ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ရခိုင်မြောက်ပိုင်းမှ မွတ်စလင် ၄၂ ဦးထဲတွင် ကူးစက်မြန် COVID – 19 ရောဂါပိုးရှိသူ တဦး ပါဝင်နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စုအတွင်းရှိ ကြပ်ပြေးမြစ်ဝသို့ ရေလမ်းခရီးဖြင့် နိုင်ငံသားအထောက်အထားမဲ့ ဝင်ရောက်လာသည့် မွတ်စလင် ၄၂ ဦးကို ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူ များက သြဂုတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ထို့နောက် သြဂုတ်လ ၂၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်နှင့်ဧရာဝတီ နယ်စပ်ရှိ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့နယ်နိမိတ်အတွင်းရှိ လူသူဝေးသောနေရာတွင် ယာယီကွာရန်တင်း စခန်းတည်ဆောက်၍ သီးခြားထားရှိခဲ့ကြောင်း သိရသည်။
အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၉ နှင့်ကလေးငယ် ၂ ဦးတို့ပါဝင်သည့် အဆိုပါ လူအုပ်စုအား ဓာတ်ခွဲနမူနာများ ရယူ၍ COVID – 19 ရောဂါပိုးရှိ၊ မရှိ ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ အဆိုပါလူအုပ်စု အတွင်းမှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦးတွင် COVID – 19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ်၊ ကွာရန်တင်းစင်တာ တာဝန်ခံ မြို့နယ်ကျန်းမာရေးမှူး ဦးကျော်ကျော်ဆန်းက “သူ့ကို ည ၁၂ နာရီလောက်မှာ တိုင်းကျန်းမာရေးဌာနအစီအစဉ်နဲ့ ရန်ကုန်မြို့က ဝေဘာဂီအထူးကုဆေးရုံကြီးဆီကို ပို့ဆောင်ခဲ့ပါတယ်။ သူတို့တွေက သီးသန့်အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်သလို တခြားနေရာက ရောက်လာတဲ့သူတွေဖြစ်လို့ နောက်ကြောင်းကိုတော့ မလိုက်တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သူ အသက် ၂၁ နှစ်အရွယ် (Case – 815) မှာ မောင်တောမြို့နယ်မှဖြစ်ပြီး မြန်မာပြည်အတွင်း၌ ကိုဗစ်ပိုးတွေ့လူနာနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်း မရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နိုင်ငံသားအထောက်အထားမဲ့ ဝင်ရောက်လာသူ ၄၂ ဦးကို သြဂုတ်လ ၂၇ ရက်နေ့က မော်လမြိုင်ကျွန်းမြို့နယ်တွင် ဖမ်းမိပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့တွင် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့၏အစီအစဉ်ဖြင့် ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့နယ်နိမိတ်အတွင်းရှိ ယာယီကွာရန်တင်း စခန်းသို့ မှန်လုံကားများဖြင့် ပို့ဆောင်ခဲ့ကြသည်။
ထိုသို့ပို့ဆောင်ရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦး မှာလည်း သက်ဆိုင်ရာ မြို့နယ်ကွာရန်တင်း စင်တာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြည့်မှုများ ခံယူနေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “သူတို့ကို ပို့ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ လပွတ္တာခရိုင်နဲ့ ဖျာပုံခရိုင်က ရဲတပ်ဖွဲ့ဝင် ၁၄ ဦးဟာ အဲဒီနေ့ကတည်းက သက်ဆိုင်ရာ မြို့နယ် ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်မှု ခံယူနေကြပါတယ်။ သူတို့ကိုလည်း COVID – 19 ရှိမရှိ စစ်ဆေးထားပါတယ်။ ရလဒ်ကတော့ ထွက်မလာသေးပါဘူး” ဟု ပြောသည်။
လက်ရှိတွင် ဘက်ရဲမြို့နယ်နိမိတ်အတွင်းရှိ ယာယီကွာရန်တင်းစခန်း၌ ရခိုင်မြောက်ပိုင်းမှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၄၁ ဦးကို ဧရာဝတတိုင်းအစိုးရက သီးခြားထားရှိ၍ အသွားအလာကန့်သတ်ကာ စောင့်ကြည့် မှုများ ပြုလုပ်ထားပြီး ၎င်းတို့၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် စားသောက်ရေးတို့အတွက် တာဝန်ယူ စီစဉ်ပေးလျှက် ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “သူတို့က ရခိုင်ပြည်နယ်ကလာတာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ကို ပြန်ပို့နိုင်ရေး စီစဉ် နေပါတယ်။ အဲဒါကြောင့် ဧရာဝတီတိုင်း ဝင်ပေါက်ဖြစ်တဲ့ ဘက်ရဲဂိတ်နဲ့ နီးတဲ့နေရာ လူသူနဲ့ဝေးတဲ့နေရာမှာ ယာယီကွာရန်တင်းစခန်း အမြန်ဆောက်ပြီး ထားတာပါ” ဟု ပြောသည်။
ရခိုင်မြောက်ပိုင်းမှ မွတ်စလင်များကို ဧရာဝတီတိုင်းသို့ သယ်ဆောင်လာသည့် ရခိုင်လူမျိုး စက်လှေသမား ၄ ဦးနှင့် လမ်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ ဒေသခံတစ်ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
You may also like these stories:
ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူညီမှုရမည်ဟု မြန်မာ မျှော်လင့်
မြဝတီ ခိုးဝင်ရန်ကြိုးစားသည့် တရုတ် ၂၀ ဦး လမ်းခရီးတွင်ဖမ်းမိ