မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်ရောဂါ ကူးစက်ခံရမှု များပြားလာသည့်အတွက် အိမ်နီးချင်း ထိုင်းအစိုးရက ထိုင်း – မြန်မာ နယ်စပ် တလျှောက် နေရာအချို့တွင် သံဆူးကြိုးများကာရံပြီး နယ်စပ် လုံခြုံရေး တင်းကျပ်စွာ ချထားသည်ဟု သတင်းရရှိသည်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA)၊ ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်း မြန်မာ နယ်စပ် ဝင်ပေါက်တွေအားလုံးကို ပိတ်လိုက်တယ်။ ထိုင်းဘက်က ခြံစည်းရိုးတွေ ဘာတွေ ကာပြီးတော့ ထိုင်းဘုရင့် တပ်မတော်က တပ်မတော်သားတွေနဲ့ ရဲ၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေနဲ့ ထိုင်း လဝက ပါမယ်။ ဖိဖိ စီးစီးနဲ့ တရားမဝင် ဝင်လာတဲ့သူတွေကို ရှာဖွေ ဖမ်းဆီးတယ်။ လိုအပ်ရင် လိုအပ်သလို စစ်အမိန့်တွေ ပေးမယ် လို့ ထိုင်း အမှတ် ၃ စစ်တိုင်းမှူးက ပြောထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ – ထိုင်းနယ်စပ်တလျှောက်တွင် မြဝတီ – မဲဆောက်၊ တာချီလိတ် – မယ်ဆိုင်၊ ကော့ သောင်း – ရနောင်းဂိတ် စသည့် တရားဝင်ဂိတ်များ အပါအဝင် တရားမဝင် ဂိတ်များ အပါအဝင် စုစုပေါင်းဂိတ်ပေါက် ၂၁ ခုရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်လိုသူများ အနေဖြင့် ထိုင်းအစိုးရ သတ်မှတ်ထားသည့် တရားဝင် နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်ရမည် ဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်မှု တားဆီးရေးကော်မတီ၏ ပြဌာန်းချက်နှင့် အညီ တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက သြဂုတ်လ ၂၇ ရက်က ကြေညာထားသည်။
ထိုင်းအစိုးရ သတ်မှတ်ထားသည့် တရားဝင် ဂိတ်ပေါက်များမှ ဝင်ရောက်ခြင်း မပြုဘဲ တရားမဝင် နယ်စပ်ဖြတ်ကျော် လာပါ က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေအရ ဘတ်ငွေ ၂ သိန်း နှင့် ထောင်ဒဏ် ၁ နှစ်ဖြင့် အရေးယူမည် ဖြစ် ကြောင်း၊ ထိုဘတ်ငွေ ၂ သိန်း မတတ်နိုင်သူများသည် ၁ ရက်လျှင် ဘတ်ငွေ ၅၀၀ နှုန်းဖြင့် ထောင်ဒဏ် ကျခံရမည် ဖြစ်ကြောင်း ဦးမိုးကြိုးက ရှင်းပြသည်။
လက်နက် မှောင်ခို ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုပြုလုပ်ခြင်း၊ အရက်ပုန်းမှောင်ခို လုပ်ဆောင်သူများ အပြင် ထိုင်းနိုင်ငံ အတွင်း၌ ဂိုဏ်းဖွဲ့ကာ ခိုးဆိုးလုနှိုက်လုပ်သူများ နယ်စပ်ဖြတ်ကျော်ပါကလည်း ထိုင်းအစိုးရက ပစ်မိန့် ပေး ထားကြောင်းလည်း သိရသည်။
ဦးမိုးကြိုးက “အရင်က ခိုးဝင်လာသူတွေကို ထောင်ဒဏ် ၃ လတို့၊ ၄၅ ရက်တို့နဲ့ မလုံလောက်တော့ ဒီထက် ပိုမို ပြင်းထန်တဲ့ ကိုဗစ် အရေးပေါ် ကာလ ဥပဒေအတိုင်းပဲ ပြင်းပြင်းထန်ထန် အတိအကျ အရေးယူမယ်လို့ ပြောထားတယ်။ ဘာလို့လည်း ဆိုတော့ ထိုင်းနိုင်ငံရဲ့ ဒုတိယ ကိုဗစ်လှိုင်းကို သူတို့ရဲ့ အမျိုးသား လုံခြုံရေးနဲ့ အမျိုးသားကျန်းမာရေး မူဝါဒအရ အတိအကျ လုပ်မယ်လို့ ကြေညာထားတာ”ဟု ပြောသည်။
