၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုသည့် စနစ် (Proportional Representation – PR) စနစ် စဉ်းစားသင့်သည် ဆိုသည့် အချက်တို့ကို ၂၁ ပင်လုံတွင် တင်ပြခဲ့ကြောင်း တပ်မတော်က ပြောသည်။
နေပြည်တော်တွင် စက်တင်ဘာလ ၄ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက် တဦး၏ မေးမြန်းမှု အပေါ် ပြောခြင်းဖြစ်သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း ဒါကို ငြိမ်းချမ်းရေး ညီလာခံမှာ ပြောခဲ့တာရှိပါတယ်။ တတိယ အကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ ပြောခဲ့ဖူးတာရှိတယ်။ အဲဒီမှာ ပြင်ဆင်နိုင်မယ်ဆိုရင် တိုင်းရင်းသားတွေအတွက် လက်တွေ့ အကျိုးဖြစ်ထွန်းနိုင်မယ်လို့ ယူဆလို့ ပြောခဲ့တာဖြစ်တယ်။ စတုတ္ထပင်လုံမှာတော့ PR စနစ်ပေါ့။ ပြောခဲ့တာရှိတယ်” ဟု ဆိုသည်။
လက်ရှိ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ အရ ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်နေခြင်း ဖြစ်သည်။
သို့ဖြစ်ရာ သမ္မတက တိုက်ရိုက်ခန့်သည့် စနစ်မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ခန့်အပ်နိုင်ရေး ပြင်ဆင်နိုင်ပါက ဝန်ကြီးချုပ်သည် သက်ဆိုင်ရာ ပြည်နယ်အပေါ် ကိုယ်စားပြုမှု ပိုရှိနိုင်သဖြင့် တပ်မတော် ဘက်က အခြေခံဥပဒေပြင်ဆင်ရေးတွင် တင်ပြခဲ့ဖူးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က PR စနစ်ကို စဉ်းစားသင့်သည်ဟု ပြောဆိုခြင်းမှာလည်း သက်ဆိုင်ရာလွှတ်တော်များ တွင် တိုင်းရင်းသားများ ပိုမိုကျယ်ပြန့်စွာ ပါဝင်နိုင်ရေးအတွက် အကြံပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စတုတ္ထပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် “နိုင်ငံတော်၏ ဥပဒေပြုရေး ကိစ္စများတွင် တိုင်းရင်းသားများ၏ ကိုယ်စားပြုမှု ပိုမိုပါဝင်လိုပါက ရွေးကောက်ပွဲစနစ်ပုံစံကို ယခုကျင့်သုံးနေသည့် ပုံစံနှင့် အချိုးကျ ကိုယ်စားပြုခြင်းစနစ် (PR) ကိုနှိုင်းယှဉ်စဉ်းစားသင့်ကြောင်း အကြံပြုလိုပါတယ်” ဟု ပြောဆိုခြင်းဖြစ်သည်။
ဥပဒေ အကြံပေး ဦးခင်မောင်မြင့်ကမူ တပ်မတော်ဘက်က တိုင်းရင်းသားများ အကျိုးအတွက် ရည်ရွယ်ပါသည်ဟု ပြောဆို ထားသော အကြံပြုချက် ၂ ချက်သည် ယေဘုယျအားဖြင့် ကြည့်ပါက တိုင်းရင်းသားများအတွက် အကျိုးရှိနိုင်ကြောင်း ယူဆနိုင်သော်လည်း တကယ်တမ်း ဆန်းစစ်ကြည့်ပါက ထိုသို့မဟုတ်ကြောင်း ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုလုံး၏ အနှစ်သာရကို မပြင်ဘဲ ပုဒ်မ ၂၆၁ တခုတည်းကိုသာ ၎င်းတို့ပြောသည့် အတိုင်း ကွက်၍ ပြင်ပါက တိုင်းရင်းသားများအတွက် အဆင်ပြေမည်မဟုတ်ဟု ၎င်းက သုံးသပ်သည်။
ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၅၁ ရာခိုင်နှုန်း အနိုင်ရသည့် နိုင်ငံရေးပါတီက အစိုးရဖွဲ့ခွင့်ရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အများစု၏ မဲများဖြင့် နိုင်ငံတော်သမ္မတကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။ ထို့နောက် နိုင်ငံ တော် သမ္မတက တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို ခန့်အပ်မည်ဖြစ်သည်။
ဦးခင်မောင်မြင့်က “နိုင်ငံတော်သမ္မတကနေ သူ့ရဲ့မူဝါဒတွေ အကောင်အထည် ဖော်ဖို့အတွက်ကို သူ့ရဲ့ ရွေးချယ်မှုနဲ့ပဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ဖွဲ့စည်းသွားမှသာလျှင် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေသည် သူရည်မှန်းတဲ့ အတိုင်း အောင်မြင် မှာပေါ့။ အဲဒီလို မဟုတ်ဘဲ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ပြန်ရွေးမယ်ဆိုရင် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုကြားမှာ ပွတ်တိုက်မှုတွေ ရှိလာလိမ့်မယ်” ဟု သုံးသပ်သည်။
ထို့ပြင် တိုင်းရင်းသားများ၏ ကိုယ်စားပြုမှု ပိုမို ကျယ်ပြန့်ရန် ရွေးကောက်ပွဲတွင် PR စနစ်ဖြင့် ရွေးချယ်ခြင်းကို စဉ်းစား သင့်သည်ဆိုသည့် အကြံပြုချက်နှင့်ပတ်သက်၍လည်း ဦးခင်မောင်မြင့်က ယခုကဲ့သို့ ဝေဖန်ထောက်ပြသည်။
“သူတို့က ၂၅ ရာခိုင်နှုန်းလည်း အလိုအလျောက်ယူထားမယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကိုကျတော့ PR စနစ်လုပ်ပါ ဆိုတာ သည် ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်သလို လာသမျှ ရှိနေသမျှ ပါတီတွေအားလုံးရဲ့ အင်အားကို ပြန့်ကျဲသွားပြီးတော့မှ တပ်မတော် စိုးမိုးနိုင်ဖို့ လမ်းကြောင်းတခုကို ချလိုက်တယ်လို့ မြင်နိုင်ပါတယ်” ဟု ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်ကလည်း တိုင်းရင်းသားများ အကျိုးအတွက် ရည်ရွယ်၍ အကြံပြုထားသည်ဆိုသည့် အကြံပြုချက် ၂ ချက်သည် တိုင်းရင်းသားများ အတွက် အပြည့်အဝအကျိုးမရှိနိုင်ဟု သုံးသပ်သည်။
တပ်မတော်ဘက်က လွှတ်တော်ထဲတွင် အလိုအလျောက် နေရာယူထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များကို မဖယ်ထုတ်ဘဲ ပုဒ်မ ၂၆၁ ကိုပြင်ပါက ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့များတွင် တပ်မတော်နှင့် နီးစပ်သည့် နိုင်ငံရေးပါတီများ နေရာရလာနိုင်ကြောင်း ၎င်းက ဆိုသည်။
