ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံအား သားဖြစ်သူ တပ်မတော်အရာရှိ ဗိုလ်မှူးအောင်မြင့်စိုးသည် ရက္ခိုင့်စစ်တပ် (AA) သို့ ကူးပြောင်းသွားသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းမှ ပယ်ဖျက်ခံရသည်။
၎င်း၏ သား အောင်စိုးမြင့်မှာ ၂၀၀၂ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၇ သို့ တက်ရောက်ခဲ့ပြီးနောက် မိတ္ထီလာမြို့ အမှတ် ( ၇၃ ) သံချပ်ကာ တပ်မဌာနချုပ် တွင် ဗိုလ်မှူး အဆင့်ဖြင့် တာဝန် ထမ်းဆောင်နေရာ ၂၀၁၈ ခုနှစ် မေလအတွင်း ရက္ခိုင့််တပ် ( AA ) သို့ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံအား ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀(ဎ) ငြိစွန်းသည်ဟု ဆိုကာ ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကာယကံရှင်ဖြစ်သူက ပြောသည်။
ဦးဖိုးစံက “ ကျနော်ဟာ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို လက်ရှိ လွှတ်တော်အမတ်တယောက် လည်း ဖြစ်တယ်။ ဥပဒေနဲ့ မငြိစွန်းဘဲနဲ့ ငြိစွန်းတယ် ဆိုတာ ဒါဟာ သက်သက်မဲ့ အကြောင်းရှာတာ၊ တကယ် ငြိစွန်းရင် စုံစမ်းစစ်ဆေးရမယ်။ ဥပဒေနဲ့ ငြိစွန်းတဲ့ လက္ခဏာပေါ်ရင်တောင် တရားဥပဒေအရ အရေးယူပါ။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူသွားမယ်။ အခုလို လုပ်တာ ဥပဒေကို လက်တလုံးခြားလုပ်ပြီး အနိုင်ကျင့်သလို ခံစားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ ဥပေဒ ပုဒ်မ ၁၀(ဎ) တွင် တည်ဆဲ ဥပဒေ တရပ်ရပ်အရ မတရား အသင်းအဖြစ် ကြေငြာခြင်း ခံထားရသော အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်သော သောင်းကျန်းသူ အဖွဲ့အစည်းများနှင့် ဆက်သွယ်ကြောင်း ခိုင်လုံ သော အထောက်အထား ရှိသူသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြောက်ခံ ပိုင်ခွင့် မရှိစေရ ဟု ဖော်ပြ ပါရှိသည်။
ဦးဖိုးစံသည် ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုကာ ကျောက်ဖြူမဲဆန္ဒနယ် အမှတ် (၂ )မှ ဆက်လက် ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်ထားပြီး၊ သြဂုတ် ၁၄ ရက်က ကျောက်ဖြူ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့(ခွဲ)တွင် တခြားကိုယ်စားလှယ်လောင်း ၇ ဦးကို ခေါ်ယူပြီး ကန့်ကွက်သူ ရှိ၊ မရှိ မေးမြန်းခဲ့ရာ ကန့်ကွက်သူ မရှိသဖြင့် ကိုယ်စားလှယ်လောင်း အဖြစ် အတည်ပြုခံရပြီး ဖြစ်ကြောင်း သိရသည်။
သို့သော် သြဂုတ် ၂၂ ရက်တွင် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ဦးဖိုးစံအား ခေါ်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်မှ အကြောင်းကြား စာတစောင် ရောက်ရှိလာကြောင်း၊ စာ၌ ဦးဖိုးစံ၏ သား တပ်မတော်တွင် တာဝန်ထမ်းနေသူ ဗိုလ်မှူး အောင်မြင့်စိုးမှာ ၂၀၁၈ မေလအတွင်းက တပ်နှင့် ကင်းကွာပြီး ခွင့်မဲ့ပျက်ကွက်နေကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ စုံစမ်းရာ AA အဖွဲ့သို့ ရောက်သွားသည်ကို တွေ့ရ၍ ဦးဖိုးစံအနေဖြင့် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀(ဎ) အရ ငြိစွန်း မှု ရှိကြောင်း ပါရှိသည်ကို ခရိုင်ကော်မရှင်အဖွဲ့ (ခွဲ )မှ ဖတ်ပြကြောင်း သိရသည်။
