ရခိုင်ပြည်နယ်တွင် အခြားဒေသများထက် ကိုဗစ်-၁၉ ရောဂါပိုး မြင့်မြင့်မားမား ကူးစက်ခံနေရသည်မှာ နိုင်ငံရေး၊ စစ်ရေး ပြဿနာများကို အခြေခံပြီး ရခိုင်ပြည်သူများထံသို့ ရောဂါပိုး ရောက်လာခြင်း ဟုတ်၊ မဟုတ် စဉ်းစားရမည် ဟု ရက္ခိုင် စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။
အဆိုပါပြောဆိုချက်ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စက်တင်ဘာ ၂ ရက်၊ Arakan Army သတင်းနှင့် ပြန်ကြားရေး လူမှု ကွန်ရက်စာမျက်နှာမှ ဖြန့်လိုက်သည့် “ရခိုင်ပြည်သူလူထုသို့ ပြောကြားချက်”ဟူသည့် မိန့်ခွန်း ရုပ်သံဖိုင်ထဲတွင် ထည့်သွင်း ပြောဆိုထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုဗစ်-၁၉ ရောဂါ ဆိုတာ ကျန်းမာရေးပြသနာ ဆိုသော်ငြားလည်း ရခိုင်ပြည်သူတွေဆီကို န်ိုင်ငံရေး၊ စစ်ရေး ပြဿနာ အရင်းခံပြီး ရောက်လာပါသလား ဆိုတာကိုလည်း စဉ်းစားစရာ အချက်တွေလည်း အများကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်က ရခိုင်ပြည်ကို နိုင်ငံရေးအရ လူမျိုးရေးအရ စစ်ရေးအရ အမြစ်ပြတ် ချေမှုန်းဖို့အတွက် သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်အာဏာတွေ ဥပဒေတွေကို လက်နက်အဖြစ် လွဲမှားစွာ အသုံးချ နေတော့ ဒီအချက်ကလည်း စဉ်းစားစရာတခု ဖြစ်နေပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါပိုး စတင် ကူးစက်ခံရသည့် ၂၀၂၀ ခုနှစ်၊ အစောပိုင်းကတည်းက ရခိုင်ပြည်နယ် အတွင်း လူထုအကြား ကူးစက်ခံရမှု မဖြစ်စေရန် တဖတ်သတ် အပစ်ရပ်စဲကြောင်းကို ကြေငြာခဲ့သော်လည်း အင်အား ရာနှင့်ချီသည့် တပ်မတော်စစ်ကြောင်းများက တရွာဝင် တရွာထွက် သွားလာနေခဲ့သည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “တမြို့နဲ့ တမြို့၊ တရွာနဲ့ တရွာ မလိုလားအပ်ဘဲ ခရီးမသွားဖို့ တကမာ္ဘလုံးက လိုက်နာနေတဲ့ အချိန်မှာ ရခိုင်ပြည်က မြို့ရွာတွေကို ရာထောင်ချီတဲ့ မြန်မာစစ်သားတွေက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီး သွားလာနေကြပါတယ်။ ကျနော်တို့က ထောက်ပြခဲ့တယ်။ ဒါက ရောဂါကို တမင်တကာ ပြန့်ပွားအောင် လုပ်နေတာနဲ့ တူတယ်။ ဒါတွေကို ရပ်စဲဖို့ လိုတယ်ဆိုတာကို ထောက်ပြခဲ့တယ်။ ဒီဟာတွေကို အရေးမစိုက်ခဲ့ဘူး။ ဒီနေ့ ဒီအချိန်မှာ ရောဂါကူးစက်မှုတွေ အများကြီး ပြန့်ပွားနေပြီ” ဟုလည်း ပြောသည်။
ရခိုင်လူထုကြားတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ အဝင်အထွက် ပြုလုပ်နေသူများ၊ မွတ်ဆလင်များ နေထိုင်ရာဘက်က တဆင့် ကူးစက်လာနိုင်ခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း မွတ်ဆလင်ကျေးရွာများတွင် ရောဂါ ကူးစက် ပြန့်ပွားသည်ကို မတွေ့ရဘဲ ရခိုင်လူထုကြားထဲတွင်သာ ကူးစက်မှုများ ပြန့်ပွားနေသည်ကို တွေ့ရသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများတွင် နှာခေါင်းစည်း (Mask)များ တပ်၍သွားလာခြင်း ရှိ၊ မရှိ ဧရာဝတီက မေးမြန်းရာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက“ အခု ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ ကျင်းပနေတာ တွေ့တယ်မလား။ အဲဒီ ဘောလုံးပွဲတွေမှာ ဘယ်ဘောလုံးသမားက mask တပ်ပြီး ဘောလုံးကန်တာ တွေ့ဖူးသလဲ။ စစ်ဆင်ရေး လုပ်တယ်ဆိုတာ သွားလာနေတာ လှုပ်ရှားနေတာ ဖြစ်တယ်။ မက်စ် တပ်ပြီး စစ်ဆင်ရေး လှုပ်ရှားတာ ဘယ်တပ်မတော်မှာမှ မရှိဘူး”ဟု ပြောသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောဆိုချက်နှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေး၊ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို အစိုးရ၊ တပ်မတော်တို့က အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်ကို အလေးထားကာ ရောဂါ ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေပါသည်ဟု ပြောသည်။
