Covid-19 ကူးစက်ရောဂါပိုး ဒုတိယလှိုင်းဖြစ်ပေါ်မှုနှင့် လက်နက်ကိုင်း ပဋိပက္ခများကြောင့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်အချို့အား ချန်ထားခဲ့ဖွယ်ရှိနေကြောင်း သိရသည်။
ရွေးကောက်ပွဲတကြိမ်မျှ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် မြို့နယ်များအဖြစ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ ၄ မြို့နယ်၊ နှင့် မိုင်းလားမြို့နယ်တို့ရှိနေပြီး ရခိုင်ပြည်နယ်မှ ၂ မြို့နယ်တွင် လုံခြုံရေးအရကျင်းပနိုင်ခြင်း ရှိမရှိတင်ပြ ဆွေးနွေးမှုရှိကြောင်း စက်တင်ဘာ ၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်(UEC)က ပြောသည်။
ယင်းအပြင် ကူးစက်မှု မြန်ဆန်သည့် Covid-19 ရောဂါပိုးသည် ဩဂုတ် ၁၆ ရက်နေ့က စစ်တွေမြို့တွင် စတင်တွေ့ ရှိခဲ့ပြီးနောက် ရာနှင့်ချီသည့် ထိတွေ့ကူးစက်မှုနှင့် နောက်ကြောင်းရာဇဝင် ထောက်လှမ်းမရသည့် ကူးစက်မှုများ သည် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများဆုံးတွေ့ရှိနေပြီဖြစ်သည်။
ကူးစက်မှုမြန်ဆန်နေသည့် Covid-19 ဒုတိယလှိုင်းသည် ရွေးကောက်ပွဲအပေါ် ရိုက်ခတ်မှုရှိလာနိုင်ကြောင်း သုံး သပ်မှုများ ရှိသော်လည်း လတ်တလောအနေအထားအရ ရွေးကောက်ပွဲရွေ့ရန် အကြောင်းမရှိကြောင်း UEC က ပြောခဲ့သည်။
ဦးမြင့်နိုင်က “ရွေးကောက်ပွဲ ရွေ့ဖို့အကြောင်း အခုထိမရှိသေးဘူးပေါ့။ များများ လာတယ်ဆိုတာလည်း စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ ကျန်တဲ့နေရာတွေ မှာတော့ ဒီလောက်မရှိဘူးပေါ့” ဟု ပြောသည်။
ဥပဒေအရ UEC အနေဖြင့် မဲဆန္ဒနယ်တခု(သို့) မြို့နယ်တခုအတွင်း ကျေးရွာအုပ်စုတခုအား ရွေးကောက်ပွဲကျင်းပ နိုင်ခြင်း ရှိ/မရှိ ဆုံးဖြတ်ပိုင်ခွင့်ရှိနေပြီး ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များအား အောက်တိုဘာလတွင် ထုတ် ပြန်မည်ဟုလည်း ပြောခဲ့သည်။
သို့သော် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများအနေဖြင့် ကပ်ရောဂါကူးစက်မှု မြန်ဆန်နေသည့် ကာလအ တွင်း စိုးရိမ်မှုများရှိနေချိန်တွင် ရွေးကောက်ပွဲရွေ့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သော်လည်း မဲပေးခြင်းနှင့် မဲဆွယ် စည်းရုံးခြင်း လုပ်ငန်းစဉ်များအတွက် မည်သို့ဆောင်ရွက်ရမည် ဆိုသည်ကို ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် UEC က တိကျသည့် စီမံမှုများ ရှင်းလင်းချပြနိုင်ခြင်းမရှိခဲ့ပေ။
UEC အနေဖြင့် Covid-19 ရောဂါကူးစက်မှုကာလအတွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ်အား အလားတူကျင်းပခဲ့သည့် စင်္ကာပူနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အား နမူနာယူကာ စီစဉ်ထားပြီး ကျန်းမာရေးစည်းကမ်းများနှင့် လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား အချိန်မီထုတ်ပြန်မည်ဟုသာ ပြောခဲ့သည်။
မြန်မာနိုင်ငံအတွင်း မတ်လမှ ယနေ့မနက်ပိုင်းအထိ Covid-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀၅၈ ဦးရှိပြီဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူ ၃၅၉ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိခဲ့ပြီဖြစ်သည်။
Covid-19 ကူးစက်မှုကာလအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရောဂါကူးစက်နှုန်းနှင့် ပြင်းထန်မှုနှုန်း အပေါ်မူ တည်ကာ ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့်တိုက်ဖျက်ရေး ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ထင်မြင်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ်မှ ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်း ဒေါက်တာကျော်စွာဦးက ပြောသည်။
ဒေါက်တာကျော်စွာဦးက “တောင်ကိုရီးယာနဲ့ စင်္ကာပူ အခြေအနေကိုကြည့်ပြီး သုံးသပ်ရရင် မဲပေးမှုက ကျသွား မယ်လို့မထင်ဘူး၊ မြန်မာ ပြည်သူတွေက နိုင်ငံရေးရေချိန် မြင့်မားပါတယ်။ ဒီမိုကရေစီ ရင့်သန်ခိုင်မာရေး အရေး ကြီးတဲ့ ဖြတ်သန်းမှုတခု ဖြစ် တဲ့အတွက် ပြည်သူတွေအနေနဲ့ မဲထွက်ပေးမယ်လို့ ယုံကြည်တယ်။ ပေးနိုင်အောင် လည်း ရွေးကောက်ပွဲကော်မရှင်က သေချာစီစဉ်ထားတာလည်း ကြားရပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်လည်း Covid-19 ရောဂါပိုး ကူးစက်ပြန့်ပွားလျှက်ရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုလည်း ဆက်လက်ရှိ နေပြီး ပြည်သူများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် အတားအဆီးများ ရှိနေပြီဖြစ်သည်။