ဦးဖိုးစံက “ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာကို မငြိစွန်းဘူးဆိုပြီး အဲဒီကတည်းက ကျနော်ဘက်က ငြင်းတယ်။ ပြည်နယ်ကော်မရှင်ကို အယူခံ တင်မယ်ဆိုတော့ စာတင်စရာ မလိုဘူး။ ဒီဟာက ပြည်ထောင်စုက လာတာ ဖြစ်တဲ့အတွက် ပြည်နယ်ကော်မရှင်၊ ခရိုင်ကော်မရှင်တို့နဲ့ မဆိုင်ဘူးလို့ ပြောတယ်။ အဲဒါကြောင့် ကျနော်က ပြည်ထောင်စု ကော်မရှင်ကို စာတင်ပါတယ်” ဟု ဧရာဝတီသို့ ဆက်လက်ပြောကြားသည်။
ထို့အတွက် သြဂုတ်လ ၂၄ ရက် နေ့စွဲဖြင့် ရခိုင်အမျိုးသားပါတီ၏ ထောက်ခံတင်ပြချက်နှင့်အတူ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းမှု မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူ၍ စာပို့ခဲ့သည်ဟု သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သြဂုတ်လ ၂၇ ရက် နေ့စွဲဖြင့် အကြောင်းကြားစာတစောင် ရောက်ရှိ လာခဲ့ပြီး ယင်းစာတွင် ဦးဖိုးစံ အနေဖြင့် သတ်မှတ်သည့် ရက်အတွင်း ပြည်နယ်ကော်မရှင်သို့ အယူခံမဝင်သဖြင့် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ) ဆုံးဖြတ်ချက်မှာ အတည်ဖြစ်သည်ဟု ဖော်ပြကြောင်း သိရသည်။
ဦးဖိုးစံက “ခရိုင်ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်တာလည်း မရှိဘူး။ နှုတ်နဲ့ ခေါ်ပြောလို့ ကျနော်က အဲဒီကတည်းက ငြင်းတယ်။ ပြည်နယ်ကို အယူခံ တက်မယ် ဆိုတော့လည်း ပြည်နယ်နဲ့ မဆိုင်ဘူး။ ပြည်ထောင်စုက လာတာလို့ ပြော တယ်။ အခုတခါ ပြည်ထောင်စုက ပြည်နယ်ကော်မရှင်သို့ အယူခံ မဝင်ခဲ့လို့ ခရိုင်ဆုံးဖြတ်ချက် အတည်ဆိုတော့ အဲဒီ ဆုံးဖြတ်ချက်စာကိုလည်း မပေးဘူး။ ကျနော်က ဆုံးဖြတ်ချက်စာ ထုတ်မပေးဘဲ ဘယ်လို အယူခံ တက်ရမှာလဲ” ဟု ပြောသည်။
ကျောက်ဖြူခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးဌေးအောင်ခိုင်ကမူူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (ဎ) အရ ငြိစွန်းမှု ရှိသည့်အတွက် လိုအပ်သလို ဆောင်ရွက်ရန် အကြောင်း ကြားလာသည့်အတွက် ဥပဒေနှင့် အညီ စိစစ်ပြီး ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဎ) အရ ပယ်တာပါ၊ ဒါနဲ့ ငြိစွန်းတယ်ဆိုပြီး အကြောင်းကြားတာပေါ့။ လိုအပ်သလို ဆောင် ရွက်ရန်ဆိုတော့ ရွေးကောက်ပွဲ ဥပဒေနဲ့အညီ စစ်ရတာပေါ့၊ ဥပဒေမှာလည်း ဒီအတိုင်းပဲ ဖော်ပြထားတယ်။ သူတို့ ဆက် သွယ်လား၊ မဆက်သွယ်ဘူးလားဆိုတာ ကျနော်တို့ ခရိုင်ကော်မရှင်အနေနဲ့ မသိနိုင်ဘူးလေ။ ဒီကိစ္စတွေက ပြည်ထောင်စု ကော်မရှင်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်လည်း စစ်လို့ မရဘူး၊ ပြည်ထဲရေးတို့ ဘာတို့ နဲ့ ချိတ်ပြီး လုပ်ရတဲ့ ကိစ္စတွေပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဖိုးစံသည် တရားဝင် နိုင်ငံရေးပါတီ ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင်တဦးလည်း ဖြစ်သလို လက်ရှိ ဥပဒေဘောင် အတွင်းမှ လွှတ်တော် ကိုယ်စားလှယ် ၁ ဦးလည်း ဖြစ်သည့်အတွက် သားဖြစ်သူ AA ကို ရောက်သွားသည် ဆိုသည့် အချက် ၁ချက်တည်းဖြင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ဖျက်လိုက်ခြင်းမှာ ဦးဖိုးစံ တဦးတည်း သာမက ရခိုင် အမျိုးသားပါတီကိုပါ ချိုးနှိမ်ရာ ရောက်ကြောင်း ရခိုင်အမျိုးသားပါတီ ( ANP )မှ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ထောက်ပြ ဝေဖန်သည်။
