မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၆ ရက်နေ့မှ နောက်ပိုင်းမှစတင်ကာ ကိုဗစ်ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာပြီးနောက် ကူးစက်ခံရ သူများ၏ ၁၀ ရာခိုင်နှုန်း ကျော်သည် ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ဒေါက်တာ ခင်ခင်ကြီး က “၁၆ ရက် ၈ လ နောက်ပိုင်းမှာဆိုရင် ရောဂါဖြစ်ပွား ကူးစက်မှုဟာ ဆေးဝန်ထမ်းတွေ ကူးစက်မှုကဆိုရင် ၁၀ ရာခိုင်နှုန်း ကျော်ကျော်လောက် ပါနေတယ် ဆိုတာ အကြမ်းဖျင်း ပြောလို့ရတယ်” ဟု ပြောသည်။
ကျန်းမာရေးဝန်ထမ်းများ ကူးစက်မှုသည် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် ကျောက်ဖြူမြို့တွင် ပိုမိုများပြားပြီး ရန်ကုန်တိုင်း ဒေသကြီးတွင်လည်း ကူးစက်ခံထားရသည့် ဆေးဝန်ထမ်းအချို့ရှိပြီး ကိန်းဂဏန်း အချက်အလက် အတိအကျကို ပြုစုနေဆဲဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
ဒေါက်တာခင်ခင်ကြီး က “အတိအကျတော့ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ မနေ့ကမှ မြောက်ဥက္ကလာဆေးရုံက ဆရာဝန် ၁ ဦး အပါအဝင် ကူးစက်မှုတွေရှိတယ်။ စစ်တွေမှာ ဆေးဝန်ထမ်းအချို့တွေ ကူးစက်ခံရတာ ရှိတယ်။ ဘယ်လောက်ရှိတယ် ဆိုတာကို Data တွေ စုစည်းနေတုန်းပါပဲ။ ဆေးဝန်ထမ်းတွေဆိုတာ ဆရာဝန်တင် မကပါဘူး ဆရာဝန်၊ ဆရာမတွေ အထောက်အကူပြု ဝန်ထမ်းတွေ အကုန်ပါပါတယ်။ ရခိုင်မှာတော့ ပိုများတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၄ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၇၁ ဦးရှိသည့်အနက် ၇၉၇ ဦးသည် သြဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၄ ရက်နေ့ အထိ ယင်းရက်ပိုင်းတွင်သာ ပိုးတွေ့ရှိလာသည့် အရေအတွက် ဖြစ်သည်။ အဆိုပါ ရက်ပိုင်းတွင်းသာ ကူးစက်ပျံ့နှံ့မှု အများဆုံးမှာရခိုင်ပြည်နယ်တွင် ဖြစ်နေကာ စုစုပေါင်း ၄၉၂ ဦး ရှိပြီဖြစ်သည်။
ကိုဗစ်ကူးစက်ခံရသူများတွင် ဆရာဝန်၊ ဆရာမများသာမက အထောက်အကူပြုဝန်ထမ်းများပါ ပါဝင်ပြီး ဆေးကုသမှုများ မနှောင့်နှေးရန်အတွက်လည်း ကျန်းမာရေးဝန်ထမ်းများ ထပ်မံအားဖြည့်ရန် စီစဉ်ထားကြောင်း ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ဒေါက်တာ ခင်ခင်ကြီး က “ရခိုင်ပြည်နယ်မှာ ဖြစ်ပွားမှုများလို့ ရခိုင်ပြည်နယ်မှာ ကူညီဖို့ ဆိုပြီး အားကစားနဲ့ ကျန်းမာရေး ဝန်ကြီးဌာနကနေ စေလွှတ်တာ ၁၂၈ ဦးရှိပါပြီ။ ဆရာဝန်၊ ဆရာမ ဓာတ်ခွဲခန်း ပိုးမွှားပညာရှင် အကုန်လုံးအပါအဝင် ၁၂၈ ဦးရှိပါတယ်။ အဲဒီ ၁၂၈ ယောက်လုံးကလည်း စေတနာ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က ဆန္ဒရှိပြီး ရခိုင် ပြည်နယ်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ အပြည့်အဝ အားဖြည့်ဆောင်ရွက်ဖို့ သူတို့ကိုယ်တိုင် Volunteer လုပ်ပြီး သွားတာဖြစ်ပါတယ်”ဟု ဆိုသည်။
ကျန်းမာရေးဝန်ထမ်းများက အစွမ်းကုန် ကာကွယ်စောင့်ရှောက်နေချိန်တွင် ပြည်သူလူထုအနေဖြင့်လည်း ပိုးကူးစက် မခံရအောင် နေထိုင်ရန် တာဝန်ရှိသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းသည်။
သြဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၄ ရက်နေ့အထိ COVID-19 ရောဂါပိုး တွေ့ရှိမှုသည် ရခိုင်ပြည်နယ်တွင် ၄၉၂ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၀၃ ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင် ၃၃ ဦး၊ မွန်ပြည်နယ်တွင် ၂၀ ဦး၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၈ ဦး၊ နေပြည်တော်တွင် ၁၀ ဦး၊ ရှမ်း ပြည်နယ်တွင် ၈ ဦး၊ ကချင်ပြည်နယ်တွင် ၄ ဦး၊ မကွေးတိုင်း ဒေသကြီးတွင် ၃ ဦး ၊ ချင်းပြည်နယ်တွင် ၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် ၂ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁ ဦးနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၁ ဦး တွေ့ရှိထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁၆၈,၀၇၅ ရှိခဲ့ပြီး မတ်လ၂၃ ရက်မှ စက်တင်ဘာလ ၄ ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၇၁ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၇ ဦး၊ ပိုးတွေ့ပြီး ပြန်လည် သက်သာ လာသူ ၃၅၉ ဦးအနက်မှ ၃၅၆ အားဆေးရုံမှ ဆင်ခွင့်ပြုခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရန်ကုန်တိုင်း စက်ရုံအလုပ်သမားများတွင် ကိုဗစ်ရောဂါပိုးတွေ့
တိုင်းနှင့်ပြည်နယ်များသို့ ကိုဗစ်ဖြစ်ပွားနေသည့် မြို့များမှ လာသူများ Quarantine ဝင်ရမည်
ဧရာဝတီတိုင်းသို့ Stay at Home မြို့နယ်များမှ လာသူများ သတင်းပို့ရမည်