ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း တပ်မတော် အရာရှိနှင့် စစ်သည်များ လုပ်ကြံသတ်ဖြတ်ခံရသည့်အမှု လက် သည် မပေါ်သေးဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီကို ပြောသည်။
တပ်မတော်သားများ လုပ်ကြံ သတ်ဖြတ်ခံရသည့်အမှုမှာ သြဂုတ်၂၉ ရက်နှင့် ၃၀ ရက်တို့တွင် မြဝတီ-ကော့ကရိတ်သွား လမ်းဟောင်း၊ အလယ်ဘိုတဲစခန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ အလယ်ဘိုတဲစခန်းတွင် စခန်းထိုင်နေသည့် ဆက်သွယ်ရေး တပ်သား၂ ဦး ပစ်ခတ်သတ်ဖြတ်ခံရရာ စစ်ဆေးရန် အတွက် အလောင်းလာရောက်သယ်ယူရာ၌ အလောင်းအောက်တွင် မိုင်းထောင်ထားသဖြင့် ပေါက်ကွဲကာ ဆေးတပ်ဖွဲ့မှ ဗိုလ်ကြီးနှင့် တပ်သားတဦးတို့ ထပ်မံ ထိခိုက် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “လုံခြုံရေးအရ ဆောင်ရွက်မှုတွေကတော့ ဆက်လက် ဆောင်ရွက်နေတယ်။ ဘယ်သူ့အဖွဲ့ လက်ချက်ဆိုတာကတော့ အခုချိန်ထိ မသိရသေးဘူး။ အဲဒီဘက်ကလည်း အဖွဲ့အစည်း နည်းနည်း စုံတယ်။ လုံခြုံရေးအရ စိစစ် တွေ့ရှိတာ၊ စုံစမ်းစစ်ဆေးတာ တွေ့ရှိရင်တော့ လိုအပ်သလို ဆောင်ရွက်သွားပါလိမ့်မယ်” ဟု ဆိုသည်။
အဆိုပါ မိုင်းပေါက်ကွဲမှု၌ ဆေးတပ်ဖွ့ဲမှ ဗိုလ်ကြီးနှင့် တပ်သားတဦး သေဆုံးသည့်အပြင် စစ်ဆေးရေးအဖွဲ့တွင် ရဲတပ်ဖွဲ့ ကလည်း ပူးပေါင်းလိုက်လာပါသဖြင့် ဒုရဲအုပ် တဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ကရင်ပြည်နယ်တွင် အပစ်ရပ်ပြီးနောက် ပြန်လည် ပစ်ခတ်မှုများ မရှိစေရန်နှင့် နှစ်ဖက်တပ်ဖွဲ့များ စစ်ရေး တင်းမာပါက ကြားဝင် ညှိနှိုင်းဖြေရှင်းပေးရသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၊ ကရင်ပြည်နယ်၏ ဒု ဥက္ကဋ္ဌ တဦး ဖြစ်သည့် ဒေါ်နန်းစေးဝါးက အလယ်ဘိုတဲ အနီးတဝိုက်တွင် တပ်မတော် စစ်ကြောင်းများ သာ အဓိက လှုပ်ရှားသည့်နေရာဟု သိရှိပြီး တပ်မတော် တပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တစုံတရာ သိရှိထားခြင်း မရှိသေးပါဟု ဆိုသည်။
မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇအောင်က တပ်မတော်သားများ လုပ်ကြံသတ်ဖြတ်ခံရသည့်နေရာမှာ ကော့ကရိတ် ခရိုင်၊ ကော့ကရိတ်မှ မြဝတီသို့တက်သည့် လမ်းဟောင်း၊ ဒေါနတောင်တန်းနှင့် ဆက်စပ်နေသည့် တောအုပ်အတွင်းရှိ တပ်မတော်၏ ဆက်သွယ်ရေး တာဝါတိုင်အနီး၌ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ပြောသည်။
