သတင်း

တပ်မတော် စစ်ကြောင်းကြောင့် ကျောက်တော် Quarantine စင်တာ ပျက်စီးဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာရှိ Quarantine ဝင်နေသူများနှင့် ရွာသားများကို တပ်မတော် စစ်ကြောင်းက ဖမ်းဆီး စစ်ဆေးခဲ့သည့်အတွက် ယင်း စင်တာပျက်စီးသွားခဲ့ရ ကြောင်း သာစည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြထွန်းက ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်း ၁ ကြောင်းက ကျေးရွာ အတွင်းသို့ ဝင်လာခဲ့ပြီး ကျေးရွာသား တချို့နှင့်အတူ Quarantine ဝင်နေသူ လူ ၁၈ ဦးပါ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရွာနီးနားချင်း ရွှေပြည်ဘုန်းကြီးကျောင်းတွင် တရက်ကြာ ထိန်းသိမ်း စစ်ဆေးခဲ့ပြီး ယမန်နေ့က ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

အုပ်ချုပ်ရေးမှူး ဦးမြထွန်းက “ ကျနော်တို့ ရွာမှာ Quarantine ဝင်နေတာ ၁၈ ယောက်ရှိပါတယ်။ မြို့နယ်က ညွန်ကြားချက် အတိုင်း စာသင်ကျောင်းမှာ ထားပါတယ်။ အဲဒီအထဲမှာ ကလေးမွေးပြီး စစ်တွေဆေးရုံက ပြန်လာတဲ့ မိသားစုကိုတော့ ကျနော်တို့ လူသားချင်းစာနာတဲ့ အနေနဲ့ သူတို့ အိမ်မှာဘဲ အိမ်ရှေ့တံခါးကို ပိတ်ပြီး အပြင်ထွက် ခွင့်မပေးဘဲ Quarantine အနေနဲ့ ထားရှိခဲ့တာမှာ တပ်မတော် စစ်ကြောင်းက ဖမ်းတဲ့ အထဲမှာ သူတို့ပါ ပါသွားတော့ အခု Quarantine ပျက်သွား ပါပြီ။ သူတို့လည်း အခု ဘယ်ကို ရောက်နေမှန်းလည်း မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ သာစည်ကျေးရွာတွင် Quarantine ဝင်နေသူ ၁၈ ဦးမှာ စစ်တွေဆေးရုံမှ ပြန်လာသူများ၊ တရုတ်နိုင်ငံမှ ပြန်လာ သူများနှင့် ရန်ကုန်၊ မူဆယ် စသည့်နေရာများမှ ပြန်လာသူများ ပါဝင်ပြီး အမျိုးသားများကို စာသင်ကျောင်းတွင် ထားရှိကာ အမျိုးသမီးများကိုမူ နေအိမ်အတွင်း အသွားအလာ ကန့်သတ် ထားရှိခဲ့ကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြထွန်းက ဆိုသည်။ လတ်တလောတွင်မူ Quarantine ဝင်ခြင်း ပျက်သွားသလို စင်တာလည်း ပျက်သွားသည့်အတွက် မည်သို့ ဆက်လက် လုပ်မည်ကိုမူ မသိရှိရသေးပါ။

စစ်တွေဆေးရုံတွင် ကလေးအမွှာပူးမွေးပြီး ကျေးရွာအတွင်း Quarantine ဝင်နေခဲ့သူ ဒေါ်မအေးအုံက “ကျမက ကလေး မွေးပြီး ရွာပြန်ရောက်လို့ Quarantine ဝင်နေတာ ၆ ရက်လောက်ရှိပြီ။ တနေ့က တပ်မတော် စစ်ကြောင်းက ရွာကို ဝင်လာ ပြီး အိမ်ထဲကနေ အကုန် ထွက်ခိုင်းပါတယ်။ Quarantine ဝင်နေတာပါဆိုတာ ပြောပြလို့မရဘူး။ အိမ်ထဲက အထွက် နောက်ကျရင် အရိုက်ခံရသူတွေ ရှိတော့ ကျမတို့လည်း မြန်မြန် ထွက်ပြီး သူတို့ခေါ်တဲ့ နေရာကို လိုက်သွားရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဖမ်းဆီးသည့်နေ့ကပင် ကျောက်ဂုစု ကျေးရွာသား အသက် ၄၀ အရွယ် ဦးစိန်သာအောင်မှာ ပစ်ခတ်ခံရသည့် အတွက် သေဆုံးသွားခဲ့ပြီး ယမန်နေ့ ညနေပိုင်းကလည်း ရွှေပြည်ကျေးရွာသား အသက် ၂၇ နှစ် အရွယ် ကိုမောင်ဝင်းသန်း မှာလည်း တပ်မတော် စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ပစ်ခတ်ခံရသည့်အတွက် သေဆုံးသူ ကိုမောင်ဝင်းသန်း၏ ရုပ်အလောင်းမှာ ယနေ့ မနက်ပိုင်းက ကျောက်တော်ဆေးရုံ ရင်ခွဲရုံသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။

