ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စုအတွင်း ဒကာ၊ ဒကာမအချို့က တိုင်ကြား လျှောက်ထားမှုများ ရှိလာသည့်အတွက် အသံချဲ့စက်များ အသုံးပြုကာ အသံကျယ်လောင်စွာ မဖွင့်ရန် ဘုန်းကြီး ကျောင်းတိုက်များအား ရပ်/ကျေး သံဃနာယကအဖွဲ့က ဩဂုတ် ၂၉ ရက်တွင် ဒုတိယအကြိမ် ထပ်မံ ညွှန်ကြား ထားကြောင်း သိရသည်။
သန္ဓေပင် ကျေးရွာအုပ်စုအတွင်း ဘုန်းကြီးကျောင်းတိုက်ပေါင်း ၈၀ ကျော်ရှိပြီး အသံချဲ့စက်များအသုံးပြုကာ ကျယ် လောင်စွာ ဖွင့်ခြင်းများအား မပြုလုပ်ရန် မေတ္တာရပ်ခံ တားမြစ်ခြင်းသာဖြစ်ပြီး ပရိတ်၊ ပဌာန်းပွဲများ မလုပ်ရန် တားမြစ်ခြင်း မဟုတ်ကြောင်းလည်း သိရသည်။
သန္ဓေပင်အုပ်စု၊ ရပ်/ကျေး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်တပါးက “နေ့ဆိုင်းတို့ ညဆိုင်းတို့ အလုပ်လုပ်တဲ့ ဒကာ၊ ဒကာမ တွေကို ငဲ့ပြီးတော့ စက်ကြီးတွေ အသုံးပြုပြီးတော့ နေ့ရော၊ ညရော မလုပ်ကြပါနဲ့လို့ ပြောတာပါ။ ပဋ္ဌာန်းပွဲ မလုပ်ရဘူး၊ ပရိတ်ပွဲ မလုပ်ရဘူး၊ ဥပုသ် တရားမပေးရဘူး မရှိပါဘူး။ အခုက နေ့ရော ညရော ဖြစ်နေလို့ တားမြစ်တဲ့ သဘောပါပဲ” ဟု ဧရာဝတီသို့ မိန့်ကြားသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ရပ်ကွက်နှင့် ကျေးရွာများအတွင်း အသံချဲ့စက် ဖွင့်လိုသူ များ အနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ပြီး လိုက်နာခြင်း မရှိပါက ပြစ်ဒဏ်များ ချမှတ် နိုင်သည်။
သို့ဖြစ်ရာ အများပြည်သူ အနှောက်အယှက် မဖြစ်စေရေးအတွက် အသံချဲ့စက် အသုံးမပြုရန် ညွှန်ကြားစာအား ဩဂုတ် ၂၅ ရက်နေ့က ကျေးရွာအုပ်စု၊ ရပ်/ကျေး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌက လက်မှတ်ရေးထိုးကာ အကြောင်း ကြားခဲ့သော်လည်း လိုက်နာခြင်း မရှိသည့်အတွက် ဩဂုတ် ၂၉ ရက်နေ့တွင် ထပ်မံ သတိပေး ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် ညွှန်ကြားစာတွင် ဝါတွင်းကာလ ကျောင်းတွင် ပရိတ်၊ ပဋ္ဌာန်းများ ရွတ်လိုပါက နှုတ်ဖြင့်သာ ရွတ်ဆိုရန်၊ ဆောင်းဘောက် အသုံးပြုလိုပါကလည်း မိမိကျောင်းတွင်း ကြားနိုင်ရုံလောက်သာ တိုးညင်းစွာ အသုံးပြုကြရန် ထပ်မံ လျှောက်ထားကြောင်း ဖော်ပြထားသည်။
ယင်းအပြင် လိုက်နာခြင်းမရှိက တည်ဆဲဥပဒေအရ မည်သူ့မျက်နှာမှ မထောက်ထားတော့ဘဲ ထိရောက်စွာ အရေးယူ ရလိမ့်မည် ဖြစ်ကြောင်း ဒုတိယအကြိမ် ထပ်မံသတိပေးအပ်ပါသည်ဟုလည်း ဖော်ပြထားပြီး ညွှန်ကြားစာများကိုလည်း မှော်ဘီမြို့နယ်၊ သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်နှင့် သန္ဓေပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ထံ ဖြန့်ဝေထား သည်ကို တွေ့ရသည်။
ယခုကဲ့သို့ ညွှန်ကြားစာ ထုတ်ခြင်းနှင့်ပတ်သက်ပြီး ရဟန်း၊ သံဃာ ဘွဲ့နာမည်နှင့် အသုံးပြုသည့် Facebook အကောင့် ပိုင်ရှင်တချို့က “ဗုဒ္ဓဘာသာအပေါ် ဖိနှိပ်မှု” အဖြစ် ဝေဖန် ရေးသားထားသည့် စာပိုဒ်အား ပို့စ်တင်ခဲ့ပြီး ထပ်ဆင့် ရှယ်ခဲ့သူများလည်း ရှိခဲ့သည်။
သို့သော် ယင်းဝေဖန်ရေးထားသည့် ပို့စ်အား နာရီပိုင်းအကြားတွင် ပြန်လည်ဖြုတ်ချသွားသည်ကို တွေ့ရသည်။
ယင်းသို့ ဝေဖန်ရေးသားမှုနှင့် ပတ်သက်ပြီး “ဒီအပေါ်မှာ မလိုတဲ့ပုဂ္ဂိုလ်က နိုင်ငံရေးထဲ ထည့် တာဖြစ်ရင် ဖြစ်မှာပါ၊ ဒါက ဘုန်းကြီးအမြင်နဲ့ ပြောတာပေါ့နော်။ ဒါကို ပုံကြီးချဲ့တာမျိုး မဖြစ်စေချင်ဘူး”ဟု ရပ်/ကျေး သံဃနာယက အဖွဲ့ အကျိုးတော်ဆောင်ဆရာတော်က ရှင်းပြသည်။
ယခုကဲ့သို့ ညွှန်ကြားမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိချိန်တွင် သန္ဓေပင်ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များအား ရှင်းပြရန် ဖိတ်ကြားထားပြီး မနက်ဖြန် စက်တင်ဘာ ၁ ရက်နေ့တွင် အစည်းအဝေးတရပ် ခေါ်ယူ ထားကြောင်းလည်း သိရသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေတွင် အသံချဲ့စက်ဖွင့်မည့် ကာယကံရှင်က ဖြစ်စေ၊ အဖွဲ့အ စည်းက ဖြစ်စေ၊ အသံချဲ့စက် ငှားရမ်းသူ ပိုင်ရှင်က ဖြစ်စေ၊ အကျိုးအကြောင်းနှင့် အသံချဲ့စက် ဖွင့်လိုသည့်ရက်နှင့် အချိန်ကို ဖော်ပြ၍ ၃ ရက် ကြိုတင် လျှောက်ထားရမည် ဖြစ်ပြီး လိုက်နာခြင်း မရှိလျှင် ကျပ် ၅၀၀၀ ထက်မပိုသော ငွေဒဏ် ကျခံရမည် ဖြစ်ကြောင်း၊ ငွေဒဏ် မဆောင်နိုင်ပါက ၇ ရက်ထက် မပိုသည့် ထောင်ဒဏ် ကျခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
You may also like these stories:
လော်နဲ့ အော်ပြီး မနှိပ်စက်ပါနဲ့