“သားတယောက် AA မှာ ရှိတယ်ဆိုတာနဲ့ ဦးဖိုးစံကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်တာ ကတော့ သဘာဝ မကျဘူး။ သားလုပ်လို့ အဖေ ခံရမယ် ဆိုတဲ့ ဥပဒေက မြန်မာနိုင်ငံမှာ ကြီးစိုးနေသေးတယ်ဆိုတာ ထင် ဟပ်စေပါတယ်။ ဒီလိုမျိုး ဥပဒေ ဆိုတာ လွန်ခဲ့တဲ့ ၁၆ ရာစု ၊ ရာစုပေါင်း တော်တော်များများက ဒီဥပဒေမျိုးက ကျန်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ သား ဖြစ်ရင် အဖေခံရမယ်။ အဖေဖြစ်ရင် သားခံရမယ် ပုံသဏ္ဍန်မျိုး သက်ရောက် တယ်လို့ ခံစားမိပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင် ရှေ့နေ ဒေါ်အေးနုစိန်ကလည်း သားဖြစ်သူ AA ထဲ၌ ရှိသည်ဆိုသောအကြောင်းပြချက် ၁ ခုတည်းဖြင့် ဦးဖိုးစံအား ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်လိုက်ခြင်းသည် ဥပဒေပါ ပြဌာန်းချက်နှင့်ကွဲလွဲနေကြောင်း ထောက်ပြဝေဖန်သည်။
“အခု ဦးဖိုးစံသား AA ကို ရောက်သွားတယ်ဆိုတဲ့ အကြောင်းကြောင့် ၂၀၂၀ မှာ ရွေးကောက်ပွဲဝင်ဖို့ ဥပဒေနဲ့ မညီဘူးဆိုရင် လက်ရှိသူက လွှတ်တော်အမတ် သူ့သား သွားတာလည်း ကြာပြီ။ လွှတ်တော်အမတ် ဖြစ်နေရင် ဥပဒေနဲ့ မငြိဘူးလား။ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ် ဆိုတာ ခိုင်လုံတဲ့ အထောက်အထား ပြနိုင်ရမယ်လို့ ဆိုရာမှာ သား ၁ ယောက် AA ကိုရောက်သွားသည်ကိုပင် ခိုင်လုံတဲ့ အကြောင်းလို့ ဆိုလို့ ရမလား” ဟု ၎င်းက မေးခွန်းထုတ်သည်။
စစ်အစိုးရ လက်ထက် မိသားစုတွင် အမျိုးသားဒီမိုကရေစီပါတီ (NLD) ပါတီဝင် ၁ ဦး ရှိနေပါက ဆွေခုနှစ်ဆက်၊ မျိုးခုနှစ် ဆက် လမ်းထိပ်တွင် ဈေးရောင်းစားခွင့် မရှိဘဲ ဖိနှိပ်ချုပ်ချယ် ခံခဲ့ရဖူူးသည့် ဖြစ်စဉ် သာဓကများကိုလည်း ကြုံတွေ့ ဖူးကြ သည့်အတွက် အရပ်သားအစိုးရ အနေဖြင့် ကိုယ်ချင်းစာတရားထားရှိကာ လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်းလည်း ဒေါ်အေးနုစိန်က ထောက်ပြသည်။
၂၀၂၀ ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရသည့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ခရိုင် ဆုံးဖြတ်ချက်ကို စာထုတ်ပေးရန် ယမန်နေ့က ကျောက်ဖြူခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက် တောင်း ခံခဲ့သော်လည်း စာမရရှိခဲ့ကြောင်း ပြောသည်။
ကျောက်ဖြူမဲ ဆန္ဒနယ်မှ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၏ သား ၂ ဦးမှာ တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး သားကြီးမှာ စစ်တွေမြို့ ခလရ (၂၇၀)တွင် တပ်ကြပ်ကြီး အဆင့်ဖြင့် လက်ရှိ တာဝန်ထမ်းဆောင်နေပြီး၊ သားငယ် အောင်မြင့်စိုးမှာ မိတ္ထီလာမြို့ အမှတ် (၇၃) သံချပ်ကာတပ်တွင် ဗိုလ်မှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေရင်း ၂၀၁၈ ခုနှစ် မေလအတွင်း ရက္ခိုင့််တပ် (AA) သို့ ခိုလှုံသွားကြောင်း သိရသည်။
သားဖြစ်သူ AA ထံသို့ ရောက်ရှိသွားသဖြင့် ဖခင်ဖြစ်သူအား ဥပဒေနှင့် ငြိစွန်းသည်ဟု သတ်မှတ်မည်ဆိုပါက သူ၏ သားကြီးဖြစ်သူ လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးမှာလည်း အစ်ကိုအရင်းဖြစ်သည့် အတွက် ဥပဒေနှင့် ငြိစွန်းသည်ဟု ယူဆရမည် ဖြစ်ရာ တပ်မတော်မှ ထုတ်ပေးစေလိုကြောင်း ဦးဖိုးစံက ပြောသည်။
“ကျနော့်ကို ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် သူ့ရဲ့ အစ်ကို အရင်းဖြစ်သူကရော မငြိဘူးလား။ သူ့ကိုပါ အလုပ်က ထုတ်ပေး ရမယ်လေ။ အဖေ ဥပဒေနဲ့ ငြိရင် အစ်ကို ကရော မငြိဘူးလား။ အဲဒီအတွက်နဲ့ ကျနော်လည်း သူတို့ လုပ်ကိုင် နေတာ တွေကို ဝေခွဲရ တော်တော်ခက်ပါတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲအကြို ရခိုင်ပြည်နယ် မြင်ကွင်း