ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လှုပ်ရှားအခြေစိုက်သည့် ရှမ်းပြည်နယ်တွင်းရှိ နယ်မြေများတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမည်ဆိုပါက နိုင်ငံရေးပါတီများအနေဖြင့် RCSS ထံ ကြိုတင် အကြောင်းကြားပြီးမှသာ မဲဆွယ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဟု သတင်းရရှိသည်။
အဆိုပါ သတင်းအချက်အလက်ကို RCSS ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီက ယနေ့ ထုတ်ပြန်လိုက်သည့် “၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သတ်၍ ထုတ်ပြန်ကြေညာချက်” ဟူသည့် ကြေညာချက်ထဲတွင် ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။
RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “ရည်ရွယ်ချက်နံပါတ် ၁ က ဘယ်ပါတီမဆို RCSS ထိန်းချုပ်တဲ့နယ်မြေထဲမှာ လွတ်လွတ်လပ်လပ်လုံခြုံရေး ရှိရှိ အဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်ပါတယ်။ ကြိုတင်ပြောရမှာက ကျနော်တို့ တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာ ထိန်းချုပ်တဲ့ နေရာ အားလုံး အပါအဝင် ဖြစ်ပါတယ်”ဟု ပြောသည်။
RCSS ၏ ထုတ်ပြန်ချက်တွင် RCSS အုပ်ချုပ်ရေး နယ်မြေဒေသအတွင်း မဲဆွယ်ရေးလုပ်ငန်းများ လုပ်ပါက အဆင်ပြေစေရန် နိုင်ငံရေးပါတီများက RCSS ၏ ဆက်ဆံရေးရုံးများ၊ နယ်မြေခံ အုပ်ချုပ်ရေးတာဝန်ရှိသူများကို ကြိုတင် အကြောင်းကြားရန် လိုအပ်ပြီး ကြိုတင် ဆက်သွယ်အကြောင်းကြားပြီးမှသာ မဲဆွယ်ခြင်းကို ဆက်လက် ဆောင်ရွက်နိုင်ပါမည်ဟု ရေးသားထားသည်။
ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးက “ဘယ်ပါတီဝင်မဆိုအားလုံးက သက်ဆိုင်ရာ နီးစပ်တဲ့ မြို့နယ်၊ RCSS ဆက်ဆံရေးရုံးတွေ ရှိတဲ့ မြို့တွေမှာ ဆက်သွယ် ပြီး ညှိနှိုင်းမှု ရယူသွားဖို့ပေါ့။ တကယ်လို့ ဆက်ဆံရေးရုံးမရှိတဲ့ မြို့ဆိုရင် မြို့ကနေ မနီးမဝေးထွက်သွားရင် RCSS တပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာမှာ ဆက်သွယ်ပြီးတော့ ညှိနှိုင်းမှုတွေ နားလည်မှုတွေ ရယူပြီးတော့ သွားရင် အဆင်ပြေမှာပါ” ဟုဆိုသည်။
မဲဆွယ်စည်းရုံးရေး မလုပ်ခင် ကြိုတင်အကြောင်းကြားရန် ပြောဆိုရခြင်းမှာ စစ်ရေးအခြေအနေ ၊ လုံခြုံရေး အခြေအနေများအတွက် ဖြစ်ပြီး စာမတင်၊ အကြောင်းမကြား၊ ညှိနှိုင်းမှု မရှိဘဲ သွားလာပါက လမ်းတွင် ပြဿနာ တစုံတရာ ရှိလျှင် တာဝန်ကြီးမည်ကို စိုးရိမ်သဖြင့် ကြိုတင်ညှိနှိုင်းရန် ပြောဆိုရခြင်းလည်း ဖြစ်ပါသည်ဟု ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။
ထို့ပြင် RCSS သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် ကူညီပါမည်ဟုလည်း ထုတ်ပြန်ချက်၏ အဆုံးသတ်တွင် ရေးသားထားသည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ကြေငြာထားသဖြင့် နိုင်ငံရေးပါတီများမှ မဲဆွယ်စည်းရုံးရန် စတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။
မဲဆွယ်စည်းရုံးရေးကို ရွေးကောက်ပွဲမတိုင်ခင် တလဝန်းကျင် အလိုတွင် ပြုလုပ်ကြသော်လည်း လက်ရှိတွင် UEC က မဲဆွယ်စည်းရုံးရေး စတင်မည့် ရက်ကို ကြေငြာခြင်း မရှိသေးပါ။
