ဂျပန်ဝန်ကြီးချုပ် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်
ဂျပန်နိုင်ငံ သမိုင်းတွင် သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော Shinzo Abe က ကျန်းမာရေး ဆိုင်ရာ အကြောင်းပြချက်ဖြင့် မနေ့က ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။
“ကျနော့်ရဲ့ ရာထူးသက်တမ်းက တနှစ် ကျန်နေသေးပြီး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဝန်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်ဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်” ဟု Shinzo Abe က တိုကျိုမြို့ တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တခု၌ သြဂုတ်လ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။ coronavirus ကူးစက်ရောဂါ ကာလအတွင်း သူ၏ တာဝန်များကို မဖြည့်ဆည်းနိုင်ခြင်းကြောင့် ဂျပန်ပြည်သူများကို တောင်းပန်လိုကြောင်းလည်း သူက ထပ်ပြောခဲ့သည်။
Shinzo Abe သည် ကုသ၍ မရနိုင်သည့် ရောဂါတခု ဖြစ်သော အူမကြီးရောင်ရမ်းသည့် ရောဂါကို ခံစားနေရသည်။ ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူစဉ် တနှစ်ကျော်မျှသာ ထမ်းဆောင်ပြီးနောက် ရာထူးမှ ရုတ်တရက် နုတ်ထွက်လိုက်ခြင်းတွင်လည်း ထိုရောဂါက အချက်တချက်ဖြစ်သည်။ သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းတွင် Shinzo Abe က တိုကျို မြို့ ရှိ Keio တက္ကသိုလ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး တပတ်အတွင်း ဒုတိယအကြိမ် အဖြစ် ဆေးရုံသို့ သွားခဲ့ရခြင်း ဖြစ်သည်။
“ကျနော့်ရဲ့ နာတာရှည်ရောဂါကို ၈ နှစ်နီးပါး ထိန်းချုပ်ထားခဲ့တယ်၊ ဒါပေမယ့် ဒီနှစ်ဇွန်လမှာ ပုံမှန်စစ်ဆေးမှု ပြုလုပ်တဲ့အခါ ရောဂါလက္ခဏာ ရှိနေပါတယ်” ဟု သူကထပ်ပြောသည်။
“ဝန်ကြီးချုပ်အဖြစ် ဆက်လက် မလုပ်ကိုင်သင့်တော့ဘူးလို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော် ရောဂါကို တိုက်ဖျက်ဖို့နဲ့ ကုသခံယူဖို့ လိုပါတယ်” ဟု Shinzo Abe ကပြောသည်။
ကြေငြာချက်အပေါ် ဈေးကွက်များက အနုတ်သဘော တုံ့ပြန်ခဲ့ကြသည်။ သြဂုတ်လ ၂၈ ရက်နေ့က သတင်းထွက်ပေါ်လာပြီး နောက်တွင် ဂျပန် Nikkei ညွှန်းကိန်း က ၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။ ဆုံးရှုံးမှုများက ကနဦးတွင် ၂ ရာခိုင်နှုန်းကျော် ကျသွားခဲ့သည်။ အစဉ်အလာအရ ခိုင်မာသော ငွေကြေးတခု ဖြစ်သည့် ဂျပန်ယန်း ငွေက အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၀.၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ရာထူးမှနုတ်ထွက်ပြီးနောက် ၂ဝ၁၂ ခုနှစ်တွင် Shinzo Abe ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။ ထိုအချိန်မှစ၍ သူက ဂျပန်နိုင်ငံရေးတွင် လွှမ်းမိုးနိုင်သည့် အင်အားတခုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မဲအပြတ်အသတ်ဖြင့် တတိယအကြိမ်မြောက် အနိုင်ရခဲ့သည်။ အရှုပ်တော်ပုံ အမျိုးမျိုးနှင့် လူကြိုက်များ ရေပန်းစားမှု လျော့ကျခြင်းများ ရှိခဲ့သည့်တိုင် ၂၀၁၉ ခုနှစ်တွင်လည်း စတုတ္ထအကြိမ်မြောက် အနိုင်ရရှိခဲ့ပြန်သည်။