“ကျနော်ပြန်ပြီး မေးချင်တာက ခင်ဗျားတို့ ပြောနေတဲ့ AA အဖွဲ့တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်ပြီး ဘာလုပ်ဆောင်ချက် ရှိလဲ။ လုပ်ဆောင်ချက်ရှိရင် ကျနော့်ကို သာဓကလေး တခု လောက် ပြောပြပါလို့ ခင်ဗျားတို့ မီဒီယာတွေကို မေတ္တာရပ်ခံပါတယ်” ဟုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက တုန့်ပြန် ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရမှုနှုန်းမှာ မြင့်တက်နေပြီး ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သြဂုတ် ၁၆ ရက်မှ ယနေ့ထိ ရခိုင်တွင် ကူးစက်ခံထားရသူ ၄၈၁ ဦး ရှိသွားပြီ ဖြစ်ပြီး အသက် ၂ လသား အရွယ်မှ အသက် ၉၀ ကျော် အထိ ပါဝင်သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှာ ကွင်းဆက်ပျောက်ကာ ပိုးစတင်ရှိသူကို ရှာဖွေ မတွေ့ရဘဲ ဒေသတွင်းမှ ကူးစက်မှု ဖြစ်ပွားနေခြင်း ဖြစ်သည်။ ရောဂါကူးစက်ခံထားရသူများမှာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မတွေ့ရှိရသေးသော်လည်း မျိုးရိုးဗီဇပြောင်း ဆယ်ဆမြန် ကူးစက်သည့် ရောဂါပိုးဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသော်လည်း တပ်မတော်နှင့် AAတို့အကြား စစ်ရေးအခြေအနေများမှာ ဆက်လက်တင်းမာနေကြသည်။
စက်တင်တာ ၃ရက် ညနေပိုင်းကလည်း ကျောက်တော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းများ မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် ဘုရားပေါင်းကျေးရွာတွင်း စစ်ကြောင်းများ ဝင်လာကာ ဒေသခံများကို စစ်ဆေးပြီး ရွာလည်း မီးလောင်သွားကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
စက်တင်ဘာ ၄ ရက်၊ မနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက မိုင်းကွဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း ရွာမီးလောင်သည့် သတင်းနှင့် ပတ်သက်၍ တပ်မတော်က မီးမရှို့ကြောင်း ငြင်းဆိုသည်။
ဘုရားပေါင်းရွာတွင် ရွာမီးလောင်ပြီး အရပ်သား ၂ ဦး သေဆုံးသည်ဟု ဒေသခံများဘက်မှ ပြောသော်လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက အလောင်း၂လောင်းမှာ AA တပ်ဖွဲ့ဝင်အလောင်းများ ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင် အရပ်သားများက ကိုဗစ်-၁၉ ရောဂါကြောင့် စိုးရိမ်နေရချိန်တွင် တပ်မတော်က စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ခြင်းမရှိဘဲ စစ်အင်အားများကို ရေကြောင်း၊ လေကြောင်းဖြင့် ထပ်တိုး ပို့ဆောင်နေပြီး ယခုရက်ပိုင်းအတွင်း ခြေလျင်တပ်သားအင်အား ၆၀၀ ခန့်ကလည်း ရခိုင်ရိုးမထဲကို ဖြတ်ဝင်နေသည်ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ သြဂုတ် ၂၇ ရက်နှင့် ၃၁ ရက်တို့တွင် ကျောက်တော်မြို့နယ်တွင်း ဒေသခံ ၃ ဦး ကျည်ထိမှန် သေဆုံးထားသည့် ဖြစ်ရပ် ဖြစ်ပွားထားပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ဆန်စက်ပိုင်ရှင် ၁ ဦး မသင်္ကာမှုဖြင့် ဖမ်းဆီးခံ ထားရသည်။