ရှမ်းပြည်နယ်အနှံ့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က “ကျနော်တို့ကတော့ UEC ကို မေးပြီးတော့မှ သဘောထား ပြောနိုင်မယ်။ UEC ဘက်က ခွင့်ပြုထားသလားပေါ့။ အဲ့လိုမဟုတ်ပဲ သူက အစိုးရအာဏာပိုင်အဖွဲ့အစည်းလည်း မဟုတ်တော့ သူနဲ့ သွားဆက်သွယ်လိုက်တဲ့ အချိန်မှာ ဘယ်လို ဥပဒေနဲ့ ငြိစွန်းမလဲဆိုတာ UEC ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်။ UEC ရဲ့သဘောထား မသိရပဲ ကျနော်တို့က ဒီအပေါ်မှာ ချက်ချင်းလက်ငင်း တုန့်ပြန်ပြောဆိုဖို့ကတော့ ခက်ခဲပါ တယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကာလကလည်း ဒေသဆိုင်ရာ RCSS တပ်ဖွဲ့များဘက်မှ မဲဆွယ်ရာတွင် အကြောင်းကြားရန် ပြောဆိုမှုများရှိခဲ့ပြီး ထိုစဉ်ကလည်း သက်ဆိုင်ရာ နယ်မြေခံပါတီရုံးများက RCSS ၏ ဆက်ဆံရေးရုံးများသို့ သွားကာ အစည်းအဝေးပြုလုပ်ပြီး ညှိနှိုင်းခဲ့ရကြောင်း၊ ညှိနှိုင်းခဲ့ရစဉ်ကလည်း SNLD တပါတီတည်း မဟုတ်ပဲ အခြားနိုင်ငံရေးပါတီများလည်း ညှိနှိုင်းခဲ့ရပါသည်ဟု ဦးစိုင်းလိတ်က ပြောသည်။
ဦးစိုင်းလိတ်က “အနှောင့်အယှက်ကြီးကြီးမားမားတော့ မရှိလောက်ဘူး။ သူတို့ကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ရှိတယ်ဆိုတာ ထုတ်ပြန်ထားတာ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကျနော်တို့ လုပ်ကိုင်နည်းတွေက အံဝင်ခွင်ကျ မဖြစ်ရင် နှောင့်နှေးကြန့်ကြာတာမျိုး၊ ဥပဒေပိုင်း ဆိုင်ရာ မလိုလားအပ်တာ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ အဲ့တော့ အနှောင့်အယှက်တော့ ဖြစ်တာပေါ့ဗျာ” ဟုလည်း ဆိုသည်။
RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်( NCA) ကို လက်မှတ်ရေးထိုးထားပြီး မတရားအသင်းမှ ပယ်ဖျက်ခံထားရသော်လည်း ရှမ်းပြည်နယ်တွင် RCSS နှင့် ဆက်စပ်၍ မတရားအသင်း ဥပဒေ ဖြင့် တပ်မတော်က ဖမ်းဆီး တရားစွဲဆိုသည့် အမှုများက ရှိနေဆဲပင် ဖြစ်သည်။
RCSS သည် ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်တိုင်းလျန်းတွင် ဌာနချုပ်စိုက်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လှုပ်ရှားသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းတို့တွင် လှုပ်ရှားမှုသည် အငြင်းပွားမှု မရှိသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်မြို့နယ် တဝိုက်တွင် လှုပ်ရှားမှုနှင့် ပတ်သတ်၍ NCA လက်မှတ်ထိုးပြီးမှ နယ်မြေ ကျော် ဝင်ရောက် လာသည်ဟု ငြင်းခုန်မှုများရှိပြီး တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ခိုက်မှုများရှိသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် တအန်းအမျိုးသားပါတီ (TNP) က ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ထားရာ RCSS က ဝင်မပြိုင်ရန် ဖိအားပေး ပြောဆိုမှုများ ရှိနေသည်။
သြဂုတ် ၂၀ ရက်က မိုင်းကိုင်မြို့နယ်၊ ဆင်းရှေ့ကျေးရွာအုပ်စုတွင် RCSS က အရပ်သားများကို ခေါ်ပြီး အစည်းအဝေးပြုလုပ်စဉ် TNP ပါတီကို မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲအတွင်းဝင်မပြိုင်ရန်ပြောဆိုကာ ဝင်ပြိုင်ပါက ပလောင်တိုင်းရင်းသား ရွာသားများ အခက်ခဲကြုံရမည်ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၏ အတွင်းရေးမှူး ဦးသိန်းနိုင်က လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်တွင် RCSS တပ်ဖွဲ့ဘက်မှ တအန်းအမျိုးသားပါတီ (TNP) ကို ရွေးကောက်ပွဲတွင် ဝင်မပြိုင်ရန် ပြောဆိုခြိမ်းခြောက်မှု ရှိသဖြင့် TNP ဘက်က တိုင်ကြားထားသည်ဟု ပြောသည်။
