ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။
ကော့ကရိတ်မြို့မြောက်ဘက် ရန်ကုတ်ကျေးရွာအနီးတွင် စက်တင်ဘာလ ၄ ရက် ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့် အတူ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ကလည်း ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
DKBA အဖွဲ့မှ ထုတ်ပယ်ခံရသည့် အရာရှိတဦးဖြစ်သော ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်သည့် အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျော်သက်တို့ အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာရှိပါတယ်။ အဓိကကတော့ ကျနော်တို့ တပ်မတော်သား နှစ်ဦး ကိုပစ်ခတ်ပြီး မိုင်းထောင်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်ရင်းနဲ့ တိုက်ပွဲဖြစ်တာဖြစ်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် မြဝတီ-ကော့ကရိတ်သွား လမ်းဟောင်း၊ အလယ်ဘိုတဲ စခန်းတွင် တပ်မတော်သားများ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။
အလယ်ဘိုတဲစခန်းတွင် စခန်းထိုင်နေသည့် ဆက်သွယ်ရေး တပ်သား၂ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ယင်းဖြစ်ရပ်ကို စစ်ဆေးရန် တပ်မတော်ဘက်က အလောင်းလာရောက်သယ်ယူရာ၌ အလောင်းအောက်တွင် မိုင်းထောင်ထားသဖြင့် ပေါက်ကွဲကာ ဆေးတပ်ဖွဲ့မှ ဗိုလ်ကြီးနှင့် တပ်သားတဦးတို့ ထပ်မံ ထိခိုက် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
ယင်းလုပ်ရပ်ကို DKBA ခွဲထွက်မှ လူများက ဆောင်ရွက်ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ကနဦး သတင်းရထားသဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက် ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်သားများကို သတ်ဖြတ်ခြင်းကိစ္စသည် ပြီးခဲ့သည့် သြဂုတ်လတုန်းက ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တပ်မတော်ဘက်က မူးယစ်ဆေးဝါးမြောက်အမြား ဖမ်းဆီးရမိခဲ့မှုအပေါ် မကျေနပ်သဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သတင်းရထားသည်ဟုဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက် နေ့က မြဝတီမြို့၏တောင်ဘက် မိုင် ၅၀ ခန့်အကွာရှိ စုကလိမြို့ ဘလက်ဒိုကျေးရွာတွင်လည်း ကျပ်သိန်းပေါင်း (၂၃၄,၆၀၀) တန်ဘိုးရှိ ICE မူးယစ်ဆေးဝါး ၃၉၁ ကီလိုဂရမ်ကို ယာဉ်မောင်း တဦးနှင့်အတူ တပ်မတော်နှင့် DKBA ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
ထိုပြင် သြဂုတ်လ ၁၉ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကျပ်သိန်းပေါင်း တသန်းကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ၁,၈၀၀ ကီလိုဂရမ်ကျော်နှင့် ဘိန်းဖြူဘလောက်တုံးများကို DKBA အဖွဲ့က ဖမ်းဆီးရမိ ခဲ့သည်။
DKBA ခွဲထွက်အဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်၏ မြေပြင်အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့သည် ကရင်ပြည်နယ်ရှိ တရားမဝင်လုပ်ငန်း အချို့နှင့်လည်း ပတ်သက်နေသည်ဟု ဆိုသည်။
အစိုးရနှင့် တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ထိုးထားသော ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့က ၂၀၁၅ ခုနှစ်၊ ဇူလိုင်တွင် ဗိုလ်မှူးကြီးစောဆန်းအောင်ကို ထုတ်ပယ်သလို ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်သည့် ကလို့ထူးဝါး ဗျူဟာတခုလုံးကိုလည်း ထုတ်ပယ် ခဲ့သည်။
ထုတ်ပယ်ခံရသည့် အရာရှိများက ပြန်လည်စုစည်းပြီး တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို ထူထောင်ပြီး မြန်မာ့တပ်မတော်အပါအဝင် BGF နှင့် တိုက်ပွဲများ ဆက်ဖြစ်ပွားခဲ့သည်။
၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက် တပ်ဖွဲ့ဝင် ၁၃ ဦးက တပ်မတော်ထံလက်နက်အပ်၍ အလင်းဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်စောကျော်သက် ဦးဆောင်သည့် တပ်ဖွဲ့သာ လက်နက်မချဘဲ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
You may also like these stories:
ပုဒ်မ ၂၆၁ နှင့် အချိုးကျ ကိုယ်စားပြုစနစ် တပ်မတော် ဘာကြောင့် တင်သလဲ
ကိုဗစ်ပိုး ကူးစက်ခံနေရမှု ရခိုင်ကို “အမြစ်ပြတ်ချေမှုန်းဖို့” လား ဟု AA စစ်ဦးစီးချုပ် သံသယဝင်
ထိုင်း-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေး တင်းကျပ်