သတင်း

တရုတ်က ငြင်းပေမယ့် ရွှေကုက္ကိုမြို့သစ် BRI အစိတ်အပိုင်းဟု Yatai ပြော

Want create site? Find Free WordPress Themes and plugins.

တရားမဝင် ဒီဂျစ်တယ်ငွေကြေး၊ လောင်းကစားလုပ်ငန်းများနှင့် ဆက်နွယ်နေသော ကုမ္ပဏီ တခုဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်တွင် အငြင်းပွားဖွယ်ရာ “မြို့သစ်” စီမံကိန်း တခုကို တည်ဆောက်နေသည့် တရုတ်ကုမ္ပဏီက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က မဟုတ်မှန်ကြောင်း အခိုင်အမာပြောကြားခဲ့သည့်တိုင် ၎င်း၏ စီမံကိန်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမ စီမံကိန်း Belt and Road Initiative ၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒေသခံကရင်လက်နက်ကိုင်အဖွဲ့ တခုဖြစ်သည့် နယ်ခြားစောင့် တပ်ဖွဲ့  (BGF)  နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည့်နောက် Yatai International Holdings Group (YIHG) ကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး ယခင်က ထိုနေရာတွင် တည်ရှိခဲ့သည့် ကျေးရွာ၏ အမည်ကို အစွဲပြု၍ ရွှေကုက္ကိုမြို့သစ်ဟု ဒေသတွင်းတွင် သိကြသည့် အဆိုပါ စီမံကိန်းက ကရင်ပြည်နယ်တွင် တည်ရှိသည်။

စီမံကိန်းက ပွင့်လင်းမြင်သာမှု ကင်းမဲ့သည့်အပြင် ဆောက်လုပ်ရေး၏ အတိုင်းအတာတွင် ရှုပ်ထွေးမှု များရှိနေခြင်းနှင့် တရုတ်ရွှေ့ပြောင်းလုပ်သားများ အကြီးအကျယ် တိုးပွားလာမှုတို့ နှင့်ပတ်သက်၍ ဒေသခံများထံမှ ဝေဖန်မှုများ ထွက် ပေါ်စေခဲ့သည်။ ထို့ပြင် ဖြစ်လာနိုင်ချေရှိသော တရားမဝင် လှုပ်ရှားမှုများနှင့် လောင်းကစားရုံလုပ်ငန်းများ၏ လူမှုရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများ၊ သံသယများ ဖြစ်ပေါ်စေခဲ့သည်။

အစပိုင်းတွင် တည်ဆောက်သူက မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် တည်ရှိသည့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ (ကျပ် ၂၀ ထရီလီယံ) တန် အဆိုပါ စီမံကိန်းသည် တရုတ်အစိုးရ၏ ကြီးမားသော အပြည်ပြည်ဆိုင်ရာ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဖြစ်သော BRI ၏အစိတ်အပိုင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ BRI တွင် မြန်မာနိုင်ငံမှ စီမံကိန်းများစွာ ပါဝင်သည်။

သို့သော်လည်း ရန်ကုန်မြို့ ရှိတရုတ်သံရုံး၏ ကြေညာချက်တွင်မူ ထိုစီမံကိန်းသည် တတိယ အဖွဲ့အစည်း၏ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး BRI နှင့် လုံးဝမသက်ဆိုင်ကြောင်း ပြောကြားထားသည်။

သံရုံး၏ကြေငြာချက် ထွက်ပေါ်လာပြီးနောက် YIHG က ၎င်း၏ WeChat Public Account တွင် စီမံကိန်း၏ အနေအထား နှင့်ပတ်သက်သည့် ထူးထူးခြားခြား ကြေငြာချက်တခုကို ထုတ်ပြန်ကြေငြာခဲ့ပြီး “ဤစီမံကိန်းသည် တရုတ်အစိုးရ၏ ဆောင်ရွက်မှု လုပ်ရပ် မဟုတ်ပါ၊ သို့သော်လည်း BRI ၏ တာဝန်အတွင်းတွင် ဆက်လက်ပါဝင်နေသည်” ဟု ပြောကြားခဲ့သည်။

