တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် မစ္စတာယန်ကျိချီ (Mr. Yang Jiechi) သည် ၎င်း၏ နိုင်ငံတကာခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် စက်တင်ဘာလ ၁ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မစ္စတာယန်ကျိချီသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်ပြီး ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌရာထူးနှင့် နိုင်ငံခြားရေးရာ ညွှန်ကြားရေးမှူး ရာထူးရယူထားသူလည်း ဖြစ်သည်။
၎င်းသည် မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂ ရက်အထိ နေထိုင်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောကြားသည်။
ဦးအောင်ကို က “မစ္စတာ ယန်ကျိချီပါ။ ဒီနေ့ရောက်ပါတယ်။ ၂ ရက်ပေါ့။ မနက်ဖြန် ပြန်ထွက်ပါမယ်။ သူက မြန်မာနိုင်ငံပြီးရင်တော့ ဥရောပက စပိန်နဲ့ ဂရိနိုင်ငံကို ဆက်သွားပါမယ်” ဟု ဆိုသည်။
မစ္စတာ ယန်ကျိချီနှင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံရာတွင် တရုတ်– မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးမည်ဟုဆိုသည်။
ထိုပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာစဉ်က သဘောတူထားသည့် စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေး၊ မြန်မာအစိုးရက ကိုဗစ်ကာလအတွင်း စီးပွားရေးပြန်လည် ဦးမော့ရန် ဆောင်ရွက်မည့် CERP စီမံကိန်း နှင့် ရခိုင်ပြည်နယ် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် တရုတ်နိုင်ငံဘက်က အကူအညီပေးရေး ကိစ္စများလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း လည်း သိရသည်။
“သူတို့လည်း ကိုဗစ်ကာလမှာ မြန်မာနိုင်ငံကို အလေးထားပြီးလာတယ်ဆိုတော့ ၂ နိုင်ငံဆက်ဆံရေးကို ဘယ်လောက်အလေးထားလဲဆိုတာ မြင်သာပါတယ်” ဟု ဦးအောင်ကို က မှတ်ချက်ပေးသည်။
တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောကမူ တရုတ်ထိပ်တန်းသံတမန် ၏ မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်နိုင်ငံ၏ သွက်လက်စွာ လှုပ်ရှားလာသည့် နိုင်ငံခြားရေးမူဝါဒ၏ အစိတ်အပိုင်း တရပ်ဖြစ်ကြောင်း ပြောသည်။
မစ္စတာယန်ကျိချီ၏ ခရီးစဉ်တွင် အကြောင်းအရာ ၂ ချက်ကို အကောင်အထည်ဖော်ရန် လာခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
၎င်းတို့မှာ တရုတ်နိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံအပါအဝင် အခြားစီးပွားရေးတောင့်တင်းသည့် နိုင်ငံ ၄ နိုင်ငံအကြားဆောင် ရွက်မည့် RCEP စီမံကိန်း အကြောင်းရှင်းပြရန်နှင့် တောင်တရုတ်ပင်လယ် ကိစ္စ ရှင်းပြ ဆွေးနွေးရန် တို့ဖြစ်သည်။
ဒေါက်တာ လှကျော်ဇော က “Regional Comprehensive Economic Partnership ပေါ့။ အဲဒါက အာဆီယံ ၁၀ နိုင်ငံနဲ့ တခြားနိုင်ငံကြီး ၅ နိုင်ငံပေါ့။ တရုတ်ရယ်၊ ဂျပန်ရယ်။ တောင်ကိုရီးယားရယ်။ သြစတြေးလျရယ်။ နယူးဇီလန်ရယ်ပေါ့။ အဲဒီနိုင်ငံတွေအပါပေ့ါ။ အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လွတ်လပ်တဲ့ ကုန်သွယ်ခွင့်ရ ဒေသကြီးလုပ်ဖို့ စီစဉ်နေတယ်။ အဲဒါလက်မှတ်မထိုးခင် သူတို့လိုက်ပြီးတော့ ဆွေးနွေးနေပုံ၊ ညှိနေပုံရတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်နဲ့ ပွတ်တိုက်မှုတွေက တော်တော်ပြင်းထန်နေတယ်။ တရုတ်က အဲဒီအတွက် တောင်တရုတ်ပင်လယ်အတွင်းမှာ Code of Conduct ရဖို့အတွက် အကြီးအကျယ်ကြိုးစားနေတာ။ အဲဒီလိုကြိုးစားနေတဲ့အခါမှာ ကြိုပြီးတော့ ပြောသင့်ပြောထိုက်တာတွေ ၊ ညှိသင့်ညှိထိုက်တာတွေ လုပ်နေတယ်ထင်တယ်” ဟု ဆိုသည်။
