ကယားပြည်နယ် ဝန်ကြီးချုပ် ရာထူးမှ ရပ်စဲကြောင်း သမ္မတရုံး၏ ဆုံးဖြတ်ချက်အပေါ် လက်ခံကျေနပ်ကြောင်း ၂၀၁၆ မှစ၍ ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဦးအယ်လ်ဖောင်းရှိုက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ချက်ချင်း မှတ်ချက်ပေးတုန့်ပြန်လိုက်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို က “ဒီနေ့မှာ ဒီလိုအခြေအနေ ဖြစ်လာတဲ့အပေါ်မှာ ကျနော့်အနေနဲ့ အားလုံးအပေါ် နားလည်ပါတယ်။ ကျနော့်ကို ချစ်တဲ့သူတွေ က ဝမ်းနည်းကြသလို မုန်းသူများကလည်း လက်ခုပ်သြဘာပေးနေကြမှာပါ။ သို့ပေမယ့် ကျနော့်အနေနဲ့ အထက်အကြီး အကဲ အားလုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျေနပ်ပါတယ်” ဟု ဆိုသည်။
ဦးအယ်လ်ဖောင်းရှိုနှင့် ပတ်သက်၍ ယနေ့ထုတ်ပြန်လိုက်သော နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်ထဲတွင် “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၂)၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဌာန်းချက်များ အရ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်မှ ရပ်စဲလိုက်သည်” ဟု ဖော်ပြထားသည်။
ထို့အတူ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ၃၊ ၉၊ ၂၀၂၀ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲပြီးဖြစ်သဖြင့် ပြည်နယ်ဝန်ကြီးချုပ်၏ လုပ်ငန်း တာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကို အား ခေတ္တဝန်ကြီးချုပ် တာ၀န်ကို ပူးတွဲ ပေးအပ်လိုက်ကြောင်း သမ္မတရုံးက ကြေညာလိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ စွပ်စွဲပြစ်တင် ခံခဲ့ရသည့် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်သည့် ပြည်နယ် လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် စွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့ပြီးနောက် ယနေ့(စက်တင်ဘာ ၃ ရက်)တွင် ယင်းသို့ တာဝန်မှ ရပ်စဲခံရခြင်း ဖြစ်သည်။
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက် ပထမဆုံး စွပ်စွဲပြစ်တင် တာဝန်မှရပ်စဲခံရသည့် ဝန်ကြီးချုပ်လည်း ဖြစ်သည်။
ဦးအယ်လ်ဖောင်းရှိုက ၎င်းအား ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အချိန် အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သည်ကို ရဲရဲကြီးကြီး အာမခံကြောင်း လည်း ထည့်သွင်းပြောဆိုထားသည်။
ဦးအယ်လ်ဖောင်းရှို က “ဒီကာလတလျှောက် ကျနော့ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင် ရွက်ပေးခဲ့ကြတဲ့ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ရေးသား ဖော်ပြထားသည်။
ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စားပြုအဖြစ် မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌လည်း မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) မှ ပင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်သည်ဟုဆိုကာ အရေးယူ ဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက လက်မှတ်ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌထံ သြဂုတ် ၁၂ ရက်က တင်ပြခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၂၆၃(က)တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဝန်ကြီးချုပ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေး အပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စသည့် အကြောင်းတရပ်ရပ်ကြောင့် စွပ်စွဲ ပြစ်တင်နိုင်ကြောင်း ဖော်ပြထားသည်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ယန္တရား (၁၈ စီး)များ ငှားရမ်းခငွေအား ဘဏ္ဍာငွေ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ် နည်းများနှင့် မညီဘဲ သုံးစွဲနေမှု၊ အများပြည်သူပိုင် နေရာဖြစ်သော ကယားပြည်နယ်နေ့ ကျင်းပရာ ကယားဒေး (Kayah Day)ကွင်းအား စည်ပင်ပိုင် မြေနေရာအဖြစ် ပြောင်းပြီး လုပ်ငန်းရှင်များအား ပြန်လည် ငှားရမ်းနေမှု ဟူသည့် အချက် ၂ ချက်ဖြင့် စွပ်စွဲပြစ်တင်ထားခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်သည့် အကြောင်းအရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော် ထုတ်နိုင်ရန် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ သည့် ၅ ဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်း သြဂုတ်လ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါ အဖွဲ့အနေဖြင့် နှစ်ပတ်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ရရှိလာသည့် အစီရင်ခံစာကို သြဂုတ် ၂၈ ရက် နောက်ဆုံးထားကာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်က ကျင်းပသည့် ပြည်နယ် လွှတ်တော်အစည်းအဝေး တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရလက်ထက် အဂတိလိုက်စားမှုဖြင့် တရားစွဲ အရေးယူခံရသူများအနက် ရာထူးအမြင့်ဆုံးဖြစ်သော တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် ဝန်ကြီးချုပ်ရာထူးမှ ရပ်စဲခံရပြီး ပြီးခဲ့သည့် မေလကပင် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံခဲ့ရသည်။
You may also like these stories:
ကယားဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှု အောင်မြင်
ကယားဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှု စက်တင်ဘာ ပထမပတ်တွင် မဲခွဲဆုံးဖြတ်မည်