မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု တကျော့ပြန် ဖြစ်ပွားလာပြီးနောက် ပိုးတွေ့လူနာများသည် ရခိုင်ပြည်နယ်အပြင် ရန်ကုန်တိုင်းတွင်ပါ ကူးစက် ပြန့်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ကွာရန်တင်း စင်တာများ လိုအပ်လာလျက် ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ထားသော ကွာရန်တင်းစင်တာများသည် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး လေကြောင်းခရီးစဉ်များဖြင့် ပြန်လည်ရောက်ရှိလာသူများ၊ ရခိုင်ပြည်နယ်မှ ပြန်လာသူများနှင့် လက်ရှိ ရောဂါပိုးတွေ့ရှိလူနာများနှင့် ထိတွေ့ခဲ့သူများကို ထားနေရခြင်းကြောင့် မလုံလောက်လာသည့် အခြေအနေများရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က ပြောသည်။
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ နှင့် ထိတွေ့ ခဲ့သူများအား စုံစမ်းဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံ ဆောင်ရွက်ခြင်းတို့ နှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နှင့် ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်တို့ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အပြန်အလှန် ဆွေးနွေးရာတွင် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးနေဝင်းအောင်က “ပြည်ပက ပြန်လာတဲ့သူတွေကလည်း အခုချိန်ထိ တိုးလာနေတုန်းဖြစ်ပါတယ်။ အလားတူ ရခိုင် ပြည်နယ်က ပြန်လာတဲ့သူတွေလည်း ထပ်ရောက်လာတာ ရှိသလို Contact person (ပိုးတွေ့လူနာနှင့် ထိတွေ့သူ) များတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံတဲ့ ကွာရန်တင်းစင်တာတွေမှာ ဝင်ဆံ့မှု အခြေအနေက လိုအပ်ချက်တွေ ရှိလာနေပါပြီ” ဟု ပြောဆိုသည်။
ထိုအခြေအနေများကြောင့် တိုင်းဒေသကြီး ကိုဗစ်ကော်မတီ၏ ညွှန်ကြားချက်အရ မြို့နယ်အလိုက်တွင် ဒေသ အခြေပြု ကွာရန်တင်းစင်တာ(community base quarantine)များကို ဆောင်ရွက်နေရကြောင်း သိရသည်။
ရန်ကုန်တွင် ရောဂါပိုးတွေ့ရှိသူ ပြန်လည်မြင့်တက်လာခြင်းသည် အများပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ထားသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု အားနည်းချက် ရှိခြင်းကြောင့်လည်း ဖြစ်သည်ဟု သက်ဆိုင်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “ရန်ကုန်က လူလည်းများတယ်။ နောက်ပြီးတော့ ရန်ကုန်သူ ရန်ကုန်သားတွေက သိပ်ရဲလာ ကြတယ်။ ဒီ ၃၊ ၄ ပတ် အတွင်းမှာပေါ့။ ပေါ့လာတယ်ပဲ ပြောပြော ရဲလာတယ်ပဲ ပြောပြော အတူတူပါပဲ။ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတဲ့ နေရာမှာ အားနည်းလာတယ်ဆိုတော့ အခုလိုပြန့်ပွားတာဟာ ထူးဆန်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး” ဟု မှတ်ချက်ပြုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နောက်ကြောင်း ရှာဖွေ၍ မရသော ဒေသတွင်းကူးစက်မှုများ ဖြစ်ပေါ်လာခြင်းနှင့် ပိုးတွေ့ လူနာများ ထိတွေ့မှုရှိသူ အရေအတွက်သည် တိုးလာလျက်ခြင်းကြောင့် ကွာရန်တင်း စင်တာများလည်း အရေအတွက်တိုး လာရာ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းငယ်များ နှင့် စေတနာ့ဝန်ထမ်း များလည်း လိုအပ်ချက် ရှိလာကြောင်း ရန်ကုန် တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်စုမွန်က ပြောသည်။
၎င်းက “သြဂုတ်လ ဒုတိယနဲ့ တတိယပတ်လောက်က စပြီးတော့ ရခိုင်မှာဖြစ်တယ်။ ရန်ကုန်မှာ တွေ့တာတွေ များလာတဲ့ အခါမှာတော့ ဆရာဝန်တွေ အမျာအပြားကို လိုအပ်လာလို့ ခရိုင်က ဆရာဝန်အငယ်တွေ အဖွဲ့တွေဖွဲ့ပြီး အဆိုင်းတွေ ပြန်ချ ထားနေရတယ်။ ဆရာဝန်ကြီးပဲလည်း လုပ်လို့မရပါဘူး ဝိုင်းကူမယ့် ဝန်ထမ်းအငယ်တွေလည်း လိုအပ်နေပါတယ် ” ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၉၃၈ ဦးအထိရှိပြီး ၃၅၇ ဦးမှာ ရောဂါပျောက်ကင်း လျက်ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
ပြည်သူလူထုသာ ပါရင် ကျမတို့ ထိန်းနိုင်ပါတယ်
ဧရာဝတီတိုင်းသို့ တရားမဝင် ဝင်လာသည့် အဖွဲ့ထဲမှ ကိုဗစ်ပိုးတွေ့
ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ
ကိုဗစ် ဒုတိယလှိုင်းအစမှာ ရောက်နေပြီလို့ ဒေါက်တာခင်ခင်ကြီးပြော