မကြာသေးမီက ခရီးစဉ်အတွင်း တရုတ်ထိပ်တန်းသံတမန်က ၎င်းတို့၏ ရည်မှန်းချက်ကြီးမားလှသည့် မြန်မာနိုင်ငံမှ အခြေခံအဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖေါ်ရေးအတွက် မြန်မာနိုင်ငံထံမှ အာမခံချက်ရရန်ဆွေးနွေးခဲ့ ပြီး ရခိုင်ပြည်နယ်အတွက် ယွမ်သန်း ၂၀၀ (ကျပ် ၃၉.၃၃ ဘီလျှံ) အကူအညီပေးမည် ဖြစ်ကြောင်း ကြေညာသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် မစ္စတာယန်ကျိချီ (Mr. Yang Jiechi) သည် စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှှုူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မစ္စတာယန်ကျိချီသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်ပြီး ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌရာထူးနှင့် နိုင်ငံခြားရေးရာ ညွှန်ကြားရေးမှူး ရာထူးရယူထားသူလည်း ဖြစ်သည်။ မစ္စတာယန်သည် စက်တင်ဘာ ၂ ရက်တွင် စပိန်နှင့် ဂရိနိုင်ငံများသို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်သည်။
၎င်းထွက်ခွာသွားပြီးနောက်တွင် မစ္စတာယန်နှင့် မြန်မာခေါင်းဆောင်များ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး၊ တရုတ်ဘက်က မြန်မာကို မည်သည့် အကူအညီများပေးရန် သဘောတူလိုက်သည်ဆိုသည့် အချက်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့တို့က အသီးသီးထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးမှုတွင် မစ္စတာယန်ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်များက အချက် ၁၃ ချက်ကို အဓိက တင်ပြဆွေးနွေးလာသည်။ ယင်းတို့ထဲတွင် တရုတ်ဘက်က မြန်မာကိုကူညီမည်ဟု ပြောဆိုသည့် အကြောင်းအရာ ၇ ချက်ပါသည်။
၎င်းတို့မှာ တရုတ်နိုင်ငံက ကိုဗစ် – ၁၉ ကပ်ရောဂါ ကာကွယ်ဆေး စတင်ဖြန့်ဝေပါက မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး ကိစ္စအပါအဝင်၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ပေးဆပ်ရန် ရှိနေသည့် ကြွေးမြီပေးဆပ်မည့် ကာလ ရွှေ့ဆိုင်းပေးရန်နှင့် ရခိုင်ပြည်နယ် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးရေးအတွက် တရုတ်ဘက်က ယွမ်သန်း ၂၀၀ ပေးအပ်မည့် ကိစ္စတို့ ဖြစ်သည်။
ထိုပြင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီပံ့ပိုး သွားရေးတို့ကိုလည်း တရုတ်ဘက်က ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ် အရေး မြန်မာအစိုးရ ကြိုးပမ်းဖြေရှင်းနေမှုများအားလည်း တရုတ်ဘက်က ဆက်လက် ထောက်ခံအားပေးသွားမည်ဟု ဆိုသည်။
ယင်းသို့ထောက်ခံအားပေးသွားမည့်အထဲတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ကူညီရေးနှင့် ဒေသတွင်းသာမက ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာမျက်နှာစာတွင် မြန်မာဘက်က ရပ်တည်ပေးမည့် ကိစ္စများလည်း အကျုံးဝင်သည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကိုလည်း တရုတ်ဘက်က ဆွေးနွေးလာသည်လည်း ရှိသည်။
တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည့် အကျိုးတူ စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် လောင်းကစား အပါအဝင် တရားမဝင်ကိစ္စရပ် များကို ပူးတွဲတိုက်ဖျက်သွားရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာအစိုးရ ကိုယ်စားလှယ်များကမူ တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှု များအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်တနိုင်ငံတည်း မူဝါဒနှင့် တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒတို့ကို ဆက်လက်ရပ်တည်ထောက်ခံသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် အလှည့်ကျ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ်အတွင်း တရုတ်-အာဆီယံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရေးနှင့် ဒေသတွင်းကိစ္စရပ်များအား ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာသွားရေးကို မြန်မာဘက်က တင်ပြ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်သွားရေး၊ ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ၌ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စတို့နှင့် စပ်လျဉ်း၍မူ နှစ်ဖက် အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မစ္စတာယန်၏ ခရီးစဉ်သည် ထူးခြားပြီး ၎င်း၏ ခရီးစဉ်များသည် သာမန်ချစ်ကြည်ရေး ခရီးမျိုးမဟုတ်ဘဲ နိုင်ငံရေးအရ အရေးပါသည့် တာဝန်များပါလေ့ရှိကြောင်း တရုတ်အရေးလေ့လာသူများက ဆိုကြသည်။
မစ္စတာယန်သည် ကိုဗစ်ကာလအတွင်းမှာပင် ဒေသတွင်းနိုင်ငံများအနက် စကာင်္ပူနိုင်ငံကိုသွားပြီးနောက် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများသို့ မသွားဘဲ မြန်မာနိုင်ငံသို့လာသည်ကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အရေးပါသည်ဟု သုံးသပ်နိုင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ China Desk တာဝန်ခံ ဒေါ်ခင်ခင်ကျော် ကပြောကြားသည်။
