမှ ရမယ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို သူ့ထဲမှာ လုံးဝ မရှိစေချင်တော့လို့ လုပ်လိုက်တာဗျ”ဟု ဧရာဝတီသို့ ပြောသည်။
ယူနန်ပြည်နယ် အစိုးရ၏ အသိပေးစာအရ ကျယ်ဂေါင်တွင် ရှိနေသော မြန်မာနိုင်ငံသား လုပ်ငန်းရှင်ပိုင်လုပ်ငန်းများ အနေ ဖြင့်
တရုတ်နိုင်ငံသားနှင့် အစုစပ် လုပ်ကိုင်ခြင်း မရှိလျှင် သြဂုတ်လ ၂၅ ရက်မှ စ၍ ဆယ်ရက်အတွင်း ဖယ်ပေးရမည် ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များက ရှမ်းပြည်နယ်အစိုးရ၊ ခရိုင်တာဝန်ရှိသူများနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနများသို့ တရုတ်အစိုးရ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးရန် အချက် ၅ ချက် တင်ပြတောင်းဆိုထားကြောင်း သိရသည်။
မူဆယ်မြို့ရှိ မြန်မာ့ စီးပွားရေး လုပ်ငန်းများ တောင်းဆိုချက်များမှာ ကုန်ကားဂိတ်လုပ်ငန်း လိုင်စင်များကို မြန်မာနိုင်ငံသား မှတ်ပုံတင်ဖြင့် လုပ်ငန်းလိုင်စင် လျှောက်ခွင့်ပြုပေးရန်၊ ကုန်ကားဂိတ်များတွင် အလုပ်သမားများကို ကုန်ဂိတ် တာဝန်ခံမှု ဖြင့် ခွင့်ပြုပေးရန်၊ လိုင်စင်လျှောက်ထားမှုကို သတ်မှတ် ၁၀ ရက်အစား နယ်စပ်ဖြတ်ကျော် လူဝင်/လူထွက် ခွင့်ပြုချိန်အထိ အချိန်တိုးပေးရန်၊ လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် တရုတ်နိုင်ငံဘက်မှ ထုတ်ပြန်သည့် စပေါ်ငွေ သတ်မှတ်ချက် ပယ် ဖျက် ဖြေလျှော့ပေးရန်၊ တရုတ်နိုင်ငံမှ သတ်မှတ်သော စည်းမျည်းစည်းကမ်းများဖြင့် လူဝင်၊ လူထွက် ခွင့်ပြုပေးရန်တို့ ဖြစ်ပြီး ယင်းအချက်များကို ဆယ်ရက်အတွင်း ညှိနှိုင်းပေးရန် ဖြစ်သည်။
အဆိုပါ အချက်များကို သြဂုတ်လ၂၇ ရက်က မူဆယ်၊ နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများ အသင်းတွင် ပြုလုပ်သော ခရိုင် အုပ်ချုပ်ရေးမှူးများ၊ နယ်စပ်ကုန်သွယ်ရေးမှ ညွှန်ကြားရေးမှူးများ၊ ကားဂိတ် တာဝန်ရှိသူများ၊ ဂိတ်မှူးများ၊ ဂိတ်ပိုင်များ အစည်းအဝေး ပြုလုပ်ပြီး မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များက တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သည်ကြီးများ အသင်း၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးဝင်းအောင်ခန့်က “တရုတ်ဘက်က ကျနော်တို့ကို ၁၀ ရက်ပဲ အချိန်ပေးတဲ့အတွက် ဒီရက်အတွင်း ညိုနှိုင်းပေးရမယ်ပေါ့။ ဒီရက်မှာ မလုပ်နိုင် ရင် လုပ်ငန်းတွေ ပိတ်သိမ်းရမှာ ဖြစ်တယ်။ တကယ်လို့ လုပ်ငန်း ဆက်လုပ်နေတာတွေ့ရင် တရုတ်က အရေးယူမယ်၊ ဖမ်း မယ်။ ပစ္စည်းသိမ်းမယ်။ ပိတ်မယ်၊ ဒဏ်ငွေ ရိုက်မယ်၊ အရေးယူမယ့် ဥပဒေက တော်တော်ပြင်းပါတယ်။ အကြမ်းဖက် တိုက် ဖျက်ရေး ဥပဒေတောင်ပါတယ်” ဟု ပြောပြသည်။