Shinzo Abe ၏ လက်အောက်တွင် လက်ယာယိမ်းသော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည်လည်း အဓိက ကျသော အောင်မြင်မှုများကို မြင်တွေ့ခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် ၂ ပိုင်းကွဲသွားသည့် ၎င်း၏ ကာလရှည် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ပြိုကွဲသွားခြင်းမှ အကျိုးများစွာ ရရှိခဲ့သည်။ Shinzo Abe က LDP ကို လွှတ်တော် ၂ ရပ်လုံးတွင် ထိန်းချုပ်စေနိုင်ခဲ့ပြီး အောက်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများစု ရရှိခဲ့သည်။
ထိုအောင်မြင်မှုက Shinzo Abe ကို ဆက်ခံသူတဦးအတွက် အာမခံချက် ပေးသင့်ပါသည်။ ဂျပန်နိုင်ငံက သမ္မတစနစ်ဖြင့် အုပ်ချုပ်ခြင်း မဟုတ်သောကြောင့် တိုင်းပြည်၏ ခေါင်းဆောင်ကို ပါလီမန်အမတ်များက ရွေးချယ်ပေးရသည်။ ထို့ကြောင့် နောက်လာမည့် LDP ခေါင်းဆောင်က မည်သူဖြစ်စေ ဝန်ကြီးချုပ် ဖြစ်လာရေး လွယ်ကူသော လမ်းကြောင်းတခု ရှိသင့်ပါသည်။ သူ့နေရာ ဆက်ခံမည့်သူကို ရွေးချယ် ပြီးသည်အထိ ရာထူးတွင် ဆက်ရှိနေမည်ဟု Shinzo Abe က ပြောသည်။
Abenomics
၂၀၁၂ ခုနှစ် Shinzo Abe ဒုတိယအကြိမ် ရွေးချယ် တင်မြှောက်ခံရသည့်အချိန်တွင် ဆယ်စုနှစ်များစွာ ရပ်တန့်နေခဲ့သော ဂျပန်နိုင်ငံ၏ စီးပွားရေးက အကျပ်အတည်းများ ကြုံနေရသည်။ မကြာမီတွင် သူက Abenomics ဟု အများ သိကြသည့် ကြီးကျယ်ခမ်းနားသော လက်တွေ့ စမ်းသပ်မှု တခုကို စတင်ခဲ့သည်။ ၎င်းတွင် မြှား ၃ စင်းဟုခေါ်သည့် ကြီးမားသော ငွေရေးကြေးရေး လှုံ့ဆော်မှု၊ အစိုးရ အသုံးစရိတ် တိုးမြှင့်ခြင်းနှင့် အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပါဝင် သည်။
တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်ရှင်သန်စေခြင်းနှင့် စားသုံးသူနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို တိုးမြှင့်ပေးခြင်းတို့အတွက် သူ၏မဟာမိတ်များက ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။
“ဂျပန် နိုင်ငံက အတိတ်က ဂျပန်မဟုတ်တော့ပါဘူး” ဟု Shinzo Abeက ၂၀၂၀ ခုနှစ် ဇန်နဝါရီ လတွင် ပြောကြား ခဲ့သည်။ “တံတိုင်းကိိုု အပြည့်အ၀ ချိုးဖျက်တဲ့နေရာမှာ ကျနော်တို့ အောင်မြင်ခဲ့ရပါတယ်။”
သို့သော် Abenomics ၏ အောင်မြင်မှုဆိုသည်မှာ အဓိကစီးပွားရေး တိုးတက်မှုကို ဖြစ်ပေါ်စေခြင်းအစား ဆက်လက်ကျဆင်းနေမှုမှ ရှောင်ရှားနိုင်ခြင်းသာ အများစု ဖြစ်ခဲ့သည်။ ကမာ္ဘ့တတိယအကြီးဆုံးစီးပွားရေး