ချင်းမိုင်ခရိုင်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးဇော်မင်းထွေးကလည်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မြင့်မားလာသလို ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်မှုများလည်း တိုးမြင့်လာခြင်းကြောင့် ထိုင်း အစိုးရ အနေဖြင့် ယခုကဲ့သို့ နယ်စပ်လုံခြုံရေး တင်းကျပ်လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးဇော်မင်းထွေးက “ခိုးဝင်မှုကို ဒီရောဂါ မဖြစ်ခင်ကတည်းက တားဆီးထားတာ ဖြစ်တဲ့အတွက် ကျနော့် အနေနဲ့ကတော့ ကိုယ့်နိုင်ငံသားတွေကို ခိုးဝင်တာမျိုး မလုပ်ဖို့ တားသင့်ပါတယ်”ဟု မှတ်ချက်ပြုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လိုသူများ အနေဖြင့် ထိုင်းအစိုးရ ဖွင့်ပေးထားသည့် ဂိတ်ပေါက် ၁၀ ခုမှ ပြန်ခွင့်ရှိ သော်လည်း မြန်မာမှ ထိုင်းသို့ ပြန်လည် ဝင်ရောက်မည် ဆိုပါက မြဝတီဂိတ်တခုထဲမှသာ ဝင်ရောက်ရမည်ဟု ထိုင်းအစိုးရက စည်းကမ်း တင်းကျပ်ထားကြောင်း သိရသည်။
ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်ပေးနေသည့် ရနောင်း – ကော့သောင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းနှင့် ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ(FED MEC ) ကော့သောင်းရုံး တာဝန်ခံ ကိုမိုးဝေက “ထိုင်း မြန်မာနယ်စပ်တလျှောက် မိုင် ၁၄၀ လောက်မှာ ထိုင်းအစိုးရ က ရွာသား တွေ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးတွေ၊ ရဲတွေနဲ့ နယ်ခြားစောင့်တပ်တွေ ပါပြီးတော့ ကော်မတီဖွဲ့ပြီး စောင့်နေတာတွေ ရှိ တယ်။ မြန်မာဘက်ကတော့ အဲဒီလိုမျိုးတော့ နေရာတိုင်း မလုပ်နိုင်သေးဘူး”ဟု ပြောသည်။
ထိုင်းအစိုးရ အနေဖြင့် ယခုကဲ့သို့ နယ်စပ်လုံခြုံရေး တင်းကျပ်လိုက်သည့် နောက်ပိုင်းတွင် ခိုးဝင်သူ ဦးရေ ယခင်ထက် လျော့ကျသွားသည်ဟု ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများက သုံးသပ် နေကြ သည်။
သို့သော် နယ်စပ်လုံခြုံရေး တင်းကျပ်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်၊ လှေများ အတွက် အခက်အခဲ ဖြစ်စေသလို ထိုင်းထောင်တွင် ချုပ်ရက် စေ့နေပြီဖြစ်သည့် မြန်မာလုပ်သားများအတွက် လည်း အခက်တွေ့ စေသည်ဟု ကိုမိုးဝေက ထောက်ပြသည်။
၎င်းက “အချုပ်ရက်စေ့ မြန်မာလုပ်သားတွေ အရမ်းများနေတဲ့အတွက် မြဝတီကို ရွှေ့ပြောင်းခအဖြစ် တယောက် ကို ဘတ် ၅ ထောင် ပေးရတဲ့အတွက် ပိုက်ဆံမရှိတဲ့သူတွေ အနေနဲ့ အခက်အခဲ ဖြစ်တယ်။ ကုန်တင်ယာဉ်လှေ တွေကတော့ နေ့လယ် ၁ နာရီနောက်ပိုင်း ပေးမဝင်ဘူး။ ဝင်ရင်လည်း အရေးယူခံရမယ်ဆိုတော့ အခက်အခဲ ရှိတာပေါ့” ဟု ပြောသည်။
တနသာၤရီတိုင်း အစိုးရက ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသူများကို ကူးစက် ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေအပြင် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့်ပါ အရေးယူသွားမည်ဟု သြဂုတ်လ ၁၄ ရက်က ညွန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်သည်။
ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးနှိပ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း၌ ကိုဗစ်အရေးပေါ် ကာလ မတ်လ ၁၈ ရက်မှ သြဂုတ်လ ၁၈ ရက်အတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သား တသောင်းကျော်ကို ထိုင်းလဝက ဥပဒေဖြင့် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု သိရသည်။
You may also like these stories:
ထိုင်းတွင် မြန်မာ ၃၄ ဦး Covid-19 ကူးစက်ခံရ
ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြားက မြန်မာလုပ်သားတို့ရဲ့ အိမ်ပြန်ခရီး