ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ EMC သားရေအိတ်စက်ရုံနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ရန်ကင်း အထည်ချုပ် စက်ရုံတို့တွင် COVID-19 လူနာတဦးစီ တွေ့ရှိခဲ့ရကြောင်း သိရသည်။
စက်တင်ဘာလ ၃ ရက် နံနက် ၈ နာရီ သတင်းထုတ်ပြန်ချက်၌ ပါရှိသော ကိုဗစ်ပိုးတွေ့ လူနာစာရင်းတွင် EMC သားရေ အိတ်စက်ရုံက ဝန်ထမ်းသည် Case- ၁၀၁၃ ဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် လူနာ Case-၁၀၇၅ သည် ရန်ကင်း အထည်ချုပ် စက်ရုံက ဝန်ထမ်း ဖြစ်ကြောင်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “ပိုးတွေ့ လူနာရှိတဲ့ EMC စက်ရုံကို ညက ပိတ်ဖို့ စာထွက်တော့ မြို့နယ်က စီစဉ်ရတယ်။ အခုကတော့ မပိတ်ဘူးပေါ့။ အလုပ်သမား ဦးရေကလည်း ၆၅၀၀ လောက် ရှိ တယ်။ ရန်ကုန်တိုင်းရဲ့ မူဝါဒက ပိုးတွေ့ရင် ပိတ်ရမယ်ဆိုတာ မပါဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါကြောင့် ပိုးတွေ့လူနာနဲ့ ထိစပ်တဲ့ သူတွေပဲ ကန့်သတ်တာ ကောင်းတယ်။ စက်ရုံ တခုလုံး ပိတ်တာ ကျတော့ စီးပွားရေးရော အထူးသဖြင့် အလုပ်သမားတွေရဲ့ အလုပ်တွေ ထိခိုက်သွားမယ်။ ဒါကြောင့်မို့ မပိတ်ဘူးပေါ့။ အထက်က ညွှန်ကြားတာ ဖြစ်တယ်” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။
ထို့ကြောင့် လက်ရှိတွင် Case- ၁၀၁၃ နှင့် ထိတွေ့ထားသူ ၁၇ ဦးကိုသာ Quarantine ထားပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးမည် ဖြစ်ကာ စက်ရုံကိုလည်း ပိုးသတ်ဆေးများ ဖျန်းထားကြောင်း ၎င်းက ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က “သိသလောက်ကတော့ လူ ၆ ထောင်ကျော်လုံးကတော့ နီးစပ်တာ မဟုတ်ဘူး။ လူနာနဲ့ ထိစပ်တဲ့သူ စက်တန်းထဲမှာ အတူတူ ရှိတဲ့သူတွေကို ရှာပြီးတော့ ပထမအဆင့် လုပ်နေတယ်။ အသေးစိတ်ကတော့ ရန်ကုန်တိုင်းက စီမံခန့်ခွဲနေတယ်။ ရုံးချုပ်ကတော့ သူတို့ပို့တဲ့ Report တွေကို သိနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး အလုပ်သမားများအတွက် အသိပညာပေး လုပ်ငန်းများကို လူမှု ဖူလုံရေး အဖွဲ့များက တဆင့် အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး အစိုးရ၊ အလုပ်သမား ကိုယ်စားလှယ်များက ဆက်တိုက် လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် Social distancing နှင့် အညီ စက်ရုံအလုပ်ရုံများ ဖွင့်လှစ်ရန် အလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တောက်လျှောက် စစ်ဆေးနေခြင်းလည်း ရှိကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၄ ရက် နံနက်တွင် တွေ့ရှိခဲ့သော ဒဂုံဆိပ်ကမ်းမြို့သစ် မြို့နယ် ရန်ကင်းအထည်ချုပ် စက်ရုံဝန်ထမ်း Case-၁၀၇၅ သည်လည်း အနံ့ မရသဖြင့် သင်္ကန်းကျွန်း စံပြ ဆေးရုံကြီးသို့ သွားရောက်ပြသ စစ်ဆေးရာတွင် ကိုဗစ်ရောဂါ တွေ့ရှိခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့သစ် မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက ပြောသည်။
စက်ရုံ ပိတ်ရန် ရှိ၊ မရှိ အလုပ်သမားများအတွက် ဆက်လက် လုပ်ဆောင်မည့် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက “အဲဒါကတော့ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်တယ်။ ထိတွေ့တဲ့သူ ဘယ်လောက်များလဲ ဘယ်လို အခြေ အနေရှိလဲဆိုတာ မသိသေးဘူး” ဟု ဆိုသည်။
