ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အတွင်း ဩဂုတ်လ ၂၇ ရက်က ဖမ်းမိခဲ့သည့် ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၄၁ ဦးကို ယမန်နေ့ညပိုင်းက ၎င်းတို့ မူလ လာရောက်ခဲ့သည့်ဒေသသို့ ပြန်လည် ပို့ ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
အထောက်အထားမဲ့ ဝင်ရောက်လာသူ ၄၂ ဦး အနက် ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ရန်ကုန်မြို့ ဝေဘာဂီ
အထူးကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန်လူများကို ဧရာဝတီတိုင်း အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်း၍
စက်တင်ဘာလ ၁ ရက် ညပိုင်းက ရခိုင်သို့ ပြန်ပို့လိုက်ပြီ ဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “သူတို့လာတဲ့ မူလ နေရာက ရခိုင်ပြည်နယ် ဖြစ်နေတဲ့အတွက် ရခိုင်ကို ပြန်ပို့ဖို့ စီစဉ်တာဖြစ်ပါတယ်။ မနေ့ကညပိုင်းက သူတို့ကို ရခိုင်ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ပြီး မူလနေရာတွေကို ပြန်ပို့လိုက်ပါပြီ။ ကျန်းမာရေး ဝန်ထမ်းတွေ လုံခြုံရေး ဝန်ထမ်းတွေ ထည့်ပေးပြီး သေချာပို့လိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ အထောက်အထားမဲ့ ဝင်ရောက်လာသူများအား ရခိုင်ပြည်နယ်သို့ ပြန်ရာတွင် လိုက်ပါခဲ့သည့် ကျန်းမာရေး ဝန်ထမ်း များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PPE ဝတ်စုံများ ဝတ်ဆင်စေခဲ့ပြီး ရခိုင်မှ ပြန်ရောက်ချိန်တွင်လည်း ကွာရန်တင်းဝင် ရောက်စေကာ အသွားအလာ ကန့်သတ်စောင့်ကြည့်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကြပ်ပြေး မြစ်ဝသို့ ရေလမ်းခရီးဖြင့် နိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာသည့် မွတ်စလင် ၄၂ ဦးကို တပ်မတော်(ရေ) က သြဂုတ်လ ၂၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ လူအုပ်စုတွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ကလေးငယ် ကျား ၁ ဦးနှင့် မ ၁ ဦး စုစုပေါင်း ၄၂ ဦး ပါဝင် ကြောင်း သိရသည်။
၎င်းတို့အား သြဂုတ်လ ၂၉ ရက်တွင် ဧရာဝတီတိုင်း အစိုးရက ရခိုင်ပြည်နယ်နှင့် ဧရာဝတီနယ်စပ်ရှိ ကြံခင်းမြို့နယ်၊ ဘက် ရဲမြို့နယ်နိမိတ် အတွင်း လူသူဝေးသော နေရာ၌ ယာယီ ကွာရန်တင်းစခန်း တည်ဆောက်၍ သီးခြားထားရှိခဲ့ကြောင်း သိရ သည်။
ထိုသို့ ထားရှိပြီးနောက် COVID – 19 ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ရာ အသက်၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးတွင် ကိုဗစ်ရော ဂါပိုး တွေ့ရှိခဲ့သည့်အတွက် သြဂုတ်လ ၃၁ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေး ကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ခံ ကိုသက်မင်းထွဏ်းက “ဘင်္ဂလီတွေ ကြံခင်းမြို့နယ်ထဲမှာ လာထားတာကို ဒီကဒေသခံတွေက မကျေနပ်ကြ ဘူး။ လိုင်းပေါ်မှာလည်း တော်တော်လေး ဝေဖန် ပြောဆိုကြတယ်။ အဲဒီလူအုပ်ထဲ ရောဂါပိုးရှိသူ ၁ ယောက်တွေ့တော့ ပိုဆိုးသွားတာပေါ့။ အခုလို နှစ်ဖက် အစိုးရချိတ်ပြီး ရခိုင်ပြန်ပို့တာ ကောင်းပါတယ်” ဟု ပြောသည်။
လက်ရှိ ရခိုင်သို့ ပြန်ပို့သူ ၄၁ ဦးမှာ ကိုဗစ်ရောဂါပိုး မတွေ့ရသူများ ဖြစ်ပြီး ယမန်နေ့ညပိုင်းက ရခိုင်သို့ ပြန်ပို့ချိန်တွင် ကြံခင်း ဒေသခံတချို့က လမ်းတွင်စောင့်၍ အော်ဟစ်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်မြောက်ပိုင်းက မွတ်စလင်များကို ဧရာဝတီတိုင်းသို့ ရေလမ်းခရီးဖြင့် ပို့ဆောင်ခဲ့သည့် ရခိုင်လူမျိုး စက်လှေသမား ၄ ဦးနှင့် ဘိုကလေး ဒေသခံ ၁ ဦး တို့ကို လှိုင်ဘုန်း နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၆၇ (ကျွန်ပြုရန်၊ လူခိုးမှု) ဖြင့် အမှုဖွင့် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
You may also like these stories:
ကိုဗစ်ကာလ ကော့သောင်းသို့ ခိုးဝင်လာသူများကို အရေးယူမည်