ကျယ်ဂေါင်၊ ရွှေလီမြို့ ဧရိယာသည် နှစ်နိုင်ငံ ကုန်သွယ်ရေး ပြုလုပ်သည့် Free Trade Zone နေရာ ဖြစ်သော်လည်း တရုတ်ဘက်က လုပ်ရပ်သည် အပြောနှင့် လက်တွေ့ မညီကြောင်း ကုန်သည်များက ပြောဆိုသည်။
လက်ရှိ အချိန်တွင် မြန်မာ-တရုတ် ကုန်သွယ်ရေးတွင် တရုတ်ဘက်မှ စည်းကမ်း တင်းကြပ်မှုများမှာ ယခင်ထက်ပို၍ ဆိုး လာနေပြီး ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် တွေ့ရှိသော ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုများကြောင့် တင်းကျပ်မှုများ ပို၍ လုပ်ဆောင်ကြောင်း မူဆယ်ဆန် ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါက တရုတ်အစိုးရက ချမှတ်ထားတဲ့ မူဝါဒ ဖြစ်တဲ့အတွက် ဒီဘက်က သိပ်ပြီးတော့ ဝင်ရောက် စွက် ဖက်ဖို့ မလွယ်ဘူး။ ဒါပေမယ့် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးကတဆင့် တင်ပြထားတယ်။ ဒီလိုဂိတ်တွေကို ညွှန်ကြား ချက်တွေ ထုတ်တာကို ပြန်လည် ပြင်ဆင် လျှော့ပေ့ါပေးဖို့ တင်ပြထားတယ်။ စောင့်ကြည့်ရမယ့် အခြေနေပါ” ဟု ရှင်းပြ သည်။
ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ အပါအ ဝင် သွင်းအားစု ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းရန် ကျယ်ဂေါင်တွင် မြန်မာ လုပ်ငန်းပေါင်း ကုန် တင်ယာဉ်ဂိတ် ၁၀၀ ကျော်ဖွင့် ဖွင့်လှစ်ထားပြီး ဂိုဒေါင်များ ငှားရမ်းခြင်း၊ မြန်မာနိုင်ငံမှ ပို့ဆောင်သော ကုန်စည်များကို သိုလှောင်ထားရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း မြန်မာနိုင်ငံသား လုပ်ငန်းရှင်များက သွားရောက် လုပ်ကိုင်မှုများ ရှိနေသည်။
ယခုကဲ့သို့ တဖက်နိုင်ငံ အစိုးရက ၎င်းတို့ နိုင်ငံသား၏ အကျိုးစီးပွားကို ကာကွယ်မှုများ ဆောင်ရွက်ပေးကဲ့သို့ ကိုယ့်နိုင်ငံ မြန်မာအစိုးရ အနေနှင့်လည်း ကိုယ့်နိုင်ငံသား အကျိုးစီးပွားကို ညှိနှိုင်းဆောင်ရွက်ပေးမည်ကို မျှော်လင့်မိကြောင်း အကယ် ၍ ညိုနှိုင်းဆောင်ရွက်မှု အဆင်မပြေခဲ့လျှင်လည်း မြန်မာဘက်က ကုန်သွယ်ရေးဇုန်တွင် လိုအပ်ချက်များ ဖြည့်ဆည်းပေး ကာ ကုန်သွယ်ရေး ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် မျှော်လင့်မိကြောင်း ကုန်သည်များက ဆိုသည်။
You may also like these stories:
Covid-19 ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် နယ်စပ်ဂိတ်က လုပ်သားများ