ထိုပြင် တရုတ်နိုင်ငံသည် ကိုဗစ်ရောဂါကို ကိုင်တွယ် ထိန်းသိမ်းရာတွင် ထိရောက်အောင်မြင်ခဲ့သည့် နိုင်ငံတနိုင်ငံဖြစ်သဖြင့် ၎င်း၏အတွေ့အကြုံများကို အခြေခံကာ တကျော့ပြန် ကိုဗစ်အန္တရာယ်ရင်ဆိုင်နေရသော မြန်မာနိုင်ငံကို ကူညီဖွယ်ရှိသည်ဟုလည်း ဆိုသည်။
တောင်တရုတ်ပင်လယ် ကိစ္စသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်မပတ်သက်သော်လည်း မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်နေသဖြင့် တောင်တရုတ်ပင်လယ်အရေးသည် မြန်မာနိုင်ငံနှင့် သွယ်ဝိုက်သော ဆက်စပ်မှုရှိနိုင်ကြောင်းလည်း ပြောသည်။
ဒေါက်တာ လှကျော်ဇောက “အာဆီယံနိုင်ငံအများအပြားက တော်တော်ပတ်သက်တယ်။ ဥပမာ – ဖိလစ်ပိုင်တို့ ၊ မလေးရှားတို့ ၊ ဘရူးနိုင်းတို့ ၊ ဗီယက်နမ်တို့ အဲဒါတွေနဲ့သူက Bilateral လုပ်ဖို့တွေ။ အဲဒါလိုက်ပြီးရှင်းပြဖို့ လိုတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံက သူ့ရဲ့မူကိုက ၁၀ နိုင်ငံလုံးသဘောတူမှ ဘာမဆိုလက်မှတ်ထိုးတာကိုး။ အဲဒီဟာတွေကို ကြိုတင်ပြီးတော့ ဥပမာ– ဗမာပြည်ဘက်က စိုးရိမ်ပူပန်မှုတွေ ဘာတွေရှိလဲ။ သူတို့ဘက်က ဘယ်လိုသဘောရှိသလဲ ကြိုပြီးတော့ ညှိတဲ့ သဘောပေါ့” ဟု သုံးသပ်သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် တရုတ်အရေးနှင့် လုံခြုံရေးလေ့လာသည့် STIMSON CENTER ၏ Non-Resident Fellow ဖြစ်သူ ဦးအမရာသီဟကလည်း တရုတ်ထိပ်တန်း သံတမန်၏ မြန်မာနိုင်ငံခရီးစဉ်သည် ယခုနှစ်အစောပိုင်းက လာရောက်ခဲ့သော တရုတ်သမ္မ၏ ခရီးစဉ်အတွင်း သဘောတူခဲ့သည့် BRI စီမံကိန်း ဆိုင်ရာ လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရေး ဆွေးနွေးရန် လာရောက်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
ဦးအမရာသီဟ က “သမ္မတကြီး ရှီကျင့်ဖျင်လာတာ နှစ်ဝက်ကျော်သွားတဲ့ ကာလအထိကို ဘာမှလည်း ရှေ့မတိုးသေးဘူးပေါ့။ နောက်တခုက ရွေးကောက်ပွဲရှိလာမယ်ပေါ့။ ရွေးကောက်ပွဲရှိလာတာနဲ့ အပြောင်းအလဲဖြစ်လာနိုင်တာနဲ့ အညီ တရုတ်နဲ့ မြန်မာနဲ့ကြားက ချုပ်ဆိုခဲ့တာတွေကို ဘယ်လို ဆက်သွားမလဲဆိုတာ တပိုင်းပေါ့။ အဲဒါတွေ ဆွေးနွေးကြမယ်ထင်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi သည် မြန်မာနိုင်ငံသို့ ကိုဗစ်ကာလအတွင်းမှာပင် အလည်အပတ်လာရောက်ခဲ့သေးသည်။
ထို့ပြင် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံကလည်း မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့်ဇူလိုင်လက ပြင်းပြင်းထန်ထန် စာရေးသေားဝေဖန်သည်လည်း ရှိဖူးသည်။
ထိုသို့ တရုတ်နိုင်ငံနှင့် အပြိုင် နိုင်ငံများက မြန်မာနိုင်ငံတွင် သံခင်းတမန်ခင်း ကစားကွက်များ ဖော်ဆောင်နေချိန်တွင် တရုတ်နိုင်ငံဘက်ကလည်း တန်ပြန်ချိန်ညှိရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးအမရာသီဟက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းသည် တရုတ်၏ BRI စီမံကိန်းနှင့် မပတ်သက်ကြောင်း ကြေညာခဲ့ပြီး တရုတ်နိုင်ငံသားများ၏ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ၊ လောင်းကစားလုပ်မှုများအား ခွင့်မပြုဟု မကြာသေးသည့် သြဂုတ်လ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်ရာ တရုတ်ထိပ်တန်းသံတမန်၏ မြန်မာခရီးစဉ်တွင်လည်း အထက်ပါကိစ္စများ ဆွေးနွေးရန် ဖြစ်နိုင်ချေရှိသည်ဆိုသည့် ယူဆသုံးသပ်မှုများလည်း ပြည်တွင်းလေ့လာသူများအကြားတွင်ရှိနေသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဦးအမရာသီဟ က “ဒီရွှေကုက္ကိုလ်တင်မကဘဲ တခြားသော လောင်းကစားကိစ္စတွေကို တရုတ်နဲ့ မြန်မာကြားမှာ ဘယ်လို ပူးပေါင်းပြီးထိန်းညှိမလဲဆိုတဲ့ဟာ လုံခြုံရေးအယူအဆတော့ ဆွေးနွေးမယ်ထင်ပါတယ်။ ဒါပေမယ့် အခုလာတဲ့ အဖွဲ့ခေါင်းဆောင်က တော်တော်ကြီးကို ရာထူးကြီးတာဖြစ်တဲ့အတွက် Micro Level အသေးပိုင်းကို ဝင်ရောက် ဆွေးနွေးမှာထက် ၂ နိုင်ငံကြားမှာရှိတဲ့ မဟာဗျူဟာကျတဲ့ ကိစ္စတွေကို ပိုပြီး အသားပေးဆွေးနွေးလိမ့်မယ်ထင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
