ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသောကြောင့် ရန်ကုန်အခြေပြု အောင်မင်္ဂလာ အဝေးပြေးဝင်းမှနေ အခြားတိုင်းနှင့် ပြည်နယ်များသို့ ယာဉ်လိုင်းပြေးဆွဲမှု ထက်ဝက်ကျော်ခန့် ရပ်နားထားရကြောင်း သိရသည်။
အောင်မင်္ဂလာ အဝေးပြေး နယ်မြေ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဝင်းက
“နေပြည်တော်ကို ပြေးဆွဲနေတဲ့ JJ တို့ Famous၊ မန္တလာမင်း၊ ရွှေစင်္ကြာ တို့ကျတော့ မဆွဲတော့ဘူး။ ရပ်ကို ရပ်သွားတာပါ။ ကားတစီးထွက်ရင် တချို့ဆိုရင် လူ လေး၊ ငါး ယောက် လောက်ပဲပါတယ်။ အခုက အဝေးပြေးကားက ထွက်တာ သုံးချိုး ၁ ချိုးလောက်ပဲ ပြေးဆွဲတော့တယ်”
ဟု ဧရာ ဝတီသို့ ပြောသည်။
ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထွက်သောယာဉ်များမှာ ပြေးဆွဲမှုရှိသော်လည်း ပုံမှန်ထက် စီးနင်းမည့် လူဦးရေမှာ အလွန်နည်းပါးသည့်အပြင် ကားဝင်းအတွင်း၌လည်း လူအသွားအလာ နည်းပါးသွားကြောင်း၊ တချို့ယာဉ်လိုင်း များက ဂိတ်စောင့် သဘောမျိုးထားသော ယာဉ်လိုင်းသာရှိသည့် အခြေအနေမျိုးလည်း ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ (YRTA) အတွင်းရေးမှူး ဦးလှအောင်က “အောင်မင်္ဂ လာ အဝေးပြေး၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်ဝန်းနဲ့ ဧရာဝတီတိုင်းနဲ့ ဒလမြို့က ပြေးဆွဲတဲ့အပိုင်း သုံးပိုင်းကို ပြန်ကြည့်ရင် သြဂုတ်လအထိ ရန်ကုန်ကနေ တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးကို သွားတာ တွေ့ရတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် ယာဉ်လိုင်း တွေက ၁၆ ရက် နောက်ပိုင်းမှာ ရပ်ဆိုင်းသွားတာ တွေ့ရပါတယ်” ဟု စက်တင်ဘာလ ၂ ရက်က မီဒီယာများကို ပြောကြား ခဲ့သည်။
YRTA အနေဖြင့် ယာဉ်လိုင်းများကို ပြေးဆွဲမှု ရပ်ဆိုင်းရန် ပြောကြားထားခြင်း မရှိသော်လည်း ခရီးသွား ပြည်သူများသည် လက်ရှိ အခြေအနေအရ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးက အရေးကြီးဆုံး အခြေအနေ ဖြစ်သောကြောင့် ယင်း ညွှန်ကြားချက်များနှင့်အညီ သွားလာရမည် ဖြစ်သဖြင့် ခရီးသွားလာမှု နည်းပါးပြီး ရခိုင်ပြည်နယ်သို့ ယာဉ်ပြေးဆွဲခြင်းလည်း ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုအခြေအနေများကြောင့် သြဂုတ်လအထိ ရန်ကုန်တိုင်း အခြေပြု၍ အခြားတိုင်းနှင့် ပြည်နယ်များသို့ အဝေးပြေးယာဉ် လိုင်း ၂၆၀ အထိ အများဆုံး ပြေးဆွဲခဲ့ပြီး ယာဉ်အစီးရေ တရက်လျှင် ၁ ထောင်ကျော်နှင့် ခရီးသည် ဦးရေ ၁ သောင်းကျော် နှုန်း သွားခဲ့ကြောင်း YRTA စာရင်းတွင် ဖော်ပြထားသည်။
သို့သော် လက်ရှိတွင် တိုင်းနှင့်ပြည်နယ်အလိုက် ကိုဗစ်ရောဂါ ကန့်သတ်ချက်များကြောင့် ယာဉ်လိုင်း ပြေးဆွဲမှု လျော့ကျ သလို ကားထွက်ရှိမှုလည်း လျော့ကျခဲ့နေကြောင်း ၎င်းက ပြောပြသည်။
