ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းတွင် တပ်မတော်က လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ စက်တင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ တပ်မတော်က လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး” ဟု ပြောသည်။
တပ်မတော်အနေဖြင့် ပတ်သက်ခြင်းမရှိဟု ငြင်းဆိုသော်လည်း ယင်းစီမံကိန်းသည် တပ်မတော်လက်အောက်ရှိ ကရင် ပြည်နယ် နယ်ခြားစောင့်တပ်(BGF)က ပါဝင်ကာ အကောင်အထည်ဖော်နေခြင်းဖြစ်ရာ BGF အဖွဲ့မှ ပါဝင် ပတ်သက် နေသည့် အခြေအနေနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောထားသည်။
စီမံကိန်းစတင်ခွင့်ပြုခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ပါဝင်သည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ယခင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မျိုးမိုးအောင်ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် ၎င်းနေရာအား ဗိုလ်မှူးချုပ်ကိုကိုမောင်အား ခန့်အပ်ခဲ့ကြောင်း သိရသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ် မျိုးမိုးအောင် မတိုင်မီ ဗိုလ်ချုပ်မျိုးဝင်းက တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) အဖွဲ့၏ ယခုနှစ် မတ်လက ထုတ်ပြန်ခဲ့သည့် “တို့မြေများကို လောင်းကစားပစ်ခြင်း” အစီအရင်ခံစာတွင် စီမံကိန်းသည် တပ်မတော်ထိပ်တန်းခေါင်းဆောင်ပိုင်းမှ ကျောထောက်နောက်ခံပြုထားသည့် စီမံကိန်းဖြစ်ကြောင်း သက်သေခံဖော်ပြနေသည့် အကြောင်းအချက်များစွာရှိနေခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယင်းအချက်များတွင် တရုတ်ရင်းနှီးမြုပ်နှံသူများက တရားဝင် ခွင့်ပြုမိန့်ပါ သတ်မှတ်ချက်များထက် များစွာပိုမိုကြီးမားကျယ်ပြန့်သည့် ဆောက်လုပ်ရေးလုပ်ငန်းများအား စိုးရွံ့မှုအလျဉ်မရှိပဲ ချဲ့ထွင်ဖော်ဆောင်နေခဲ့ခြင်း၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ တရားဝင်စည်းမျဉ်း၊ ဥပဒေများအား ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက်ချမှတ်ထုတ်ဝေခဲ့ခြင်းနှင့် အဓိကအရေးကြီးဆုံးဖြစ်သည့် BGF သည်တပ်မတော်၏ အပြည့်အဝထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းတခုဖြစ်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
“ တပ်မတော် ထိပ်တန်းခေါင်းဆောင်ပိုင်း၏ အတည်ပြုခွင့်ပြုချက်မပါပဲ အဆိုပါစီမံကိန်းကို ထိုမျှအဆင့်ထိရောက်အောင် ဆက်လက်ဖော်ဆောင်နိုင်ခဲ့သည်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စရပ်သာဖြစ်သည်”ဟု KPSN ကသုံးသပ်ထားသည်။
တရုတ်သံရုံးကလည်း ရွှေကုက္ကိုလ် စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရ၏ Belt and Road နှင့် မသက်ဆိုင်ကြောင်းနှင့် တရားမဝင် လောင်းကစား ပြုလုပ်မှု၊ တယ်လီဖုန်းဖြင့် လိမ်ညာခြင်းစသည့် နိုင်ငံဖြတ်ကျော် တရားဥပဒေ ချိုးဖောက်သည့် ပြစ်မှုကျူး လွန်မှုများ တိုက်ဖျက်ရေးအား မြှင့်တင်ကာ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြောထားသည်။
ယင်းသို့ သံရုံး၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် Yatai International ကုမ္ပဏီ၏ We Chat Public Account တွင် ထုတ်ပြန်ချက်တခု ကြေညာခဲ့ပြီး စီမံကိန်းသည် တရုတ်အစိုးရ၏ ဆောင်ရွက်မှုလုပ်ရပ် မဟုတ်သော်လည်း BRI ၏ တာဝန် အတွင်း ဆက်လက်ပါဝင်နေကြောင်း ဆိုထားသည်။
စီမံကိန်းအား Yatai International ကုမ္ပဏီနှင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Yatai International Holding Group Co.,ltd အမည်ဖြင့် မြေ ၂၅.၅ ဧကပေါ်တွင် အဆင့်မြင့်အိမ်ရာ ဆောက်လုပ်ရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားခြင်းဖြစ်သည်။
စီမံကိန်းအစုရှယ်ယာ အနေဖြင့် ချစ်လင်းမြိုင်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှ Mr.Tang Kriang Kai က ၆၇.၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr.Lim Jun Jie က ၈.၀၈ ရာခိုင်နှုန်းနှင့် Mr.Chow Tiam Yu က ၄.၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားကြောင်း ဝန်ကြီးဌာနထံက သိရသည်။
ရွှေကုက္ကိုလ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများအကြား တရားမဝင် လောင်းကစားမှုများနှင့် တရုတ်နိုင်ငံသား အများ အပြား ဝင်ထွက်မှုများကြောင့် ရာဇဝတ်မှုနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ မြင့်တက်လာမည်ကို စိုးရိမ်လျှက်ရှိပြီး ဝေဖန် ကန့်ကွက်ခံနေရသည့် စီမံကိန်းဖြစ်သည်။
ယင်းအပြင် စီမံကိန်းဧရိယာနှင့် ဆောက်လုပ်မှုသည် အစိုးရခွင့်ပြုချက်ထက် ကျော်လွန်လျှက်ရှိသည့်အတွက် အစိုးရ၏ စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုချက်ရရှိမှသာ ဆက်လက်လုပ်ဆောင်ရန် တပ်မတော်က BGF ထံ ၂၀၁၉ ခုနှစ်က ညွှန်ကြားခဲ့ရသည်။
ဥပဒေခွင့်ပြုချက်ထက် ကျော်လွန်နေသည့် စီမံကိန်းအပိုင်းများနှင့် ပတ်သက်ပြီး တရားဝင်ခွင့်ပြုချက် ရရှိရန် အစိုးရထံသို့ တင်ပြကြိုးပမ်းလျှက်ရှိကြောင်း စီမံကိန်းရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ ဦးစောမင်းမင်းဦးက ပြောထားသည်။
လတ်တလောတွင် စီမံကိန်းအတွင်း တရားမဝင်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် ဥပဒေ စည်းမျဉ်း စည်း ကမ်းများ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်း၊ သွေဖယ်ခြင်းများ ရှိပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံဥပဒေအရ အရေးယူမည်ဟု နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးဗရတ်ဆင်းက ဇူလိုင် ၁၅ ရက်နေ့က လွှတ်တော် တွင် ဖြေကြားထားသည်
ရွှေကုက္ကိုလ်စီမံကိန်းကဲ့သို့ပင် ကရင်ပြည်နယ်အတွင်း လက်နက်အဖွဲ့အချို့က တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြင့် စီမံကိန်းများ လုပ်ကိုင်ရန် စိုင်းပြင်းလျှက်ရှိနေပြီး လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့်အတွက် ထိန်းချုပ်ရခက်ခဲကြောင်း၊ လက်နက်ကိုင်အဖွဲ့များ အနေဖြင့် နိုင်ငံ၏ တည်ဆဲဥပဒေများ လိုက်နာရန်လိုအပ်ပြီး အစိုးရမှလည်း လမ်းဖွင့်ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားသည်။
You may also like these stories:
အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ
ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော