ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာမှာ စက်တင်ဘာလ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် မီးရှို့ခံရကာ အိမ်ခြေ ၂၀၀ခန့် ပျက်စီးပြီး၊ရွာသား ၂ ဦးလည်း သေနတ်ဖြင့် ပစ်ခတ် ခံရသည့်အတွက် သေဆုံးကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
သေဆုံးသွားသူများမှာ အသက် ၃၂ နှစ်အရွယ် ဦးခင်မောင်သိန်းနှင့် အသက် ၂၇ နှစ်အရွယ် ကိုမောင်ညွန့်ဝင်း တို့ ဖြစ်ကြောင်း၊ ယမန်နေ့ ညနေက တပ်မတော်စစ်ကြောင်း တကြောင်း ဝင်ရောက်လာစဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ကိုမောင်ညွန့်ဝင်း၏ ဖခင် ဦးညိုမောင်လှက “ ကျနော့်သားက ကျောက်တော်မြို့ကနေ အလုပ်လုပ်ပြီး ညနေ ၅ နာရီလောက်မှာ ဆိုင်ကယ်နဲ့ ရွာပြန်တာတဲ့အခါ တပ်မတော် စစ်ကြောင်းနဲ့ တွေ့ပြီး သူ့ကို ဆိုင်ပေါ်ကနေ ဆင်းခိုင်းပြီး ရှေ့ကနေ သူတို့နဲ့ အတူတူ သွားခိုင်းတယ်။ အဲဒီလို ရှေ့ကနေ သွားခိုင်းပြီး နောက်မှာ ပေါက်ကွဲမှု တခု ဖြစ်တယ်။ အဲဒါနဲ့ ရွာကလည်း ကားလမ်းမပေါ်မှာဆိုတော့ ရွာကို ဝင်ပြီး သေနတ်နဲ့ ပစ်ခတ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ကိုမောင်ညွန့်ဝင်းမှာ မိုင်းပေါက်ကွဲမှု မဖြစ်မီ လမ်းပြ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသလို ဦးခင်မောင် သိန်းက နေအိမ်အတွင်း ရှိနေစဉ် တပ်မတော်သားများက ဗုံးခိုကျင်းထဲမှ ခေါ်ယူကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။
ထိုသို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျောက်တော်ဘက်မှ တပ်မတော်မော်တော်ယာဉ်များ ရောက်ရှိလာခဲ့ပြီး ရွာအရှေ့ အနောက် ပတ်ပတ်လည်ကို ဝိုင်းကာ ရွာသားများကို အိမ်ပြင်ထွက်ခိုင်းပြီး အိမ်ရှိ ပစ္စည်းများကို ယူဆောင်ပြီး တပ်မတော်သားများက နေအိမ်များကို လိုက်လံ မီးရှို့ခြင်း ဖြစ်ကြောင်း ဦးညိုမောင်လှက ပြောသည်။
၎င်းက “ပထမသေနတ်နဲ့ ပစ်ပြီး ခဏငြိမ်သွားတယ်။ နောက်တော့ ကျောက်တော်ဘက်က စစ်ကားတွေ ရောက်လာ ပြီး ကျနော်တို့ကို အိမ်ထဲကနေ ထွက်ခိုင်းတယ်။ အိမ်ပေါ်တက်ပြီး ပစ္စည်းတွေကို ယူပြီး ကားပေါ်ကို တင်တာကို ကျနော်တို့ ကိုယ်တိုင်မြင်တယ်။ ကျနော် သွားကြည့်တော့ ကျနော့်ကိုလည်း သေနတ်နဲ့ လှမ်းပစ်လို့ ခြေထောက်မှာ ကျည်ချော်သွားတာ ရှိပါတယ်။ ပစ္စည်းယူပြီးရင် အိမ်တွေကို မီးရှို့ပါတယ်။ လူပါ ရောပြီးတော့ မီးမရှို့ဘူး။ အိမ်ပြင်ကို အတင်း ထွက်ခိုင်းပြီး ရှေ့မှာကို မီးရှို့တာပါ” ဟု ရှင်းပြသည်။