တရုတ်ထိပ်တန်း သံတမန်၏ ခရီးစဉ်သည် တရုတ်နိုင်ငံအတွက် ပင်လယ်ထွက်ပေါက်ရရေး သေချာစေရန် လာခြင်းဖြစ်သည်ဟု ယူဆသူမျာလည်းရှိသည်။
ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက တရုတ်ထိပ်တန်း သံတမန်သည် တရုတ်သမ္မတ ခရီးစဉ်အတွင်း မြန်မာနှင့် သဘောတူထားသည့် တရုတ်– မြန်မာစီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းကို အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း သုံးသပ်သည်။
တရုတ်နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းသည် တရုတ်– အမေရိကန် ကုန်သွယ်ရေး စစ်ပွဲဂယက်ကြောင့် စစ်ရေးတင်းမာနေပြီး ပင်လယ်ထွက်ပေါက်လမ်းကြောင်းသည် ပိတ်ဆို့ခံရနိုင်သည့် ခြိမ်းခြောက်မှုရှိနေသည်။
ယင်းအခြေအနေတွင် ဒုတိယပင်လယ်ထွက်ပေါက်အနေနှင့် ပင်လယ်ဘက်အနီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံသို့ သွားရန် လမ်းကြောင်းအတိုဆုံးဖြစ်သည့် တရုတ်ရင်းနှီးမြုပ်နှံမှုများရှိထားပြီးဖြစ်သော ရခိုင်ပြည်နယ်မှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းအပါအဝင် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့သည် တရုတ်အတွက် အရေးပါလာနေသည်။
ဒေါက်တာ်အမ်ကောန်လ က “တရုတ်တို့အတွက် အများကြီးအကျိုးရှိနေတယ်။ ကျောက်ဖြူပင်လယ်ရေလမ်းကြောင်းကမရရင် အရင် ဗြိတိသျှတို့ဝင်ခဲ့တဲ့ သုံးခဲ့တဲ့ ရေလမ်းကြောင်း ဧရာဝတီ မြစ်ကနေ ဆန်တက်မယ်။ ရွေးချယ်စရာအလွန်ကောင်းတယ်။ ဒါကြောင့် မြန်မာအစိုးရဟာ သူ့လက်ထဲက လွတ်ထွက်မသွားဖို့အရေးကြီးနေတယ်။ ရွေးကောက်ပွဲ ကလည်း နီးနေပြီ။ နောက်အစိုးရလက်ထက်မှာ အလှည့်အပြောင်း ဖြစ်မသွားဖို့ အရေးပါနေတယ်” ဟု ပြောပြသည်။
ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံအကျိုးရှိရန် မြန်မာအစိုးရအနေနှင့် ပြတ်ပြတ်သားသား ရပ်တည် ဆွေးနွေးသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။
၎င်းကဆက်၍“တရုတ်ကို မြန်မာက မလိုဘူး။ မြန်မာကို တရုတ်က လိုနေတာ။ တရုတ်ပစ္စည်းတွေကို မြန်မာတွေက သုံးနေတာပဲ။ တရုတ်နဲ့ ကင်းနေလို့ ဘယ်ရမလဲ တချို့ထင်ကြလိမ့်မယ်။
တကယ်က ကြိုးစားရင် ဖြစ်ပါတယ်။ အဓိက နားလည်ထားရမယ့် Concept က တရုတ်က အခုအချိန်မှာ မြန်မာကို အရေးတကြီးလိုအပ်နေတာပဲ” ဟု ဆိုသည်။
မည်သို့ပင် ဖြစ်စေ တရုတ်ထိပ်တန်း သံတမန်သည် မြန်မာနိုင်ငံသို့ ဒီကနေ့မနက်ပိုင်းကပင် ရောက်နေပြီဖြစ်ရာ နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေပြီဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် မြန်မာနိုင်ငံအတွက် အကျိုးရှိသည့် သဘောတူညီချက်များ မည်မျှရရှိလာမည်ဆိုသည့် အချက်ကိုမူ အထူးဂရုစိုက်၍ စောင့်ကြည့်နေရန်သာ ရှိပေသည်။
You may also like these stories:
တရုတ်ထိပ်တန်း နိုင်ငံခြားရေးအရာရှိ မြန်မာသို့ လာမည်
တရုတ်နိုင်ငံသားများ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်ခြင်းကို ခွင့်မပြုဟု တရုတ်သံရုံးပြော
ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်