ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းမှ စခန်းမှူး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်အတွက် စခန်း တခုလုံးကို သြဂုတ်လ ၂၇ ရက်နေ့မှ စတင်ကာ Lockdown ချထားကြောင်း သတင်း ရရှိသည်။
သြဂုတ်လ ၁၇ရက်က ၄၀နှစ် အရွယ်ရှိ အဆိုပါ စခန်းမှူး အပါအဝင် ရခိုင်ပြည်နယ် ဒေသအသီးသီးတွင် တာဝန်ကျနေ သည့် ရဲအရာရှိ ၇ဦး သင်တန်းတက်ရန် စစ်တွေမှ မန္တလေးမြို့ ရဲအရာရှိ သင်တန်းကျောင်းသို့ ရောက်လာရာ ဆေးစစ် ချက်ခံယူစဉ် ၎င်း စစ်တွေမြို့ အမှတ် (၂)စခန်းမှူးထံမှ ပိုးတွေ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက “အဲဒီ နယ်မြေ စခန်းမှူးက မန္တလေးကို သင်တန်းသွားတဲ့အခါ သူ့ကို ဆေးစစ်တော့ ကိုဗစ်- ၁၉ ပိုးတွေ့တယ်။ အဲဒီလို ပိုးတွေ့တဲ့ အတွက် တနေ့ ကပေါ့။ စခန်းတခုလုံးကို လော့ဒေါင်း ချထားလိုက်တာ ဖြစ်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိ စစ်တွေမြို့ အမှတ် (၂) စခန်းတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များကိုလည်း စခန်းအတွင်း Quarantine ထားရှိပြီး ယနေ့ ဆေးစစ်ချက် နမူနာများကို ရယူကာ ဓာတ်ခွဲ စစ်ဆေးသွားမည်ဟု သက်ဆိုင်ရာ ဌာနဆိုင်ရာ များထံမှ သိရသည်။
ထိုသို့ စခန်းတခုလုံးကို Lockdown ချထားကာ တပ်ဖွဲ့ဝင်များကိုလည် Quarantine ဝင်နေရသဖြင့် ယင်းနယ်မြေ အတွင်း ရာဇဝတ်မှု အပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်မှုဆိုင်ရာများကိုလည်း စစ်တွေ အမှတ်(၁) မြို့မ ရဲစခန်းမှ ပူးတွဲကိုင်တွယ် သွားမည်ဖြစ်သည်။
“နယ်မြေရဲစခန်းက တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေကိုတော့ လောလောဆယ် မြို့မရဲစခန်းကနေ ပူးတွဲ ဆောင် ရွက်သွားမယ်။ ပြည်သူတွေ အကြောင်း အမျိုးမျိုးကြောင့် လာတိုင်မယ်ဆိုလည်း မြို့မစခန်းကိုပဲ လာရောက် တိုင်တန်း ဖို့ အသိပေးထားတာ ရှိတယ်။ မြို့မစခန်းကပဲ တာဝန်ယူ ဖြေရှင်းပေးသွားမှာပါ” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံမှ ရဲအရာရှိတဦးက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တနေ့ထက် တနေ့ တိုးလာသဖြင့် ဒေသခံ လူထုအကြားတွင် စိုးရိမ်မှု ဖြစ်ပွားနေကြောင်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှု လူနာအများဆုံး ရှိနေပြီး တပြည်နယ်လုံး Stay at Home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရေး အာမခံကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
လက်ရှိတွင် ရခိုင်တပြည်နယ်လုံးကို Stay at Home အဖြစ်နေထိုင်ရန် အစိုးရက ညွန်ကြားထား သလို စစ်တွေမြို့ပေါ် ၌ Quarantine Center ၁၇ ခုနှင့် Quarantine ဝင်နေသူ လူပေါင်း ၄၀၀ ကျော်အထိလည်း တိုးလာနေပြီ ဖြစ်သည်။
You may also like these stories:
စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု သေဆုံးသူ၏ဇနီးကို စတင် စစ်ဆေး
စစ်တွေမြို့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်
ရခိုင်ပြည်နယ်မှ ယာဉ်များ အထောက်အထား မပြည့်စုံက ဧရာဝတီတိုင်းသို့ ဝင်ခွင့်မပေး