ရခိုင်ပြည်နယ်မှ စတင်ပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ပျံ့နှံ့နေသော မြန်မာနိုင်ငံမှ အလုပ်အကိုင်ရှာသူများနှင့် အခြားသူများ တရားမဝင် လာရောက်ခြင်းကို တားဆီးရန် ထိုင်းအစိုးရဌာနများ ပူးပေါင်းကင်းလှည့်ခြင်းကို နယ်ခြား သောင်ရင်းမြစ်တွင် တိုးမြှင့်လုပ်ဆောင်နေသည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများတွင် ဗိုင်းရပ်စ်ပိုးပါလာပြီး ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်မည်ကို စိုးရိမ်နေကြသည်။ သောင်ရင်းမြစ်သည် ထိုင်းနှင့် မြန်မာနိုင်ငံအကြား နယ်စပ် တစိတ်တပိုင်းဖြစ်သည်။
ထိုသို့ ကင်းလှည့်နေသည့် အစိုးရဌာနများတွင် မဲဆောက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်၊ ထိုင်းစစ်တပ် အမှတ် ၄ ခြေလျှင်တပ်ရင်းနှင့် အမှတ် ၃၅ ရိန်းဂျားတပ်ရင်း၊ ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ တာ့ခ်ခရိုင် မဲဆောက်၊ မဲရာမက်၊ ဖေါ့ဖရာ၊ အမ်ဖန်နှင့် သာဆောင်ယန် မြို့နယ်များမှ နယ်ခြားစောင့်ရဲနှင့် ခရိုင်ရဲများ ပါဝင်သည်။
လှည့်ကင်းများသည် သောင်ရင်းမြစ်ကူးသည့် နေရာများကို အထူး အာရုံစိုက်နေသည်။
၎င်းတို့သည် မူးယစ်ဆေး၊ သစ်မှောင်ခိုနှင့် ထွက်ပြေးလာသော ရာဇဝတ်သား ကဲ့သို့သော အခြားအရာများကိုလည်း စောင့်ကြည့်နေသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လှိုင်း ထပ်မံဖြစ်သည့် သတင်းများကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများခေါ်ယူခြင်းကို ဆိုင်းငံ့ထားရန် ထိုင်း ကျန်းမာရေး အာဏာပိုင်များက စီးပွားရေးလုပ်ငန်းများကို သောကြာနေ့တွင် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် ယခင်က ပြည်ပမှ ပြန်လာသူများအကြားသာ ရောဂါကူးစက်မှုရှိခဲ့သော်လည်း လွန်ခဲ့သော နှစ်ပတ်အတွင်းတွင်မူ ပြည်တွင်းကူးစက်မှု ပြန် ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ သတင်းထုတ်ပြန်အရ ကိုဗစ်ရောဂါပိုးတွေ့ရှိသူပေါင်း ၇၈၇ ဦးအထိ ရှိလာပြီး ဖြစ်ကာ ရောဂါကင်းစင်သူမှာ ၃၅၂ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ၂၄၀၀ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ်တလျှောက် လုံခြုံရေးတင်းကျပ်ထားပြီး အလုပ်ရှာရန် တရားမဝင် ဝင်ရောက်လာသူများကို တားဆီးနေသည်။
ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးရန် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် လတ်တလောတွင် မြန်မာအလုပ်သမားများ ခေါ်ယူခြင်းကို ဆိုင်းငံ့ထားရန် ထိုင်းကျန်းမာရေးအရာရှိတဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ရေးသည်။
နယ်စပ်တွင် လုံခြုံရေး တင်းကျပ်ရန်နှင့် တရားဝင်ဖြတ်ကျော်သော နေရာများမှ ဝင်ရောက်လာသူများကို တင်းကျပ်သော ကျန်းမာရေး စစ်ဆေးမှုလုပ်ရန် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ပြည်နယ် ၁၀ ခုဖြစ်သည့် တာ့ခ်၊ ချင်းမိုင်၊ ချင်းရိုင်၊ မဲဟောင်ဆောင်၊ ကန်ချနာဘူရီ၊ ဖက်ချာဘူရီ၊ ပရာကျွပ် ခီရီခန်၊ ရက်ချာဘူရီ၊ ချွန်ဖုံ နှင့် ရနောင်း ခရိုင်များမှ အုပ်ချုပ်ရေးမှူးများအားပြောထားကြောင်း ပြည်ထဲရေး အမြဲတမ်းအတွင်းဝန် ချက်ချိုင် ဖရွန်လတ်က သောကြာနေ့တွင်ပြောသည်။
တနင်္လာနေ့နံနက်အထိ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၃၄၁၂ မှုရှိပြီး သေဆုံးသူ ၅၈ ယောက်ရှိသည်။
ကိုးကား။ ။ Bangkok Post
You may also like these stories:
ကိုဗစ်ကာလ ထိုင်းရောက် အလုပ်လက်မဲ့ မြန်မာလုပ်သားများ
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့် လွယ်ကူရေး အားထုတ်ပေးကြပါ
မလေးရှားမှာ ဒုက္ခရောက်နေသူတွေကို ပူးပေါင်းကယ်ဆယ်လို့ မရဘူးလား