BRI နှင့် ပတ်သက်၍ ရှင်းလင်းချက်အပြင် ရင်းနှီးမြှုပ်နှံသူများအပေါ် ကမော္ဘဒီးယားနှင့် ဖိလစ်ပိုင်မှ တရားမဝင် လောင်းကစားရုံ လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံခဲ့ရသည့်တိုင် ကုမ္ပဏီသည် လောင်းကစား လုပ်ငန်းနှင့်သော်လည်းကောင်း ၎င်းနှင့် ဆက်စပ်သော လုပ်ငန်းများတွင်လည်းကောင်း ပါဝင်ပတ်သက်ခြင်း မရှိကြောင်း YIHG က ပြောသည်။  သို့သော်လည်း မြန်မာအစိုးရက လောင်းကစားလုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တရားဝင်ဖြစ်အောင် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို မကြာသေးမီက ပြီးဆုံးအောင်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ကာစီနို လောင်းကစား လုပ်ငန်းကို ကြိုးစား စမ်းသပ်ကြည့်ရန် ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်ဟု ကြေငြာချက်က ဆက်ပြောသည်။

YIHG ၏ထုတ်ပြန်ကြေငြာချက်သည် စီမံကိန်းက ခွင့်ပြုထားသည့် အတိုင်းအတာထက် ယခုအခါ ကျော်လွန်နေခြင်းကဲ့သို့ သော ဒေသခံများက တိုင်ကြားလာသည့် မူမမှန်မှုများကို အရေးယူဆောင်ရွက်သည့် အနေဖြင့် မြန်မာအစိုးရက စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ခုံရုံးတခုကို ဖွဲ့စည်းပြီးနောက်တွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။ သို့သော်လည်း COVID-19 ကြောင့် ခုံရုံးအဖွဲ့က စီမံကိန်း တည်ရှိရာသို့ မသွားရောက်နိုင်ခဲ့သေးပါ။

ထို့အပြင် ရွှေကုက္ကို စီမံကိန်းသည် အမေရိကန် အကျိုးစီးပွားအတွက် အဓိကစိန်ခေါ်မှု တရပ်ဖြစ်သည့် ကရင်ပြည်နယ်မှ တရုတ် ကျောထောက်နောက်ခံပြု စီမံကိန်း ၃ ခုအနက်မှ တခု ဖြစ်သည်ဟု US Institute of Peace က ဆိုသည်။

အမေရိကန်တွင် လှုပ်ရှားနေခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ ကရင်ပြည်နယ်အတွင်းသို့ တိုးချဲ့ဝင်ရောက်လာကာ မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိက အချက်အချာ နေရာသို့ ရာဇဝတ်မှု လုပ်ရပ်များ ယူဆောင်လာနေသည့် triad ဟု သိကြသော တရုတ် ရာဇဝတ် ဂိုဏ်းများနှင့် နက်ရှိုင်းစွာ ပတ်သက်သည့် နောက်ကြောင်း ရှိသူများ အပါအဝင် တရုတ် စီးပွားရေး လုပ်ငန်းကြီးများ ပါဝင်နေသည်ဟု US Institute of Peace  က စွပ်စွဲခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Scot Marciel ကပင်လျှင် ရွှေကုက္ကိုကဲ့သို့သော တရုတ်စီမံကိန်း အချို့သည် လူမှုရေးပြဿနာ များကိုဖြစ်ပေါ်စေ နိုင်သောကြောင့် အသေအချာ ဆန်းစစ်လေ့လာမှုနှင့် ဒေသတွင်း တိုင်ပင် ညှိနှိုင်းဆွေးနွေးမှု လိုအပ်ကြောင်း မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီက ဧရာဝတီသို့ ပြောကြားခဲ့သည်။