Quarantine ဝင်နေရင်း ဖမ်းဆီးခံခဲ့ရသူ သာစည်ကျေးရွာမှ မအေးခိုင်ဆန်းကလည်း “ အဖမ်းခံရတဲ့အထဲမှာ ကျမနဲ့အတူ Quarantine ဝင်နေကြတဲ့ အမျိုးသမီး ၃ ယောက် နဲ့ ကလေး ၃ ယောက်ပါတယ်။ သူတို့ (တပ်) က ပြောပြလို့မရဘူူး။ အိမ်ထဲကနေ ထွက်ခဲ့ ဆိုတာနဲ့ မထွက်ရင် ရိုက်ခံရတယ်။ မော်ဒယ် လမ်းလျှောက်ခိုင်းတာ မဟုတ်ဘူး ဆိုပြီး အထွက် နောက်ကျသူတွေကို ရိုက်ပါတယ်။ အမျိုးသမီး တယောက်ဆို အိမ်ထဲက အထွက် နောက်ကျလို့ အရိုက်ခံရတာ ခေါင်းပေါက်သွားတယ်။” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်ဂုစုရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံများက ကွာရန်တင်းဝင်နေသူများ ဖမ်းဆီးခံခဲ့ရခြင်း၊ Quarantineစင်တာ ပျက်သွားခြင်းများ ရှိခဲ့ကြောင်း ပြောဆိုနေကြသော်လည်း တပ်မတော်ဘက်ကမူ ထိုသတင်းများ အပေါ် ငြင်းဆန်သည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက တပ်မ ကျေးရွာ အနီးတွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းမှ စစ်သည်တဦးမှာ မြစ်ကမ်းစပ်သို့ ရေဆင်း ချိုးရန် သွားရောက်စဉ် AA တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် စစ်သည်မှာ ကျောက်ဂုစုရွာဘက်သို့ ပါသွား သည်ဟု သတင်း ရရှိသည့်အတွက် တပ်မတော် စစ်ကြောင်းက လိုက်လံ ရှာဖွေ စစ်ဆေးခဲ့ခြင်းသာ ရှိကြောင်း ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲဒီလို ဖြစ်စဉ်မရှိပါဘူူး။ Quarantine နေတဲ့လူတွေကို သွားဖမ်းနိုင်အောင်လည်း မရှိဘူး။ အဲဒီရွာမှာလည်း အဲဒီလောက်လူတွေ မရှိဘူး။ Quarantine ဝင်နေတယ်ဆိုတာ ဘယ်သူ့အမိန့်နဲ့ ဘယ်ထိန်းချုပ်မှုနဲ့ ဝင်နေတာလဲ ။ Quarantine ဝင်တယ်ဆိုတာ သူတို့ပြောတိုင်း ယုံတော့မှာလား။ အဲဒီနေရာမှာ စခန်း ဘယ်နှစ်ခုရှိလဲ မေးရမလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့ က အဆိုပါ AA ဖမ်းဆီးသွားသည့် တပ်မတော်သားအား လိုက်လံရှာဖွေရာတွင် ရွှေပြည်ကျေးရွာအနီးတွင် မိုင်းထောင်နေသော လူ ၁ ဦးအား တွေ့ရှိပြီး လိုက်လံခေါ်ဆောင်ရာတွင် ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ လက်လုပ်မိုင်း ၁ လုံးနှင့် လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်း ရမိကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် ရှမ်းရွာရပ်ကွက်မှ အမျိုးသား ၁ ဦးနှင့် အပေါက်ဝ ကျေးရွာမှ အမျိုးသမီး ၁ ဦးတို့မှာ ကျည်ထိမှန်ပြီး သေဆုံး သွားခဲ့သည်။

ရခိုင်ပြည်နယ်တခုလုံးကို Stay at Home နေထိုင်ကြရန် နိုင်ငံတော် အစိုးရမှ အမိန့်ထုတ်ပြန် ညွန်ကြားထားသော်လည်း တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) အဖွဲ့တို့၏ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံကျေးရွာသားများမှာ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

You may also like these stories:

ကိုဗစ်ပိုးတွေ့သူများထားရန် ကွာရန်တင်း စင်တာများ လိုအပ်နေ

ကျောက်တော်တွင် ကျည်ထိ၍ ရွာသား ၁ ဦးသေဆုံး

Loading