“အသာစီးပေးသလိုတောင် ဖြစ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂိုက ၂၅ ရာခိုင်နှုန်းရှိတယ်။ နောက်ထပ် ၂၅ ရာခိုင်နှုန်းနဲ့ မဟာမိတ်လုပ်နိုင်တယ်ဆိုရင် တပ်နဲ့ အလွမ်းသင့်တဲ့၊ နီးစပ်တဲ့အဖွဲ့က အစိုးရဖြစ်နိုင်ချေပိုများသွားတယ်ပေါ့” ဟု ၎င်းက ဆိုသည်။
SNLD အနေနှင့်မူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း လုံးဝမရှိတော့မှသာလျှင် တပ်မတော်ဘက်က အကြံပြုသည့် ပုဒ်မ ၂၆၁ ပြင်ရန် ကိစ္စကို လက်ခံနိုင်မည်ဖြစ်ကြောင်း ဦးစိုင်းကျော်ညွန့်က ပြောသည်။
ဆက်လက်၍ ၎င်းက PR စနစ်ကို ကျင့်သုံးမည်ဆိုပါက အမျိုးသားလွှတ်တော်၏ စုဖွဲ့မှုကို အရင်ဆုံးပြင်ရမည်ဟု ပြောဆို သည်။
အမျိုးသားလွှတ်တော်တွင် တိုင်းဒေသကြီး ၇ ခုက ကိုယ်စားလှယ် အရေအတွက်သည် ပြည်နယ် ၇ ခု၏ ကိုယ်စားလှယ် ပမာဏထက် များပြားနေသည်ကို ပြင်ဆင်ရန် ဆိုလိုခြင်းဖြစ်ကြောင်း ဦးစိုင်းကျော်ညွှန့်က ဆိုသည်။
“ဥပမာ – ကျနော်တို့ SNLD ဆိုရင် ၈ ယူနစ် စဉ်းစားထားတယ်။ တိုင်းဒေသကြီးအားလုံးက ၁ ယူနစ်ပဲ ယူပေါ့ဗျာ။ အဲဒီမှာ အကုန်ဦးရေတူပေါ့ဗျာ။ ဒါက တမျိုး။ နောက်တခါ အချိုးကျ PR ကိုယ်စားပြုစနစ်ပေါ့။ အဲဒါက ပြည်သူ့လွှတ်တော်လို ဟာမျိုးမှာ နောက်ပိုင်းကျရင် ကျင့်သုံးသင့်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။
လက်ရှိကာလကဲ့သို့ ကိုဗစ်ကပ်ရောဂါ အန္တရာယ်ကြုံနေရပြီး ရွေးကောက်ပွဲနီးလာသည့် ကာလတိုင်အောင် တပ်မတော် ဘက်က ပုဒ်မ ၂၆၁ ပြင်ရန် နှင့် PR စနစ်ကျင့်သုံးရန် စဉ်းစားသင့်ကြောင်း ပြောဆိုနေခြင်းသည် လက်တွေ့တွင် အလုပ် မဖြစ်နိုင်သည့် ကိစ္စကို ပြောဆိုနေခြင်းဖြစ်ကြောင်း ဦးစိုင်းကျော်ညွန့်က မှတ်ချက်ပေးသည်။
“ဒါက မိုးလွန်မှ ထွန်ချတာပေါ့ဗျာ။ ဒီလိုမျိုး လွှတ်တော်က ပြန်လုပ်လို့မရတဲ့အချိန်။ လွှတ်တော်က ပြန်လုပ်လို့ ရနိုင်ရင် တောင် ဒီအဆိုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ဆိုတဲ့အဆင့်အထိကို လုပ်နိုင်ဖို့ ခက်ခဲတဲ့အချိန်မှာ ပြောတာကတော့ ဒါက ရွေးကောက်ပွဲ ကမ်ပိန်းအရ ပြောတာလို့ပဲပြောရမှာဖြစ်တယ်။ ရွေးကောက်ပွဲအလွန်မှာ ပေါ်လာမယ့် အစိုးရကို Incentive (မက်လုံး) ပေးပြီးတော့ ပြောတဲ့ စကားသာလျှင်ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။
You may also like these stories:
ဗမာလည်း“ပြည်နယ်တခု”အဖြစ် ရှိသင့်တယ်လို့ နိုင်ဟံသာ အကြံပြု
“စကားလုံးတလုံး” အပေါ်မှာ ဆက်လက် ငြင်းခုံနေရတဲ့ နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
ပြည်ထောင်စု သဘောတူစာချုပ်အတွက် အချက် ၂၀ သဘောတူ