အခြေခံလူတန်စားများ နှင့် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ အများဆုံးနေထိုင်သော မြို့နယ် ၁ ခုဖြစ်သည့် လှိုင်သာယာ မြို့နယ် ငွေပင်လယ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၁ ရုံမှ အမျိုးသမီးဝန်ထမ်း ၁ ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၅ ရက်နေ့ ကြေညာချက်အရ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၁၆၅ ခုကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်ရောဂါပိုး အတည်ပြု လူနာအသစ် ၁၀၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းထဲတွင် အဆိုပါအမျိုး သမီးသည် လူနာအမှတ် ၁၃၀၈ ဖြစ်သည်။
အဆိုပါ အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ကိုဗစ် ၁၉ ရောဂါ လက္ခဏာများ ခံစား နေရသည့်အတွက် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသခံယူနေစဉ်တွင် ရောဂါပိုး ရှိသည်ဟု စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။
လတ်တလောတွင် အဆိုပါ လူနာ အမှတ် ၁၃၀၈ နှင့် အထည်ချုပ်စက်ရုံတွင် အလုပ် အတူတူ လုပ်ကိုင်ခဲ့သော အလုပ် သမား ၁၆၄ ဦးကို အသွားအလာ ကန့်သတ်ထားပြီး ၎င်းနှင့် ပြင်ပတွင် တိုက်ရိုက်ထိတွေ့မှု ရှိခဲ့သည့် လူ ၁၂ ဦးကိုမူ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက စီစဉ်ထားသော ကွာရန်တင်းစင်တာများတွင် အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ လူနာသည် ပြည်ပနိုင်ငံများ နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ထားခြင်းမရှိဘဲ မည့်သည့်နေရာမှ ရောဂါပိုး ကူးစက်ခံထားရခဲ့သည်ကို လတ်တလောတွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်။
ဦးမြတ်မင်းသူက “ စက်ရုံ ပိတ်ဖို့ ဖွင့်ဖို့ကတော့ အလုပ်သမားဝန်ကြီးဌာနနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနတို့က စစ်ဆေးမှုတွေ လုပ်ပြီးမှ သူတို့ တခုခုဆုံးဖြတ်မှ သိရမယ်” ဟု ရှင်းပြသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းအရေအတွက်ကို အတိအကျ မသိရှိရသေးသော်လည်း လုပ်သားအင်အား အနည်းဆုံး ၅၀၀ မှ ၆၀၀ ခန့်အထိ ရှိနေကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သားဦးရေ ထောင်ချီရှိသည့် မင်္ဂလာဒုံမြို့နယ်ရှိ EMC သားရေ အိတ်စက်ရုံ နှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ အထည်ချုပ်စက်ရုံတို့တွင်လည်း ကိုဗစ် ၁၉ အတည်ပြုလူနာ ၁ ဦးစီ တွေ့ရှိထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါပိုး အတည်ပြုလူနာ ၁၃၁၉ ဦးအထိရှိပြီး ရောဂါပျောက်ကင်းသူမှာ ၃၁၇ ဦးနှင့် သေဆုံးသူ ၈ ဦး ရှိသည်။
You may also like these stories:
ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်
ကိုဗစ်နဲ့ဝမ်းရေးကြားက စက်ရုံအလုပ်သမများ
Mask ထုတ်လုပ်မည့် ပြည်ပစက်ရုံ တချို့ ခွင့်ပြုပေးရန်ရှိ