ထို့ပြင် သြဂုတ် ၃၁ ရက်၊ ညနေပိုင်းကလည်း တပ်မတော်စစ်ကြောင်းများက ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာရှိ Quarantine စင်တာသို့ ဝင်လာပြီး ရောဂါခြေချုပ်ဖြင့် နေထိုင်နေသူများကို ဖမ်းဆီးခြင်း၊ ဝင်ရောက် စစ်ဆေးခြင်းများ၊ အမျိုးသမီးများကို ကြိမ်းမောင်း ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် Quarantine စင်တာလည်း ပျက်စီးသွားသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာ ကန့်သတ်မှု၊ ပိတ်ပင်တားမြစ်မှုများ၊ စည်းကမ်းချက်များ များစွာ ထုတ်ထားပြီး တပ်မတော်က စစ်ရေးအင်အား ထပ်ဖြည့်တင်းနေမှုသည် ရခိုင်လူထုကို ဖိနှိပ် တိုက်ခိုက်နေ ခြင်းဟု ပြောဆိုသော်လည်း ရောဂါကို မပေါ့ဆဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း တိတိကျကျ နေထိုင်ကြပါဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
စစ်တွေမြို့တွင်း ရောဂါကူးစက်ခံထားရသူများမှာ ရောဂါလက္ခဏာများ မပြင်းထန်သဖြင့် ရခိုင်လူထုအကြားတွင် တပ်မတော်က လိမ်လည်ပြီး ဖန်တီး ထားသည့် ရောဂါအတုဟု ပြောဆိုကာ ပေါ့ဆနေမှုများကိုလည်း တွေ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါက တကမာ္ဘလုံးမှာ ဖြစ်ပွားနေခြင်းကြောင့် လုံးဝမပေါ့ဆဘဲ ရောဂါကို အထူးသတိထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အခြေခံ လိုက်နာမည့် အချက်များကို တိတိကျကျ လိုက်နာရန်၊ ခရီးသွားလာထားသူများက Quarantine မဝင်ဘဲ ရှောင်ရှားနေသဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ရွာခေါင်းဆောင်များနှင့် လူထု အကြားတွင် ပြဿနာများ ကြုံနေရသည်ကို ကြားသိရသဖြင့် လူထုက တာဝန်သိသိဖြင့် လိုက်နာရန် လိုအပ်သည်ဟု လည်း ပြောသည်။
ဆက်လက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကုန်သည်များ အနေဖြင့် ကုန်ဈေးနှုန်း၊ ဆေးဝါးများဆေးနှုန်းကို ဈေးပိုတင်ပြီး မရောင်းချဘဲ ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းပေးရန် အထူးမေတ္တာရပ်ခံကြောင်း ပြောပြီး ရခိုင်ပြည်နယ်တွင်း ရောဂါ ကူးစက်ခံရမှုမြင့်တက် နေချိန်တွင် ပိတ်ဆို့ တားမြစ်မှုများ ပိုများလာပါက အခြေခံလူတန်းစားများ အငတ်ဘေးနှင့် ကြုံနိုင်သဖြင့် ငွေကြေးတတ်နိုင်သူများက ဆင်းရဲနွမ်းပါးသူများကို ဝေမျှကူညီပေးရန်၊ ရခိုင်ပြည်နယ်သားများအချင်းချင်း စည်းလုံးကြရန်လည်း မိန့်ခွန်းအပြီးသတ်တွင် ပြောဆိုသွားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် ကိုဗစ်-၁၉ ရောဂါ ကုသရေး၊ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်နိုင်ရန် စက်တင်ဘာ လကုန်ထိ အပစ်ရပ်ဆိုင်းပေးကြောင်း ကြေငြာထားသည်။
သို့သော် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ မပါဝင်ကြောင်း ထုတ်ပြန်ထားသဖြင့် ရခိုင်ပြည်နယ်သည်လည်း တပ်မတော်၏ အပစ်ရပ်နယ်မြေထဲတွင် အကျုံးဝင်ခြင်း မရှိပါ။
AA သည်လည်း ၎င်း၏ မဟာမိတ် တပ်ဖွဲ့များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့နှင့် ပေါင်း၍ နိုဝင်ဘာ ၉ ရက်ထိ အပစ်ရပ်ဆိုင်းပေးကြောင်း ကြေငြာထားသည်။
ထိုညီနောင်မဟာမိတ် ၃ဖွဲ့၏ အပစ်ရပ်ကြေငြာချက်သည်လည်း ခြွင်းချက်မရှိ အပစ်ရပ်ဆိုင်းခြင်း မဟုတ်ပဲ တပ်မတော် ဘက်မှ စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ခိုက်ခြင်းများ ရှိလာပါက ပြန်လည် တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
အဆိုပါ ၃ ဖွဲ့၏ အပစ်ရပ်ဆိုင်းကြောင်း ကြေငြာချက်နှင့် ပတ်သက်၍လည်း အပြောနှင့် အလုပ် မညီကြောင်း၊ မြေပြင်တွင် စစ်ရေးလှုပ်ရှားမှုများရှိကြောင်း တပ်မတော်ဘက်မှ ဝေဖန်ထားသည်။
You may also like these stories:
လူမျိုးရေး အဓိကရုဏ်းဆီ တွန်းမပို့ကြပါနဲ့
AAသို့ တောခိုသွားသည့် သားကြောင့် ကျောက်ဖြူအမတ် ရွေးကောက်ခံပိုင်ခွင့် ပယ်ဖျက်ခံရ
လက်နက်ကိုင်ဝါဒကြားက နုနယ်တဲ့ ဒီမိုကရေစီကို ထိန်းသိမ်းဖို့လို