သူ၏ရာထူး သက်တမ်းအတွင်း Shinzo Abe ကို ခက်ခဲစေခဲ့သော အဓိက အချက်များထဲမှ တခုမှာ တိုင်းပြည်တွင် လျင်မြန်စွာ တိုးပွားလာနေသော သက်ကြီး ရွယ်အို လူဦးရေဖြစ်သည်။
ဂျပန် လူဦးရေ၏ ၃ ပုံ ၁ ပုံကျော်မှာ အသက် ၆၅ နှစ်ကျော် အရွယ်ရှိသူများဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တိုင်းပြည်၏ ကလေးမွေးဖွားနှုန်း ကျဆင်းမှု စံချိန်သစ်ဖြစ်ခဲ့ရသည်။ နိုင်ငံ၏ လူဦးရေ အချိုးအစား ကျဆင်းခြင်းဆိုသည်မှာ အရွယ်အစား သေးငယ်သွားသည့် အလုပ်သမားအင်အားက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပင်စင်လစာများလိုအပ်နေပြီး အရေအတွက်လည်း တိုးလာနေသည့် သက်ကြီးရွယ်အို များကို ထောက်ပံ့ပေးနေရသည် ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။
သို့သော်လည်း Shinzo Abe ၏ ဂျပန်နိုင်ငံက အလုပ်သမားအင်အားကို တိုးမြှင့်ပေးနိုင်မည့် နိုင်ငံခြားမှ ဝင်ရောက်လာသူများအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းကို ဖြေလျှော့ပေးခြင်းမှ ရှောင်ရှားခဲ့သည်။ တိုင်းပြည်၏ ဘဏ္ဍာရေး အခြေအနေ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်မည့် အစီအစဉ်များက ဂျပန်၏ကြွေးမြီနှင့် ဂျီဒီပီအချိုးသည် စက်မှုနိုင်ငံများကြားတွင် အမြင့်ဆုံးဖြစ်နေသည်ကို မဖြေရှင်းနိုင်ခဲ့ပါ။
Shinzo Abe က အမျိုးသမီးများသည် တိုင်းပြည်၏“အပြည့်အဝ အသုံးမချရ သေးသော အရင်းအမြစ်”ဟု ခေါ်ဝေါ်ရင်း အလုပ်လုပ်သည့် နည်းလမ်း ပြုပြင်ပြောင်းလဲရေး လိုအပ်ကြောင်း စည်းရုံးခဲ့သည်။ ကျား/မ ဆိုင်ရာ ကိုယ်စားပြုမှု ကောင်းမွန်တိုးတက်ရေးနှင့် အမျိုးသမီးများ၏ စီးပွားရေးကို ဖွံ့ဖြိုးစေခြင်းနှင့် အတူ လုပ်သားအင်အားစု အတွင်းမှ ကွာဟမှုများ နီးကပ်လာစေရေးကို ကတိပြုခဲ့သည်။ သို့သော်လည်း Shinzo Abe သည် တိုင်းပြည်တွင် ကျား/မ ကွာဟမှုကို ဖြေရှင်းရန် သို့မဟုတ် စီးပွားရေးတွင် အမျိုးသမီးများ ပိုမိုကျယ်ပြန်စွာ ပါဝင်လာရေးကို အတားအဆီး ဖြစ်စေသောပြဿနာများကို ဖြေရှင်းရန် မဆောင်ရွက်နိုင်ခဲ့ ဟု ဝေဖန်သူများက ဆိုသည်။
ရောနှောနေသည့် သံတမန်ရေး ရလဒ်များ
သံတမန်ရေးရာပိုင်းတွင်လည်း Shinzo Abe ၏ အောင်မြင်မှုများ ရောထွေးနေသည်။ သူက တိုကျို၏ အစဉ်အလာ မဟာမိတ် ဖြစ်သော ဝါရှင်တန်နှင့် ခိုင်မာသော ဆက်ဆံရေးများကို ပျိုးထောင်ခဲ့သည်။ အမေရိကန်သမ္မတ Donald Trump နှင့် ပုဂ္ဂိုလ်ရေး ဆက်ဆံရေး တခုကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ပြီး Barack Obama သမ္မတအဖြစ် ရှိနေဆဲအချိန်မှာပင် Donald Trump နှင့် တွေ့ဆုံရန် နယူးယောက်မြို့သို့ သွားရောက်ခဲ့သည်။
ကမာ္ဘ့ခေါင်းဆောင် များထဲတွင် ပထမဆုံး အနေဖြင့် Donald Trump နှင့် တွေ့ဆုံခဲ့သည့် အဆိုပါ “တရားမဝင်” တွေ့ဆုံမှုအတွင်းတွင် Shinzo Abe က အမေရိကန်-ဂျပန် ပူးပေါင်းမှုကို ချီးမြှောက်ခဲ့ပြီး အမေရိကန် သမ္မတသစ်နှင့် “ယုံကြည်မှု တည်ဆောက်ရန်” ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအပေါ် တင်းမာသည့် Donald Trump ၏ ကနဦး ရပ်တည်ချက်ကို သူက အင်တိုက်အားတိုက် ထောက်ခံခဲ့သည်။