လက်ရှိ အောင်မင်္ဂလာ အဝေးပြေးမှ အခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၂၀၀ ကျော်ရှိပြီး ရန်ကုန်မြို့နှင့် သွားလာ ခွင့်ရသော တိုင်းနှင့် ပြည်နယ်များသို့ နေ့စဉ် ပြေးဆွဲပေးနေလျက်ရှိသော်လည်း နေပြည်တော်သို့ လာရောက်သောသူများ အနေနှင့် မိမိအစီစဉ်နှင့် COVID-19 ရောဂါပိုး စစ်ဆေးမှု ခံယူရမည် ဆိုသော ထုတ်ပြန်ချက်ကြောင့်သာ နေပြည်တော် ပြေးဆွဲသော ယာဉ်လိုင်းတချို့ ယနေ့မှ စကာ ယာယီ ရပ်ဆိုင်းသွားသည်။
JJ Express ယာဉ်လိုင်း စီနီယာ မန်နေဂျာ မကျော့ကျော့သက်က
“အခုကတော့ ကျမတို့ နေပြည်တော် ခရီးစဉ် တခုကလွဲ လို့ ကျန်တဲ့ ခရီးစဉ်တွေတော့ ပုံမှန်အတိုင်း ပြေးဆွဲပါတယ်။ ခရီးသည်တွေကလည်း တခြားကို မဖြစ်မနေ လိုအပ်မှပဲ သွား ကျတာ ဆိုတော့ ပုံမှန်ထက်တော့ လျော့တယ်။
ရာခိုင်နှုန်းအားနဲ့ဆို တဝက်နီးပါး ၅၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကပ်ရောဂါဖြစ်နေသည့် ကာလဖြစ်သည့် အတွက် တခြားနယ်ပယ်များရှိ စီးပွားရေးလုပ်ငန်းများ ကျဆင်းနေသကဲ့ ယာဉ် လိုင်းများကလည်း အရှုံးခံ ပြေးဆွဲနေရသည့် အခြေအနေ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကုန်ကျစရိတ်ကတော့ တခေါက်ကို ဘယ်လောက် ရှုံးတယ်တော့ တွက်ထားတာ မရှိဘူး။ အခုကတော့ လက်မှတ်ခ ဈေး နှုန်းတွေလည်း ပုံမှန်ပဲ ရောင်းချပါတယ်။ ကားထွက်တိုင်းမှာတော့ အခုက အရှုံးနဲ့ပဲ ရင်ဆိုင်နေရတာပေါ့။ ခရီးသည်က လည်း အရေးကြီးလို့ သွားတဲ့အတွက် တဦးပဲပါပါ၊ နှစ်ဦးပဲပါပါ၊ ပါသလောက်နဲ့ပဲ သွားနေပါတယ်” ဟု မကျော့ကျော့သက် က ပြောဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မှ ဧရာဝတီတိုင်းသို့ ခရီးသွားခဲ့သည့် ဒေါ်အေးသန်းက “အသွားကို နှစ်ခါ စစ်တယ်။ အပြန်တော့ မစစ်တော့ဘူး။ အပူချိန်တိုင်းတယ်။ လူတွေဘာတွေတော့ ချဲပြီး မထိုင်ရဘူး။ အဲဒါ အခု သြဂုတ်လ ၂၉ ရက်၊ ၃၀ ရက်လောက်ကပေါ့။ ဈေးနှုန်းက အရင်အတိုင်းပဲ” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အခြေပြု အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ဒဂုံဧရာ အဝေးပြေးဝင်းတို့မှ မြန်မာတနိုင်ငံလုံးသို့ ပြေး ဆွဲပေးနေသော ယာဉ်လိုင်းပေါင်းမှာ ၃၈၇ လိုင်း၊ ယာဉ်အစီးရေ ၃၇၀၀ ကျော်နှင့် နေ့စဉ် အဝေးပြေး ခရီးသွား ၂ သောင်း နီးပါးကို သယ်ယူ ပို့ဆောင်ပေးနေခြင်း ဖြစ်ကြောင်း YRTA ၏ ကိုဗစ်ကာလ မတိုင်မီ စာရင်းများအရ သိရသည်။
You may also like these stories:
မန္တလေးတိုင်းသို့ လာသူများ Quarantine ဝင်ရန် ဘတ်ဂျက် အခက်အခဲရှိ
ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