ခရီးသွားကားများမှာ အာရှလမ်းမကြီး (လမ်းသစ်) ကိုပဲ အသုံးပြသွားလာနေသဖြင့် လမ်းဟောင်းက လူသူပြတ်ပြီး ပစ်ခတ် မှု ဖြစ်သွားစဉ်ကလည်း ကြားလိုက်သူမရှိဘဲ တပ်မတော် စစ်ကြောင်းများက ဆက်သွယ်ရာတွင် ဆက်သွယ်မရသဖြင့် စစ် ကြောင်းဖြင့် တက်လာရာ သေဆုံးနေသည့် အလောင်းများကို တွေ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပစ်သတ်ခံထားရသည့် ဆက်သွယ်ရေး တပ်သား၂ ဦးမှာ တပ်ကြပ်တဦးနှင့် တပ်သားတဦးတို့ ဖြစ်ပြီး ၎င်းတို့ကို အနီးကပ် ပစ်ခတ်သွားသည်ဟု စစ်ဆေးတွေ့ရှိထားကြောင်းလည်း ဦးတေဇအောင်က ဆက်လက်ပြောဆိုသည်။
ဆက်လက်ပြီး ၎င်းက “အလောင်းကို ရွှေ့ဖို့ စောင်းလိုက်တော့ မိုင်းကွဲတာ။ မိုင်းကလည်း သာမန် လက်ပစ်ဗုံးမျိုး မဟုတ်ဘဲ ဖောက်ခွဲဖျက်ဆီးရေးမှာ ကျွမ်းကျင်တဲ့သူ ထောင်ထားတာလို့ ပြောတယ်” ဟု ပြောသည်။
ဦးတေဇအောင်က ၎င်းထံသို့ ရောက်လာသည့် ရုံးစာမှတ်တမ်းများအရ သိရှိရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
ကရင်ပြည်နယ်တွင် တပ်မတော်နှင့် တိုက်ခိုက်နေသည့် တပ်ဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)တို့ ရှိသော်လည်း ၎င်းတို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ရေးထိုး ထားပြီး အစိုးရ၊ တပ်မတော်တို့နှင့်လည်း နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။
ကော့ကရိတ် လမ်းကြော တလျှောက်တွင် လှုပ်ရှားပြီး တပ်မတော်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သည့် DKBA ခွဲထွက် အဖွဲ့မှာလည်း မတ်လကတည်းက အလင်းဝင်ထားသည်။
တပ်မတော်၏ ဆက်သွယ်ရေး တပ်ဖွဲ့ဝင်များ လုပ်ကြံသတ်ဖြတ်ခံရသည့် နယ်မြေ အနီးတဝိုက်တွင်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား စစ်ရေး တင်းမာသည့် အခြေအနေမျိုးလည်း ယခုလပိုင်းတွင် မတွေ့ရ ကြောင်း ဒေသခံများထံက သိရသည်။
ဦးတေဇအောင်က “ဒီနယ်မြေတွေက ရွေးကောက်ပွဲ ကာလမှာ ဒီလို ဖြစ်တတ်ပါတယ်။ နောက်တခုက ဒီကာလမှာ မူးယစ် ဆေးဝါး ဖမ်းဆီးမှုက တော်တော်လေး အင်အားများများ ဖမ်းဆီးထားတာ မိထားတာ ရှိတယ်။ မူးယစ်ဆေးဝါးနဲ့ လက်နက်၊ ဒီကိစ္စတွေကတော့ ဆက်စပ်နေတာပေါ့။ ဒီကာလမှာ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေကလည်း နည်းနည်း များပါတယ်” ဟုလည်း ပြောသည်။
တပ်မတော် တပ်ဖွဲ့ဝင်များ လုပ်ကြံသတ်ဖြတ်ခံရသည့် အမှုနှင့် ပတ်သက်၍ တပ်မတော်မှ စုံစမ်းနေသည်ဟု ပြောဆိုသော် လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တပ်မတော် သတင်းမှန် ပြန်ကြားရေးတို့တွင် သတင်းထုတ်ပြန် ကြေညာ ထားခြင်း မရှိသေးပါ။
အလယ်ဘိုတဲစခန်းတွင် ဖြစ်ပွားထားသည့် လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ ကရင်လက် နက်ကိုင် တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် ကရင် လက်နက်ကိုင် တပ်ဖွဲ့များထံမှ သီးခြားမှတ်ချက်များ ရယူမေးမြန်းနိုင်ခြင်း မရှိပါ။
You may also like these stories:
ရခိုင်ကို ချန်လှပ်၍ တပ်မတော် အပစ်ရပ်သက်တမ်းထပ်တိုး