ရန်ကုန် ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြည်သူများကို နိုဝင်ဘာလ၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြရန် တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံ၏ ကောင်းကျိုးနှင့် တိုင်းပြည်တခုလုံး သာယာဝပြောရေးအတွက် မေတ္တာရပ်ခံရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၈ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများ တရားဝင်မစတင် မီ ၁ ပတ်အလို စက်တင်ဘာလ ၁ ရက်နေ့တွင် သူက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဆန္ဒမဲပေးခြင်းသည်“မြင့်မြတ်သော တာဝန်” ဖြစ်ပြီး “ဒီမိုကရေစီ ခရီးလမ်းအတွက် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်း တခု” ဖြစ်သည်ဟု ကာဒီနယ် ချားလ်စ်မောင်ဘို က ပြောကြားခဲ့သည်။
“ဒါကြောင့် မဲစာရင်းမှာ ကိုယ့်နာမည် ပါမပါ စစ်ဆေးဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံကို အရောက်သွားပြီး မဲပေးကြဖို့ ကျွန်ုပ် တိုက်တွန်းလိုပါတယ်။”
သူ၏ မဲပေးရန် တောင်းဆိုမှုသည် ပြီးခဲ့သည့်လက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ “No Vote” လှုပ်ရှားမှု နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါအဖွဲ့က တပ်မတော်က ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရန် မအောင်မြင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အပြစ်တင်ခဲ့ပြီး အငြင်းပွားဖွယ်ရာ အခြေခံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲတခု အပြီးတွင် စစ်မှန်သော ဒီမိုကရေစီ အစိုးရတခု မည်သည့်အခါမျှ ရှိ လာလိမ့်မည်မဟုတ်ဟု ပြောသည်။
ကာဒီနယ် ချားလ်စ်မောင်ဘိုက မဲပေးခြင်းသည် အားနည်းသူတို့၏ အသံကို ကြားရရန် ဒီမိုကရေစီလမ်းစဉ်မှတဆင့် လုပ်ပေးနိုင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အတွက် တခုတည်းသော လမ်းကြောင်း ဖြစ်သည်ဟု ဆိုသည်။
“လက်နက်ကိုင် ဖြေရှင်းတဲ့ နည်းလမ်းကြောင့် နိုင်ငံသား များစွာ သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာဟာလည်း စစ်ဘေးဒုက္ခသည်တွေ အဖြစ်နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။ ဒီလို ဆိုးဝါးတဲ့ ခေတ်ကာလကြီးကို အဆုံးသတ်ဖို့ အချိန်တန်နေပါပြီ။ ယခုပြည်တွင်းစစ်မှာ ဘယ်သူမှ အနိုင်မရခဲ့ကြပါဘူး။ ငြိမ်းချမ်းရေး ဆိုတာ ရနိုင်ပါတယ်၊ ငြိမ်းချမ်းရေးသည် သာလျှင် တခုတည်းသော လမ်းစဉ် ဖြစ်ပါတယ်” ဟု ဂိုဏ်းချုပ် ဆရာတော်က ပြောသည်။
ဆင်းရဲချို့တဲ့သူများက အုပ်ချုပ်သူ အစိုးရကို ရွေးချယ်နိုင်သည့်အတွက် ရွေးကောက်ပွဲက အလွန်အရေးပါပြီး “ဆင်းရဲချို့တဲ့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ မဲမထည့်လိုက်ရတာမျိုး အဖြစ်မခံပါနဲ့” ဟု သူက ထပ်ပြောသည်။
မြန်မာနိုင်ငံ၏ သယံဇာတများကို မတရားလုယူ ခြယ်လှယ်ခဲ့ကြပြီး ပြည်သူများကို ဆင်းရဲအောင် လုပ်ခဲ့ကြသူများကို မဲပေးခြင်းမှ ရှောင်ရှားကြရန် ဂိုဏ်းချုပ် ဆရာတော်က ပြည်သူများသို့ အကြံပြုခဲ့သည်။ “သူခိုးတွေဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်စား လှယ်တော်တွေ ဖြစ်ဖို့ မထိုက်တန်ပါဘူး” ဟု ကာဒီနယ် ချားလ်စ်မောင်ဘိုက ထပ်ပြောသည်။
“ပြည်ပအရင်းရှင်များ”ဟု သူက ခေါ်သည့် တာဝန်ယူမှု မရှိသော တိုင်းတပါးသား ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍ တိုင်းပြည်၏ ချမ်းသာကြွယ်ဝမှုကို အမြတ်ထုတ် ဂုတ်သွေးစုပ်ခဲ့ကြသော “ကျင့်ဝတ်နှင့် မညီညွတ်သည့် ပြည်တွင်းခရိုနီများ” ကို ရှောင်ကြဉ်ရန်လည်း မဲဆန္ဒရှင်များအား တိုက်တွန်းခဲ့သည်။
ခရစ်ယာန်ခေါင်းဆောင်က ထိုကဲ့သို့သော သူများသည် “တိုင်းပြည်အပေါ် စေတနာမထားသူများ” ဟု သတ်မှတ်ပြီး အချို့ က ရွေးကောက်ပွဲတွင် ပါယှဉ်ပြိုင်ရန် ရှိနေသည်ဟု ဆိုသည်။ သူက မဲဆန္ဒရှင်များအား ၎င်းတို့ မည်သူ ဖြစ်သည် ဆိုသည်ကို သိအောင် လုပ်ကြရန်နှင့် ဒီမိုကရေစီ အစိုးရထဲတွင် ၎င်းတို့ကို နေရာမပေးကြရန် တိုက်တွန်းခဲ့သည်။
မဲဆန္ဒရှင်များ အနေဖြင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးကို ပီပီပြင်ပြင် ဖော်ဆောင်ပေးမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ် မဲပေးကြရန်နှင့် မြန်မာနိုင်ငံတွင် ဉာဏ်ရည်ပြည့်ဝပြီး ပြည်သူကို အလုပ်အကျွေးပြုလိုသော၊ ရိုးသား ဖြောင့်မတ်စိတ်၊ တာဝန်ယူ တာဝန်ခံလိုစိတ်၊ ပွင့်လင်းမြင်သာစိတ်နှင့် ပြည့်ဝသော ခေါင်းဆောင်များ များစွာ လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
စစ်မှန်သော နိုင်ငံရေး၊ စီးပွားရေး ဖက်ဒရယ် လမ်းစဉ်များ ထွက်ပေါ်လာရေး မဲပေးကြရန် နိုင်ငံသားများကို သူက တိုက်တွန်းလိုက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်မှန်သော နိုင်ငံရေးနှင့် စီးပွားရေး ဖက်ဒရယ် လမ်းစဉ် ထွက်ပေါ်လာရန် ကြိုးစား လှုပ်ရှားခဲ့စဉ်က ထိုအတွက်ပင် အသက်ပေးသွားခဲ့ကြောင်း ပြောသည်။
“ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးမယ့် သူတွေကို မဲပေးကြပါ။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရောင်နီသစ် ပေါ်ထွန်းလာပါစေ” ဟု ကက်သလစ် ခရစ်ယန် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက ကြေညာခဲ့သည်။
(Nan Lwin ၏ Myanmar Archbishop Urges Citizens to Go Vote ကို ဘာသာပြန်သည်။)
You may also like these stories:
ပထမဆုံးမဲပေးမယ့် လူငယ်တို့ရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တချို့ ချန်ခဲ့ဖွယ်ရှိ
ရွေးကောက်ပွဲအမီ Facebook ကိုအသုံးချလာတဲ့ နိုင်ငံရေးပါတီများ