စစ်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူများနှင့် မဲစာရင်းမကပ်နိုင်ငံသည့် ကျေးရွာများ အများအပြားရှိနေ ပြီး လက်ရှိပြန့်ပွားနေသည့် ကိုဗစ်ရောဂါဂယက်ကြောင့်လည်း ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပ နိုင် ခြင်းမရှိမည့် အခြေအနေသည် နှစ်မြို့နယ်ထက်ပင် ပိုနိုင်သလား စဉ်းစားစရာရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုးက “စစ်ကြောင့်လည်းဖြစ်တယ်၊ အခုက ကိုဗစ်လဲဖြစ်နေတယ်ဆိုတော့ လုပ်နိုင်ပါ့မလားပေါ့။ မဲ စာရင်းမကပ်နိုင်တဲ့ ကျေးရွာတွေကများတယ်၊ အမ်းလိုနေရာတောင် မြို့ပေါ်မှာ ကပ်နိုင်ပေမယ့် ဒလက်ချောင်းတ လျှောက် မကပ်နိုင်တဲ့ရွာတွေအများကြီး၊ ချန်ခဲ့နိုင်တဲ့ရွာတွေလည်း များတာပေါ့။ ရွာတွေချန်ပြီး မြို့ပေါ်တွေ လုပ် မယ်ဆိုရင်တော့ ရကောင်းရနိုင်တာပေါ့။ စစ်ပွဲကလည်း ရပ်မသွားဘူး၊ ရောဂါကလည်း ပြန့်နေတုန်းပဲ၊ ဒီတလအ တွင်း စောင့်ကြည့်ရမယ်ထင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပြည်သူများမဲပေးခွင့် မဆုံးရှုံးစေရေးအတွက်လည်း စစ်ဘေးရှောင်စခန်းများတွင် မဲရုံ(သို့) မဲပုံးထားရှိပေးရန် လိုအပ်ပြီး ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲများ မဖြစ်ပွားပါက အကောင်းဆုံးဖြစ်ကြောင်း ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အ တွင်းမှ မြို့နယ် ၅ မြို့နယ်အပါအဝင် စုစုပေါင်း မဲဆန္ဒနယ် ၇ မြိုနယ်နှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်းမှ ကျေးရွာအုပ်စု ၄၅၃ အုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ဩဂုတ်လ ၁၀ ရက်မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှ လေကြောင်းလိုင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဝင် ရောက်လာခဲ့သူ ၅၄၀၉ ဦးအား အစိုးရက ဆက်သွယ်ခဲ့သော်လည်း ၂၅၄၇ ဦးမှာ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့ပြီး ကျန်းမားရေးနှင့် အုပ်ချုပ်ရေးဌာနတို့ထံ သတင်းပို့ခြင်းမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်နေ့က ကြေညာထားသည်။
ယင်းအပြင် Covid-19 ဒုတိယလှိုင်း ကူးစက်ပျံ့နှံမှုကြောင့် ရခိုင်တပြည်နယ်လုံးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုစွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့အား Stay at Home မြို့နယ်များအဖြစ် သတ်မှတ်ထားပြီး ညမထွက်ရအမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားလျှက်ရှိသည်။
UEC အဖွဲ့ဝင် ဦးမြင့်နိုင်က “တချို့နေရာကျတော့ မြို့နယ်တခုလုံးကို ကျင်းပနိုင်တဲ့အခြေအနေမရှိဘူး။ တချို့နေ ရာမှာတော့ မြို့နယ်တော့ ကျင်းပလို့ရတယ်။ သို့သော်လည်း ဒီကျေးရွာ၊ ဒီအုပ်စုတွေက ကျင်းပလို့မရဘူး ဒီလိုတွေ ရှိတယ်။ မြို့နယ်တခုလုံး မကျင်းပနိုင်ဘူး၊ ဒါမှမဟုတ် မြို့နယ်တခုအတွင်းမှာ မဲဆန္ဒနယ်တခုတော့ မကျင်းပနိုင် ဘူး၊ ဒါမှမဟုတ် မြို့နယ် တခု(သို့မဟုတ်)မဲဆန္ဒနယ်တခုအတွင်းမှာ ဘယ်ကျေးရွာအုပ်စု၊ ဘယ်ရပ်ကွက်က မ ကျင်းပနိုင်ဘူး၊ ဒါတွေကိုလည်း ကြိုပြီးတော့ ကြေညာသွားမယ်” ဟု ပြောသည်။
ယင်းအပြင် ယခုနှစ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကထက် မဲရုံးများတိုးချဲ့ဖွင့်လှစ်ထားကြောင်းနှင့် တိုးချဲ့နိုင်ခြင်းမရှိ သည့် အခြေအနေတွင် အဆိုင်းများခွဲကာ မဲပေးနိုင်ရန် စီစဉ်းထားကြောင်းလည်း ၎င်းက ပြောခဲ့သည်။
You may also like these stories:
စည်းရုံးရေးဆင်းမည့် ပါတီများ အကြောင်းကြားရမည်ဟု RCSS ထုတ်ပြန်
AAသို့ တောခိုသွားသည့် သားကြောင့် ကျောက်ဖြူအမတ် ရွေးကောက်ခံပိုင်ခွင့် ပယ်ဖျက်ခံရ
စဉ့်ကိုင်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းကို ဒေသခံတချို့ကန့်ကွက်