“တရုတ် အနေနဲ့က အဓိကတော့ BRI စီမံကိန်းတွေကို တွန်းဖို့၊ ဒုတိယတချက်ကတော့ သူ့ရဲ့ Soft Power နဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးမှုကို ပိုပြီးရယူဖို့ ရှိတယ်လို့ သုံးသပ်ပါတယ်။ အဓိကတော့ ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့ စီမံကိန်းတွေကို အတည်ပြုဖို့ပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။
ဆွေးနွေးမှုအတွင်း တရုတ်နိုင်ငံဘက်က ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ပေးမည်ဟုဆိုခြင်း၊ ကြွေးမြီများ ပြန်ဆပ်ကာလ ရွှေ့ဆိုင်းခြင်းနှင့် ရခိုင်ပြည်နယ် လူမှုဘဝ တိုးတက်ရေးအတွက် ယွမ်သန်း ၂၀၀ ပေးမည်ဆိုသည့် ကိစ္စများသည် မြန်မာနိုင်ငံအတွက် တစုံတရာ အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ဒေါ်ခင်ခင်ကျော်က ပြောသည်။
ဆက်လက်၍ ၎င်းက “တဖက်မှာလည်း သဘောတူထားတဲ့ BRI စီမံကိန်းတွေနဲ့ ပတ်သက်ရင် မြန်မာဘက်က ဘယ်လို ကိုင်တွယ်မလဲ။ တဖက်မှာတော့ အကြွေးတွေလျှော့ပေးပြီး တဖက်မှာ အကြွေးထောင်ခြောက်ထဲ ထပ်မဝင်အောင် ကျမတို့နိုင်ငံက ဘယ်လို ပါးပါးနပ်နပ်ကိုင်တွယ်မလဲဆိုတာတွေကလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်” ဟုဆိုသည်။
မစ္စတာယန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့်လည်း နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ယင်းဆွေးနွေးပွဲတွင် မစ္စတာယန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သည့် BRI စီမံကိန်းများကဲ့သို့ အကြောင်းအရာတချို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် တရုတ်အရေးနှင့် လုံခြုံရေးလေ့လာသည့် STIMSON CENTER ၏ Non-Resident Fellow ဖြစ်သူ ဦးအမရာသီဟက BRI စီမံကိန်းသည် စီးပွားကိစ္စသက်သက်မဟုတ်ဘဲ လုံခြုံရေးဆိုင်ရာ ကိစ္စများနှင့်လည်း ဆက်စပ်သဖြင့် တရုတ်ကိုယ်စားလှယ်များက တပ်ချုပ်နှင့် တွေ့ဆုံပြောဆိုခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
“အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမန္တလေး- မူဆယ်လမ်းလုံခြုံရေးလို ကိစ္စတွေ၊ နယ်စပ်ဒေသ လုံခြုံရေးကိစ္စတွေ ဒါတွေအပေါ်လည်း အများကြီးမူတည်တဲ့အတွက် ဒီဟာတွေကို ထည့်သွင်းမစဉ်းစားရင် တရုတ်နိုင်ငံရဲ့ BRI အစီအစဉ်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေါ့။ ဒါကြောင့်လည်း သူက တပ်မတော်နဲ့ဆွေးနွေးတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
တပ်ချုပ်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးစဉ်က မပါခဲ့သည့် ၂ နိုင်ငံတော်တပ်မတော် ၂ ရပ်အကြားပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်လည်း ရှိသည်။
နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် တပ်မတော်နှစ်ရပ်အကြား သတင်းအချက်အလက်များ ဖလှယ်ကာ အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ဆွေးနွေးခဲ့ခြင်းနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “အခုကတော့ ထပ်ပြီးတော့ ၂ နိုင်ငံနယ်စပ်ဒေသမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ဟိုဘက်တပ်ဖွဲ့ဝင်တွေ၊ ဒီဘက်တပ်ဖွဲ့ဝင်တွေ နယ်စပ်ဒေသ စီမံအုပ်ချုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေ အချင်းချင်း အပြန်အလှန် စီမံအုပ်ချုပ်ရေး လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်သွားဖို့။ အမြဲတမ်း ထိတွေ့ဆက်သွယ်သွားဖို့ ထပ်ပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။
တရုတ်သံတမန်၏ ယခုခရီးစဉ်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတဲဂီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်အပြီး တပတ်ကျော်အကြာတွင် လာရောက်ခြင်းလည်း ဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီတည်ဆောက်ရေးကို ထောက်ခံအားပေးကြောင်းပြောပြီး ကိုဗစ်ကာလ မြန်မာ့စီးပွားရေးကို ကူညီရန် အမေရိကန်ဒေါ်လာ ၄၂၅ သန်း ပေးရန် ကတိပေးခဲ့သည်။
“ကိုဗစ် ၁၉ ရောဂါတိုက်ဖျက်ရေးအတွက် မစ်ဆူမိုတဲဂီသည် ဂျပန်အစိုးရအနေဖြင့် နည်းပညာအထောက်အပံ့၊ Avigan ဆေးပြားများ၊ ဆေးဝါးနှင့် အကူပစ္စည်း အမေရိကန် ဒေါ်လာ သန်း ၃၀ ဖိုး မြန်မာကို ထောက်ပံ့ရန်၊ အရေးပေါ်ဘတ်ဂျက်အကူအညီ ဒေါ်လာ ၂၈၃ သန်း ထောက်ပံ့ရန်နှင့် SMEs ကို ထောက်ပံ့ရန် ဒေါ်လာ ၁၄၂ သန်း ချေးငွေပေးရန် ဆုံးဖြတ်ထားကြောင်း ပြောသည်”ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုသည်။
You may also like these stories:
စက်တင်ဘာလကစပြီး ဂျပန် – မြန်မာ အပြန်အလှန် ခရီးသွားနိုင်မည်
တရုတ်အရေးကျွမ်းကျင်သူ အလိုရှိသည်
တရုတ်အပေါ် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မယုံကြည်မှုသည် လျှို့ဝှက်ချက် မဟုတ်တော့