၎င်း၏ကြေငြာချက်တွင် YIHG က ၎င်း၏ မြို့သစ် စီမံကိန်းတွင် လောင်းကစား ပါဝင်မှုကို ငြင်းဆန်ခဲ့ခြင်း မရှိပါ။ သို့သော်လည်း ကုမ္ပဏီက ပိုင်ဆိုင်မှုအချို့ကို အခြားစီးပွားရေးလုပ်ငန်းများသို့ ငှားရမ်းထားပြီး ၎င်း၏ “အတွေ့အကြုံမရှိမှု” ကြောင့် သူတို့၏ လုပ်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်ခဲ့ခြင်းမရှိ ဟု အခြားသူများ ပေါ် အပြစ်တင်ခဲ့သည်။

“ကုမ္ပဏီအချို့က Yatai IHG ၏ခွင့်ပြုချက်မရှိဘဲ မသင့်လျော်သော လုပ်ငန်းများတွင် ပါဝင်ပတ်သက်မိခြင်း ဖြစ်နိုင်ပါသည်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ လုပ်ရပ်များ တွေ့ရှိသည်နှင့် ချက်ချင်း ရပ်ဆိုင်းစေခဲ့သည်ဟုလည်း ပြောသည်။

၎င်းက “ရာဇဝတ်မှု အချို့ကို Yatai မြို့တွင်းသို့ မိတ်ဆက်ပေးခဲ့မိခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ ပလက်ဖောင်းကို ပြီးပြည့်စုံအောင် ပြုလုပ်ရာတွင် ဒေသ၏ ဥပဒေများနှင့် စည်းမျဉ်းများအပေါ် လိုက်နာလေးစားမှုက ဆက်လက်၍ ခိုင်မာနေမည်ဖြစ်ပြီး တရားမဝင် လုပ်ဆောင်မှု အားလုံးကို ချေမှုန်းသွားပါမည်။ သို့မှသာ Yatai မြို့သစ် ဥပဒေကို ပိုမို၍ လေးစားလိုက်နာသော ကုမ္ပဏီများကို ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ပါသည်” ဟု ကုမ္ပဏီက ဝန်ခံခဲ့သည်။

တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ကမော္ဘဒီးယား၊ စင်ကာပူနှင့် မြန်မာတို့မှ ကုမ္ပဏီ ၃၀၀ နီးပါး က မြို့သစ်တွင် လုပ်ငန်းလုပ်ကိုင်နေကြသည်ဟု YIHG ကပြောသည်။

မြန်မာနိုင်ငံတွင်သာ ၎င်း၏ အကျိုးစီးပွားက အကန့်အသတ်ဖြင့် ရှိနေခြင်း အပေါ် ကျေနပ်ရောင့်ရဲမှု ရှိပုံ မရသည့် ကုမ္ပဏီက နယ်စပ်တဘက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲဆောက်တွင်လည်း “အမွှာမြို့” ကို တည်ဆောက်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“မဲဆောက်တွင် ရှိမည့် ထို မြို့သစ်တွင် ဆေးဘက်ဆိုင်ရာလုပ်ငန်းများ အတွက် အကြီးစား စက်မှုဇုန်တခု ပါဝင်မည် ဖြစ်ပြီး ၎င်းက နည်းပညာ၊ အရင်းအနှီး၊ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များကို အတူတကွ ယူဆောင်လာကာ ဆေးဝါး နည်းပညာကုမ္ပဏီများ ရှင်သန် ပေါက်ဖွားရေး ပြည့်စုံသော ပလက်ဖောင်းတခု ကို တည်ထောင်ပေးလိမ့်မည်” ဟု YIHG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပေါ် ထိုင်းနိုင်ငံဘက်က အတည်ပြုမှု ရယူနိုင်ခြင်း မရှိပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ‘New City’ on Thai-Myanmar Border Part of BRI Despite China’s Denials, Developer Claimsကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော

တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် မြန်မာလက်နက်ကိုင်များ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်လာနေသည်

တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ

Did you find apk for android? You can find new Free Android Games and apps.
Loading