ထိုသဘောထားမှာ Shinzo Abe ၏ (မြောက်ကိုရီးယားနှင့် ပတ်သက်၍) ခက်ထန်သည့် ဘက်သို့ ယိမ်းသည့် ကိုယ်ပိုင်သဘောထားများနှင့်လည်း ကိုက်ညီနေခဲ့သည်။ Donald Trump နှင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုကို ပျိုးထောင် နိုင်ခဲ့သော သူ၏စွမ်းရည်သည် ဂျပန်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားနိုင်ခဲ့သည့် အဓိက အကြောင်းရင်းများထဲမှ တခုအဖြစ် မကြာခဏ အသိအမှတ်ပြု ချီးကျူးခြင်း ခံခဲ့ရသည်။
သို့သော်လည်း ပြုံယမ်းနှင့် ဝါရှင်တန်၏ ဆက်ဆံရေး သံခင်းတမန်ခင်းဘက်သို့ ဦးတည်သွားသည့် အချိန်တွင် Donald Trump နှင့် တောင်ကိုရီးယား သမ္မတ Moon Jae-in တို့ ၂ ဦးလုံးက မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နှင့် သမိုင်းဝင် ထိပ်သီးအစည်းအဝေးများ ပြုလုပ်ကြခြင်းနှင့် အတူ Shinzo Abe မှာ ဘေးဖယ်ခံထားရသည့် အသွင်ဖြစ်ခဲ့ရပြီး Kim Jong Un နှင့် သူကိုယ်တိုင် တွေ့ဆုံရေး အလောတကြီး ဖြစ်ခဲ့ရသည်။
ဂျပန် ဧကရာဇ်၏ တပ်မတော်က အိမ်နီးချင်းနိုင်ငံ အများအပြားသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး စစ်ရာဇဝတ်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သော ကာလဖြစ်သည့် ဒုတိယကမာ္ဘစစ်၏ အမွေအနှစ်အနေဖြင့် ဂျပန်နိုင်ငံအပေါ် တရုတ်နှင့် ကိုရီးယားနိုင်ငံများ၏ မသင်္ကာမှုများ အခိုင်အမာ ဆက်လက်ရှိနေခြင်းနှင့် အတူ အရှေ့အာရှ ဒေသတွင်း ဆက်ဆံရေးများကို အဆိပ်သင့်စေခဲ့သည်။
ဒေသတွင်းမှ လူအများအပြား (ဂျပန်နိုင်ငံမှ အချို့သူများအပါအဝင်) က ဂျပန် စစ်တပ် တည်ဆောက်ရန်နှင့် ပင်လယ်ရပ်ခြား စစ်ဆင်ရေးများတွင် ပါဝင်ရန် ဂျပန်အစိုးရ ပိုမိုလွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရှိရေး နိုင်ငံ၏ စစ်ပြီးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်လိုသော Shinzo Abe ၏ ဆန္ဒအပေါ် ရန်လိုဆန့်ကျင်ခဲ့ကြသည်။
သူ၏ ဒုတိယသက်တမ်း အစောပိုင်းတွင် အငြင်းပွားဖွယ်ရာ Yasukuni ဘုရားကျောင်းသို့ Shinzo Abe သွားရောက်ခဲ့ခြင်းက အိမ်နီးချင်းနိုင်ငံများကြားတွင် ပြင်းထန်သော ဝေဖန်မှုများနှင့် ရှုတ်ချမှုများ ထွက်ပေါ် စေခဲ့သည်။ Yasukuni ဘုရားကျောင်းကို တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများက ဂျပန်၏ ဧကရာဇ် စစ်ရေး အတိတ်၏ သင်္ကေတ အဖြစ် သဘောထားကြသည်။