ကျေးရွာသား ဦးစံထွန်းလှကလည်း “မီးလောင်သွားတာက အိမ်ခြေ ၂၀၀ ကျော်လောက်တော့ ရှိမယ် ထင်တယ်။ အတိကျတော့ စာရင်းမကောက်နိုင်သေးဘူး။ ရွာမှာလည်း လူမရှိကြတော့ဘူး။ တချို့အိမ်တွေ မီးမလောင်ဘဲ ကျန်ခဲ့ တာက တပ်က မီးရှို့ပြီး အိမ်ပြင် ထွက်တာနဲ့ ရွာသားတွေက ကိုယ့်အိမ်အလောင်မခံနိုင်တော့ ရေနဲ့ သွားငြှိမ်းတာရှိ တယ်။ ခင်ဗျားတို့ ဘာလို့ ငြှိမ်းတာလည်း ပစ်သတ်ခံချင်တာလား အဲဒီလိုတောင် ပြောသေးတယ်။ ကျနော်တို့ ကိုယ် တိုင် မြင်တာ။ မီးလောင်ရင် ထပ် လာရှို့တာလည်း ရှိတယ်။ ဒီတိုင်း ပြန်သွားတာလည်း ရှိတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယနေ့ မနက်ပိုင်း တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဧရာဝတီ သတင်းဌာနမှ မေးမြန်းခဲ့ရာ ထိုသို့ မီးရှို့မှုဖြစ်စဉ် မရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၎င်းကျေးရွာအနီး ကားလမ်းမ ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်သည့် ဖြစ်စဉ်သာ ရှိပြီး ဖြစ်စဉ်အတွင်း ရန်သူ့အလောင်း ၂ လောင်းနှင့် သေနတ် ၁ လက် သိမ်းဆည်း ရမိခြင်း ရှိကြောင်း ဖြေကြားခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “မနေ့က ညနေ ၆ နာရီခွဲအချိန်လောက်မှာ ကျောက်တော် ကနေ အပေါက်ဝ ရဲစခန်းမှာ တာဝန်ထမ်းဆောင်မည့် ကားကို AA က ရီမု မိုင်းခွဲပြီးတော့ တိုက်ခိုက်တာရှိတယ်။ ကျောက်တော်မြို့တောင်ဘက် မီတာ ၄၀၀ လောက် ကားလမ်းမပေါ်မှာပဲ မိုင်းခွဲ တိုက်ခိုက်ခဲ့တာရှိတယ်။ ရဲ ၂ ယောက် ဒဏ်ရာရတယ်။ အဲဒီလို ပို့ဆောင်ပေးပြီး ပြန်အလာမှာပဲ ဒီနေရာမှာ ထပ်ပြီးတော့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီဖြစ်စဉ်မှာ ကျနော်တို့ ဆီက ရန်သူ့ အလောင်း ၂ လောင်း နဲ့ သေနတ် ၁ လက် ရရှိခဲ့တာ ရှိတယ်။ အဲဒီ ဖြစ်စဉ်ပဲ ရှိတယ်။” ဟု ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်ကို Stay at Home နေထိုင်ကြရန် နိုင်ငံတော် အစိုးရမှ အမိန့် ထုတ်ပြန် ညွန်ကြားထားသော်လည်း တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) အဖွဲ့တို့၏ နှစ်ဘက် စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
You may also like these stories:
ကိုဗစ်ပိုး ကူးစက်ခံနေရမှု ရခိုင်ကို “အမြစ်ပြတ်ချေမှုန်းဖို့” လား ဟု AA စစ်ဦးစီးချုပ် သံသယဝင်
တပ်မတော် စစ်ကြောင်းကြောင့် ကျောက်တော် Quarantine စင်တာ ပျက်စီးဟုဆို
ကျောက်တော်တွင် ကျည်ထိ၍ ရွာသား ၁ ဦးသေဆုံး