ကယားဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှု အောင်မြင်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ ဖောက်ဖျက်ကျူးလွန်သည် ဆိုကာ စွပ်စွဲ ပြစ်တင်မှုကို ယနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ ဖြင့် စွပ်စွဲပြစ်တင်မှု အောင်မြင်ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက “ဆန္ဒမဲလက်မှတ် ထုတ်ယူတဲ့ အရေအတွက်ဟာ အစောင်၂၀ ဖြစ်ပြီး ပြန်လည်ပေးပို့တဲ့ အရေ အတွက်ဟာ အစောင်၂၀ ဖြစ်ပါတယ်။ ဆန္ဒပြု မဲလက်မှတ်များအနက် ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ပယ်မဲ မရှိပါ။ ထောက်ခံမဲ ၁၆ မဲ ရှိပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ အနည်းဆုံး ၃ ပုံ ၂ ပုံ ရှိတဲ့အတွက် ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်က သဘောတူကြောင်း အတည်ပြု ကြေညာပါတယ်” ဟု ပြောသည်။
ကယားပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ၁၀ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ် ၄ ဦး၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၁ ဦးနှင့် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၂၀ ဦး ရှိသည့်အနက် ထောက်ခံမဲ ၁၆ မဲဖြင့် အောင်မြင်သွားခြင်း ဖြစ်သည်။
ထိုသို့ အောင်မြင်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃(င) (၁)အရ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံး ၃ ပုံ ၂ ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်နယ်ဝန်ကြီးချုပ် ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြ အစီရင်ခံရမည်။
ထို့နောက် အဆိုပါ ပုဒ်မခွဲ(၂)အရ နိုင်ငံတော်သမ္မတသည် တင်ပြချက် ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌသည် အဆိုပါ အစီရင်ခံစာကို မည်သည့်ရက် နောက်ဆုံးထားကာ နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဟု ဥပဒေတွင် ဖော်ပြထားခြင်း မရှိပါ။
စုံစမ်း စစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ခူးသဲရယ်က ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းသည် ပြည်နယ်သူ/သားများနှင့် ပြည်နယ် အတွက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေး ဆန်ဆန် တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ စွပ်စွဲပြစ်တင်သည့် ပုဂ္ဂိုလ်များရော၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ပါဝင်သူများကိုပါ ကြည့် လျှင် NLD၊ USDP၊ KySDP နှင့် တပ်မတော်သား ကိုယ်စားလှယ်ပါ ပါဝင်နေသဖြင့် ပါတီ တခုကို တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း၊ ဒီမိုကရေစီစနစ်အရ လွှတ်တော်နှင့် အစိုးရ အပြန်အလှန် ထိန်းကျောင်းခြင်း သာ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ပြည်သူလူထုအနေနဲ့ ဒါကို အထင်မမှားကြဖို့။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ပြည်သူလူထု အကျိုး သက် ရောက်မှု အများ ကြီး ရှိပါတယ်။ နောက်ပိုင်းဖြစ်လာတဲ့ အစိုးရလည်း ဒီလို လုပ်လို့မရဘူး ဆိုတာလည်း သိသွားမှာ ဖြစ်သလို လွှတ်တော် ကလည်း ဒီလိုလုပ်ပိုင်ခွင့်တွေ ရှိတယ်ဆိုတာ ကျနော်တို့ ပြတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် လိုတဲ့ စိတ်ဆန္ဒ မပါပါဘူး” ဟု ၎င်းက ဆိုသည်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်သည်ဟုဆိုကာ အရေးယူ ဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက လက်မှတ်ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌထံ သြဂုတ် ၁၂ ရက်က တင်ပြခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၂၆၃(က)တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဝန်ကြီးချုပ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေး အပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စသည့် အကြောင်းတရပ်ရပ်ကြောင့် စွပ်စွဲ ပြစ်တင်နိုင်ကြောင်း ဖော်ပြထားသည်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ယန္တရား (၁၈ စီး)များ ငှားရမ်းခငွေအား ဘဏ္ဍာငွေ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ် နည်းများနှင့် မညီဘဲ သုံးစွဲနေမှု၊ အများပြည်သူပိုင် နေရာဖြစ်သော ကယားပြည်နယ်နေ့ ကျင်းပရာ ကယားဒေး (Kayah Day)ကွင်းအား စည်ပင်ပိုင် မြေနေရာအဖြစ် ပြောင်းပြီး လုပ်ငန်းရှင်များအား ပြန်လည် ငှားရမ်းနေမှု ဟူသည့် အချက် ၂ ချက်ဖြင့် စွပ်စွဲပြစ်တင်ထားခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်သည့် အကြောင်းအရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော် ထုတ်နိုင်ရန် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ သည့် ၅ ဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်း သြဂုတ်လ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါ အဖွဲ့အနေဖြင့် နှစ်ပတ်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ရရှိလာသည့် အစီရင်ခံစာကို သြဂုတ် ၂၈ ရက် နောက်ဆုံးထားကာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီးနောက် ယနေ့ ကျင်းပသည့် ပြည်နယ် လွှတ်တော်အစည်းအဝေး တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စားပြုအဖြစ် မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသည့် ဦးအယ်လ်ဖောင်းရှို သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌လည်း မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) မှ ပင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
You may also like these stories:
ကယားဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှု စက်တင်ဘာ ပထမပတ်တွင် မဲခွဲဆုံးဖြတ်မည်