၂၀၁၈ ခုနှစ်တွင် Shinzo Abe က တရုတ်ခေါင်းဆောင် Xi Jinping နှင့် သမိုင်းဝင် ဖုန်းခေါ်ဆိုမှုတခု ပြုလုပ်ခဲ့ခြင်းက ၂ နိုင်ငံ ဆက်ဆံရေးတွင် ရှေ့တက်သည့် အဓိက ခြေလှမ်းတခု ဖြစ်ခဲ့သည့်တိုင် သူ၏ ရာထူးသက်တမ်း ကာလတလျှောက် အရှေ့တရုတ်ပင်လယ်မှ (ဂျပန်နိုင်ငံတွင် Senkakus ဟု ခေါ်၍ တရုတ်နိုင်ငံတွင် Diaoyus ဟုခေါ်သော) ကျွန်းများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တမြေ့မြေ့ အငြင်းပွားနေရခြင်းက ဆူပွက်လာတော့မယောင် ခြိမ်းခြောက်မှုများ ရှိခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့်နှစ် ဂျပန်နှင့် တောင်ကိုရီးယားကြား သံတမန်ဆက်ဆံရေး ကတောက်ကဆ ဖြစ်ခဲ့ရခြင်းနှင့်အတူ အစဉ်အလာ မဟာမိတ်ဆက်ဆံရေးက အားနည်းခဲ့ရသည်။ ကုန်သွယ်ရေးနှင့် စစ်ထောက်လှမ်းရေးဆိုင်ရာ သဘောတူညီချက်များကို ပျက်စီးစေခဲ့သော ထိုအငြင်းပွားမှုသည် ဒုတိယကမာ္ဘစစ် အမွေအနှစ်များ၏ လှုံ့ဆော်မှုကြောင့်လည်း တစိတ်တပိုင်း ဖြစ်သည်။
အိုလံပစ် အောင်မြင်မှု နှင့် ဆုတ်ယုတ်မှု
Shinzo Abe က ၏ ပြည်တွင်း အဓိက အောင်မြင်မှုများအနက် တခုမှာ ၂၀၂၀ ခုနှစ် တိုကျို အိုလံပစ် အားကစားပြိုင်ပွဲကို သေချာစေခဲ့ခြင်း ဖြစ်သည်။ ထိုအောင်မြင်မှု coronavirus ကြောင့် မပြီးမြောက်ခဲ့ရဘဲ နောက်ဆုံးတွင် ပြိုင်ပွဲများကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည်။
အားကစားပွဲများကို ရွှေ့ဆိုင်းရန် ကနဦးက ဂျပန်နိုင်ငံ ဆန္ဒမရှိခဲ့ခြင်းသည် coronavirus ကူးစက်ရောဂါအပေါ် တက်ကြွမှု မရှိသောကြောင့်ဟု တစိတ်တပိုင်းအားဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။
coronavirus က ၂၀၂၀ ခုနှစ် အစောပိုင်းတွင် တိုင်းပြည်ကို ထိုးနှက်ခဲ့ပြီး အထူးသဖြင့် သက်ကြီးရွယ်အို အများစုကို အန္တရာယ် ဖြစ်စေခဲ့ခြင်းနှင့် အတူ အဓိက ပြဿနာများကို ဆက်လက် ဖြစ်ပေါ်စေခဲ့သည်။
သြဂုတ်လ ၂၈ရက် နေ့တွင် Shinzo Abe က အိမ်ရှင်နိုင်ငံအနေဖြင့် ဂျပန်၏ ဝတ္တရားကို ဖြည့်ဆည်းရန် လိုအပ်သည်ဟု ပြောကြား ခဲ့သည်။ “ကျနော့်ရဲ့ ဆက်ခံသူက စီစဉ်သူတွေနဲ့ အတူ အနီးကပ် ပူးပေါင်း ဆောင်ရွက်ပြီး ဒီတာဝန်ကို ဆက်လက် ထမ်းဆောင်သွားမှာပါ။ ကျနော်တို့ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီး ရှိပါတယ်” ဟု သူက ဆိုသည်။
ပိုမို၍ အောင်မြင်ခဲ့သော ကိစ္စမှာ ရာစုနှစ် ၂ ခုအတွင်း ဂျပန်ဘုရင်အဖြစ်မှ ပထမဆုံး ဆင်းပေးခဲ့သူ ဖြစ်သည့် ဧကရာဇ် အာကီဟီတို၏ နန်းစွန့်မှုတွင် Shinzo Abe ၏ ကိုင်တွယ်ပုံ ဖြစ်သည်။ သူ၏ သားတော် ဖြစ်သည့် ဧကရာဇ် Naruhito က ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ထီးနန်းကို ဆက်ခံခဲ့ပြီး Reiwa ခေတ်ကို စတင်ခဲ့သည်။
“အေးချမ်းတဲ့ ဆောင်းရာသီ ကျော်လွန်ပြီး နွေဦးရာသီမှာ ဆီးပင်က ပန်းပွင့်တွေ ဂုဏ်ယူစွာ ပွင့်လန်းနေသလိုပဲ ဂျပန် ပြည်သူတွေက အနာဂတ်ရဲ့ အလားအလာတွေနဲ့ အတူ ပန်းပွင့်လေးတွေလို ပွင့်လန်းကြဖို့ ကျနော် ဆုတောင်းပါတယ်။ ဂျပန်နိုင်ငံအတွက် ဒီလို ဆုတောင်းနဲ့ အတူ ကျနော်တို့ ‘Reiwa’ ခေတ်ကို ရွေးချယ်ခဲ့ကြပါတယ်” ဟု Shinzo Abe က ခေတ်သစ်ကို ကြေငြာစဉ် ပြောကြားခဲ့သည်။