အဆိုပါ ရန်ကင်း အထည်ချုပ် စက်ရုံသည်လည်း မြန်မာနိုင်ငံသားပိုင် စက်ရုံ ဖြစ်ကာ လုပ်သားဦးရေ ၅၆၀ ရှိကြောင်း၊ လက်ရှိတွင် စက်ရုံ ဖွင့်လှစ်ထားကာ ပိုးတွေ့လူနာနှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့သည့် အလုပ်သမား ၁၀ ဦးကို Quarantine ထားရှိကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်း စက်မှုဇုန် ကော်မတီ တာဝန်ရှိသူ ဦးဝင်းအောင်က “အဓိက ကျနော်တို့ စက်ရုံ အလုပ်ရုံတွေမှာ ရောဂါပိုး တွေ့ရှိရင် ကျန်းမာရေးနဲ့ ဆက်သွယ်ပြီး လုပ်ပါတယ်။ စက်ရုံတွေကို ပိတ်ဖို့ ညွှန်ကြားချက်တော့ မရှိပါဘူး။ ပိုးရှိတဲ့သူနဲ့ ထိစပ်တဲ့သူတွေကို Q ဝင်ဖို့ စီစဉ်နေပါတယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။
အလုပ်ရုံ၊ အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး စက်ရုံများကို ကျန်းမာရေး သတ်မှတ်ချက်များနှင့် ညီမညီ စစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေး မှူးချုပ် ဦးသက်နှင်းအောင်က “အလုပ်ရှင်ရော၊ အလုပ်သမားရော၊ အစိုးရကိုယ်တိုင်ရော ဒါက နမူနာ ယူရမှာ ဖြစ်တယ်။ အခုလိုမျိုး အလုပ်သမား အင်အား များပြားတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ တွေ့လာခဲ့ရင် အရေးပေါ် စနစ်တွေကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ အစိုးရက စဉ်းစားရတော့မယ်” ဟု ပြောသည်။
အဓိကအားဖြင့် စက်ရုံ၊ အလုပ်ရုံများရှိ စီမံခန့်ခွဲသူများ အနေဖြင့် ကိုဗစ်ဆိုင်ရာ စည်းမျည်းများကို လိုက်နာရာတွင် အလုပ်သမားများကို မလိုက်နာ၍ မရ ဆိုသည်အထိ တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဆောင်ရွက်စေချင်ကြောင်း၊ အလုပ်သမားများ အနေနှင့်လည်း ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာစေလိုကြောင်း ၎င်းက ဆိုသည်။
အဆိုပါ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာမှု ရှိ မရှိ ရှောင်တခင် ဝင်ရောက် စစ်ဆေးစေချင်ကြောင်း ၊ ကြိုတင် အကြောင်းကြားပြီးမှ စစ်ဆေးမည်ဆိုလျှင် အလုပ်ရှင်များ အနေနှင့် စစ်ဆေးသည့် အချိန်တွင်သာ လိုက်နာပြီး ကျန်သည့် အချိန်တွင် လိုက်နာခြင်း မရှိသည်ကို တွေ့ရှိရသည်ဟု ၎င်းက ပြောပြသည်။
လုပ်ငန်း သဘာဝ အရ တဦးနှင့်တဦး ခြောက်ပေ အကွာတွင် အလုပ်လုပ်ခြင်း၊ လက်သန့်ဆေးရည်ချပေးထားခြင်း၊ Mask တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးခြင်း အစရှိသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ ဖြစ်သည်။
ဆက်လက်၍ ဦးသက်နှင်းအောင်က “အထည်ချုပ် စက်ရုံရဲ့သဘောက ချုပ်လိုက်တဲ့ အထည်က နောက်ထပ် လိုင်းတခုကို သွားတယ်။ အဲဒီတော့ တခုပြီး တခု ဆက်စပ်သွားတာ။ ဒါကြောင့် တကယ်လို့များ ကိုဗစ် လူနာ တယောက်က ကိုင်တွယ် ပြီးလို့ ချုပ်လုပ်လိုက်တဲ့ အဝတ်စကို နောက်တယောက်က ကိုင်တွယ်ရင် ပိုးကူးစက်နိုင်ချေက အင်မတန်မှ များပြားတယ်။ ဒါကြောင့် လိုင်းတလိုင်းလုံးကို Quarantine ဝင်တာတော့ လုပ်စေချင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လက ကိုဗစ်ရောဂါ ပထမလှိုင်းတွင် စက်ရုံ၊ အလုပ်ရုံများကို ပိတ်ပေးရန် အလုပ်သမား သမဂ္ဂများအနေနှင့် တောင်းဆိုခဲ့သော်လည်း လက်ရှိတွင် EMC စက်ရုံနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်လာမည့် ပြဿနာကို စောင့်ကြည့်ပြီးမှသာ ဆွေးနွေး ညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ကြောင့် ဟိုတယ်ကဏ္ဍ လုပ်သားများ ဝင်ငွေ အကြပ်အတည်းရင်ဆိုင်နေရ
ကိုဗစ်လှိုင်းကြားမှာ ဈေးကွက်ပျက်နေတဲ့ သင်ဖြူးဖျာလုပ်ငန်း
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့် လွယ်ကူရေး အားထုတ်ပေးကြပါ