TNP ဘက်မှ တိုင်ကြားစာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ထံသို့ ပေးပို့ထားပြီး UEC ဘက်မှ တစုံတရာ တုန့်ပြန်ပေးရန် မျှော်လင့်သည်ဟု ဦးသိန်းနိုင်က ပြောသည်။
RCSS ၏ ထုတ်ပြန်ချက်နှင့် ပတ်သတ်၍လည်း ဦးသိန်းနိုင်က “ရွေးကောက်ပွဲမှာ ကော်မရှင်ကိုပဲ တင်ရမယ်လို့ ရှိတယ်ဗျ။ RCSS ကို တင်ရမယ်၊ တပ်မတော်ကို တင်ရမယ်၊ ဘယ်လက်နက်ကိုင်အဖွဲ့ကို တင်ရမယ်ဆိုတာ မရှိလို့ ဒါက လုပ်ခွင့်မရှိတာကို လုပ်တာပဲ။ တင်ပြခွင့်က ကျနော်တို့ ကော်မရှင်ကိုပဲ တင်ပြခွင့်ရှိတာပဲ။ ကော်မရှင်ကိုပဲ တင်ပြပြီး မဲဆွယ်စည်းရုံးရတာလေ” ဟု ပြောသည်။
ရှမ်းပြည်နယ်သည် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ ရှိသဖြင့် နိုင်ငံရေးပါတီများကလည်း နယ်မြေ ဒေသ၏ အခြေအနေအရ လှုပ်ရှားရနေရသည်ဟု ဦးသိန်းနိုင်က ဆိုသည်။
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မကျင်းပမီကလည်း မိုင်းကိုင်မြို့နယ်၊ TNP ပါတီ ဆိုင်းဘုတ်တင်ပြီးနောက် ပါတီ ဥက္ကဋ္ဌကို RCSS က တလ ကျော်ကြာ ဖမ်းဆီးခဲ့ဖူးသည်။
ပလောင်ပါတီနှင့် RCSS တို့ကြား မပြေလည်သည့် အခြေအနေနှင့် ပတ်သတ်၍လည်း ဦးသိန်းနိုင်က “ဒီနယ်မြေမှာ ပလောင်ပါတီကို မဝင်စေချင်ဘူး။ မိုင်းကိုင်အနောက်ခြမ်း တကြောမှာ ပလောင်ရွာတွေ များတယ်။ တခုခုလုပ်လာမလားဆိုတာ အမြင်ရှိမှာပေါ့။ သူတို့က မရှိစေချင်ဘူး။ ဒါပေမယ့်လည်း ဥပဒေအရပလောင်ပါတီလည်း တနိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတာပဲလေ။ ဒါ့ကြောင့် ဥပဒေအရ လုပ်ခွင့်ရှိတာဆိုတော့ ကျနော်တို့က အဲ့ကတည်းက သူတို့ကိုကန့်ကွက်ခဲ့တယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ နမ့်စန်၊ ကာလိ၊ လင်းခေး၊ မိုင်းကိုင် စသည့် မြို့နယ်များတွင် ရှေးပလောင်ရိုးရာ ဝတ်စုံများ ဝတ်ဆင်ကာ ရှေးဓလေ့အတိုင်း နေထိုင်သည့် ပလောင်တိုင်းရင်းသားကျေးရွာများ ရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ RCSS လှုပ်ရှားသည့် ပလောင်ကျေးရွာများတွင် ပလောင်လူမျိုးများ၏ နိုင်ငံရေး လှုပ်ရှားမှု ကို နှိပ်ကွပ်နေသည်ဟု ပလောင်အသိုင်းအဝိုင်းမှ ဝေဖန်မှုများ ရှိသည်။
သို့သော် ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ၎င်းတို့ RCSS ဘက်မှ လူမျိုးအလိုက် ခွဲခြားဆက်ဆံခြင်း မရှိဘဲ ပလောင်ပါတီ ကိုလည်း အခြားလူမျိုး ပါတီများနည်းတူ တန်းတူသာ သဘောထားပါသည်ဟု ဧရာဝတီကို ပြောသည်။
မိုင်းကိုင်မြို့နယ်အတွင်း TNP ကို ဝင်မပြိုင်ရန် RCSS ဘက်က ပြောသည်ဆိုသည့် ကိစ္စရပ်မှာလည်း နားလည်မှု လွဲမှားခြင်းသာ ဖြစ်နိုင်ပြီး RCSS ဗဟို၏ သဘောထား မဟုတ်ပါဟု ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။
You may also like these stories:
AAသို့ တောခိုသွားသည့် သားကြောင့် ကျောက်ဖြူအမတ် ရွေးကောက်ခံပိုင်ခွင့် ပယ်ဖျက်ခံရ
စဉ့်ကိုင်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းကို ဒေသခံတချို့ကန့်ကွက်
ရွေးကောက်ပွဲအမီ Facebook ကိုအသုံးချလာတဲ့ နိုင်ငံရေးပါတီများ