ပုဂ္ဂိုလ်ရေး ဘဝ
Shinzo Abe ကို ၁၉၅၄ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တိုကျိုမြို့၌ ထင်ရှားသော နိုင်ငံရေးမိသားစုတခုမှ မွေးဖွားခဲ့သည်။ သူ၏ အဖိုးနှင့် ဘကြီးတို့က ဝန်ကြီးချုပ်များ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပြီး သူ၏ဖခင်က LDP ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။
သူက တိုကျိုမြို့ရှိ Seiki တက္ကသိုလ်နှင့် တောင်ပိုင်းကယ်လီဖိုးနီးယား တက္ကသိုလ်တို့တွင် နိုင်ငံရေးပညာရပ်ကို လေ့လာခဲ့သော်လည်း ၁၉၇၉ ခုနှစ်တွင် Kobe Steel ၌ ရာထူးတခု ရယူခဲ့ခြင်းအားဖြင့် စီးပွားရေး လောကသို့ အရင်ဝင်ခဲ့သည်။
သို့သော်လည်း နောက် ၃ နှစ်အကြာတွင် သူက နိုင်ငံခြားရေး ဝန်ကြီး၏ လက်ထောက် တဦး ဖြစ်လာခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အသက် ၃၈ နှစ် အရွယ်ရှိ Shinzo Abe သည် အောက်လွှတ်တော်တွင် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူက ၇ ကြိမ်တိုင် အောင် ပြန်လည် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၀၀ ခုနှစ်များ အတွင်းတွင် အစိုးရအဖွဲ့မှ ရာထူးနေရာ အများအပြားတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။
၂၀၀၃ ခုနှစ်တွင် Shinzo Abe က LDP အထွေထွေအတွင်းရေးမှူးဖြစ်လာပြီး နောက် ၄ နှစ်အကြာတွင် ပါတီ၏ ဥက္ကဌနှင့် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ်အဖြစ် သူ၏ ပထမဆုံးသက်တမ်းမှာ အငြင်းပွားဖွယ်ရာများနှင့် ဆိုးရွား လာသော ကျန်းမာရေး အခြေအနေတို့ကြောင့် ပျက်ပြားခဲ့ရသည်။
၂၀၀၇ ခုနှစ်တွင် ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ရာထူး ၂ ခုလုံးကို ပြန်ရခဲ့သည်။
Shinzo Abe သည် Akie Abe (မူလ အမည် Akie Matsuzaki) နှင့် ၁၉၈၇ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ သူတို့ ဇနီးမောင်နှံတွင် သားသမီး ထွန်းကားခဲ့ခြင်း မရှိပါ။ ဝန်ကြီးချုပ်ကတော်အနေဖြင့် Akie Abe က နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ခဲ့ပြီး ရံဖန်ရံခါ အရှုပ်အရှင်းများကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏ ခင်ပွန်းဖြစ်သူနှင့် သဘောထား ကွဲလွဲမှုများ (အထူးသဖြင့် လူမှုရေးကိစ္စများတွင်) ထင်ထင်ရှားရှား ရှိခဲ့သူလည်း ဖြစ်သည်။
ကိုးကား။ ။ CNN မှ Japan’s Prime Minister Shinzo Abe resigns for health reasons
You may also like these stories:
ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ
ဒုသမ္မတလောင်းအဖြစ် လူဖြူမဟုတ်သော အမျိုးသမီးကို အမေရိကန် ဒီမိုကရက်တစ်ပါတီ ရွေးချယ်
တရုတ်နိုင်ငံသားများ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်ခြင်းကို ခွင့်မပြုဟု တရုတ်သံရုံးပြော