ကိုရိုနာဗိုင်းရပ်ကူးစက်မှု မြင့်တက်နေသော လတ်တလော ကာလ၌ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျောက်ဂုစု ကျေးရွာ အတွင်း သြဂုတ်လ ၃၁ ရက် ညနေပိုင်းက ပစ်ခတ်ခံရသဖြင့် ရွာသား ၁ ဦး သေဆုံးသွားကြောင်း ဒေသခံ ရွာသားများက ပြောသည်။
သေနတ်မှန်၍ သေဆုံးသူမှာ အသက် ၄၀ အရွယ် ဦးစိန်သာအောင်ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းက ရွာအနီးရှိ မြစ်ကမ်း စပ်တွင် ရေချိုးပြီး အိမ်ပြန်လာစဉ် ရွာထဲတွင် ရှိနေသော တပ်မတော် စစ်ကြောင်းက ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ကျောက်ဂုစု ကျေးရွာသားတဦးက ပြောသည်။
၎င်းက “မနေ့က ညနေပိုင်းမှာ တပ်မတော် စစ်ကြောင်း ရွာကိုလာတယ် ဆိုတော့ ရွာအပြင် ကွမ်းခင်းထဲမှာ လုပ်နေတဲ့ လူတွေက မြင်ပြီး ရွာကို ပြေးလာကြတယ်။ ကိုယ်လွတ်ရာကို ပြေးကြတာပဲ။ သူတို့ (တပ်)နဲ့ လမ်းမှာ တွေ့တဲ့ ရွာသား ၉ ဦးကတော့ အဖမ်းခံရတာ ရှိတယ်။ အဲဒီနောက်ပိုင်း ဦးစိန်သာအောင်ဆိုတဲ့ လူက မြစ်ကမ်းစပ် ကနေ အိမ်ကို ပြန်လာတဲ့ အချိန် တပ်မတော်က လှမ်းပစ်တာခံရပြီး အိမ်ကို ရောက်တာနဲ့ သေဆုံးသွားတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပစ်ခတ်ခံရပြီး ကျည်ဆန်ထိမှန်ခဲ့သော ဦးစိန်သာအောင်မှာ
ဝမ်းဗိုက်တွင် ရရှိခဲ့သော ဒဏ်ရာဖြင့် အိမ်အထိ ထွက်ပြေး ရောက်ရှိလာခဲ့ပြီး လုံခြုံရေး အခြေအနေကြောင့် ဆေးရုံလိုက်ပို့မည့်သူ မရှိသဖြင့် နေအိမ်၌ပင် သွေးလွန်ပြီး ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကျောက်ဂုစု ရွာ အပါအဝင် ရွာနီးချင်းများ ဖြစ်ကြသည့် ရွှေပြည်ကျေးရွာ၊ သာစည် ကျေးရွာတို့မှ ကျေးရွာသားများမှာလည်း ယမန်နေ့ ညနေပိုင်းက တပ်မတော် စစ်ကြောင်းမှ ထိန်းသိမ်း စစ်ဆေးခဲ့ကြောင်း၊ ယနေ့ညနေ ၃နာရီခန့်တွင် သာစည်ကျေး ရွာမှ ဖမ်းဆီးခံရသူ အမျိုးသားအားလုံးမှာ လွတ်မြောက်လာခဲ့အေမျိုးသမီး များမှာတော့ လွတ်မြောက်လာခြင်း မရှိသေး ကြောင်း သာစည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြထွန်းက ဧရာဝတီသို့ ပြောသည်
အဆိုပါ ထိန်းသိမ်း စစ်ဆေးခံနေရသည့် ကျေးရွာသားများ နေထိုင်ကြရာ ရွှေပြည်ကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး သာစည်ကျေးရွာတွင်လည်း အိမ်ခြေ ၄၀၀ ကျော်ရှိသည်။
ကျောက်တော်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “မနေ့က ညနေပိုင်းမှာ စစ်ကြောင်းက သေနတ်ပစ်ခတ်ပြီးတော့ ရွာကို ဝင်လာတယ်လို့ ကျနော့်ကို ရွာသားတွေ သတင်းပို့တယ်။ စစ်ရေးစစ်ရာ ဆိုတော့ ဘာ ကြောင့် ပစ်ခတ်လို့ ဝင်တယ်ဆိုတာ ကျနော်လည်း မသိနိုင်ဘူး။ အရင်တုန်းလည်း ဖြစ်ရိုးဖြစ်စဉ်တွေ ရှိတော့ လူတွေ ကတော့ ကိုယ်လွတ်ရာကို ပြေးကြတာပဲ။ ရွာသားတွေ ထိန်းသိမ်း စစ်ဆေးခံ နေရတယ်လို့လည်း ကြားတယ်။ အရေ အတွက် ဘယ်လောက်ဆိုတာ အဆက်အသွယ် မရတော့ အတိအကျ မပြောနိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ကျောက်ဂုစုကျေးရွာမှ ဖမ်းဆီးခံ ရွာသား ၉ ဦးမှာ ပြန်လည် လွတ်လာပြီဖြစ်ပြီး ဦးစိန်သာအောင် သေဆုံးမှုအားလည်း ရောဂါကြောင့် သေဆုံးကြောင်းကို တပ်မတော်သားများထံ ဝန်ခံ လက်မှတ် ထိုးပေးခဲ့ရကြောင်းလည်း ကျောက်ဂုစုကျေးရွာသားများထံက သိရသည်။
ဖြစ်စဉ်ဖြစ်ပွားနေရာတွင် တပ်မတော်က ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်အပေါ် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ယနေ့ ဖြေကြားသည်။
သြဂုတ်လ ၂၇ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် ရှမ်းရွာရပ်ကွက်မှ အမျိုးသား ၁ ဦးနှင့် အပေါက်ဝ ကျေးရွာမှ အမျိုးသမီး ၁ ဦးတို့မှာ ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။
You may also like these story:
ကိုဗစ်ကာလအတွင်း ကျည်ထိမှန်၍ ကျောက်တော်ဒေသခံ ၂ ဦး သေဆုံး