COVID-19 ရောဂါပိုး ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်း စတင်တွေ့ရှိရာ စစ်တွေမြို့မှ ရန်ကုန်သို့ လေယာဉ်ဖြင့် လိုက်ပါလာသူများ အနေဖြင့် သက်ဆိုင်ရာဌာနသို့ မိမိသဘောဆန္ဒအရ မဆက်သွယ်ပါက အရေးယူမည်ဟု ဒေါ်အောင် ဆန်းစုကြည်က ထပ်မံသတိပေး ပြောကြားလိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယနေ့ စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက ပြုလုပ်သည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ကန့်သတ်စောင့်ကြည့်နေရာ(Quarantine Center)များ၏ အခြေအနေ စကားဝိုင်း ဆွေးနွေးပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။
“ဒီကိစ္စကတော့ ကျမတို့ လွှတ်ထားလို့မရဘူး၊ အချိန်အတိုင်းအတာ တခု ပေးပါမယ်။ အများကြီးလည်း မဟုတ်ဘူး။ ရက်ပိုင်းပေးမယ်။ အဲဒီအတွင်းမှာမှ ကိုယ့်ရဲ့သဘောဆန္ဒအရ မဆက်သွယ်ဘဲနဲ့ နောက်မှ ဒီလိုပါမှ သိလို့ရှိရင် ကျမတို့ အရေးယူရပါလိမ့်မယ်။ အရေးယူတယ်ဆိုတာလည်း ဒဏ်ပေးချင်တဲ့ စိတ်နဲ့မဟုတ်ဘူး။ သတိပေးချင်တဲ့ စိတ်နဲ့။ ဒီလို မလုပ်လို့ကတော့ ရန်ကုန်လို နေရာမျိုးမှာ အမြန်ကြီး ပျံ့သွားနိုင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဩဂုတ် ၁၀ ရက်မှ ၂၁ ရက်နေ့အထိ စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် လာခဲ့သူမှာ ၅၄၀၉ ဦးရှိခဲ့ပြီး ၎င်းတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာတွင် ထက်ဝက်ကျော်ဖြစ်သည့် ၂၅၄ရ ဦးမှာ ဖုန်းပြန်လည် ဖြေကြားမှု မရှိခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခြင်းတို့ မရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းသို့ လာရောက်သူများ၏ အမည်စာရင်းကိုလည်း အစိုးရဘက်က ပထမအကြိမ် ထုတ်ပြန်ပေးခဲ့ပြီး သက်ဆိုင်ရာ ဌာနများထံ ဆက်သွယ်ရန် တိုက်တွန်းခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည့်အတွက် ဒုတိယအကြိမ် အနေဖြင့် နေရပ်လိပ်စာများပါ ဖော်ပြကာ ထပ်မံ ကြေညာမည် ဖြစ်ကြောင်းလည်း သိရသည်။
စစ်တွေမှ ရန်ကုန်သို့ လိုက်ပါလာသူများထဲမှ အချို့သည် ရန်ကုန်မြို့တွင် နေထိုင်သူများ မဟုတ်ဘဲ ရန်ကုန်မြို့မှ တဆင့် အခြားမြို့များသို့ ဆက်လက် သွားလာသူများလည်း ပါဝင်လျှက်ရှိသည်။
“အခုက ဖြစ်တာက ဖြစ်နေပြီ၊ စစ်တွေကနေ တချို့က ရောဂါ ပါလာမယ်၊ တချို့က မပါလာဘူး။ စစ်တွေက ပြန်လာတဲ့ သူတိုင်း ရောဂါ ပါလာတာ မဟုတ်ဘူး။ သို့သော်လည်း ရောဂါပါလာတဲ့သူတွေက တဆင့်၊ တဆင့် ပျံ့တာပေါ့နော်။ စစ်တွေက ပြန်လာပါတယ်ဆိုတာကို ပြောဖို့ အချိန်ဆွဲလေလေ အန္တရာယ်က များလေလေပဲ” ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရောဂါကူးစက်မှု မြင့်မားနေဆဲ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့ နယ်သို့ စက်တင်ဘာ ၈ ရက်နေ့တွင် သွားရောက်မည့် ခရီးစဉ်ကိုလည်း ကျန်းမာရေးဝန်ကြီး၏ အကြံပြုချက်အရ ဖျက်သိမ်း ခဲ့သည်။
အစိုးရအနေဖြင့် COVID-19 ရောဂါပိုး တွေ့ရှိသူများအား အပြစ်မမြင်ကြောင်းနှင့် ရောဂါပိုးရှိနေသူများအား မြန်မြန် ရှာဖွေကာ ကုသပေးရန် အရေးကြီးပြီး ယင်းသို့ဆောင်ရွက်နိုင်မှသာ ရောဂါပြန့်ပွားမှုအား ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ပိုးတွေ့လူနာများထဲတွင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်မှုအများဆုံးဖြစ်နေပြီး COVID-19 ရောဂါပိုး ပျံ့နှံ့သည့် ၁ ပတ်မှ ၂ ပတ်အတွင်း ဆက်လက်မြှင့်တက်နေဦးမည်ဟု လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက သုံးသပ်ခန့်မှန်းထားသည်။
ယနေ့ စက်တင်ဘာ ရ ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၄၆၄ ဦးရှိခဲ့ပြီး ပြန်လည် သက်သာ ကောင်းမွန်လာသူ ၃၈၅ ဦးနှင့် သေဆုံးသူ ၈ ဦးရှိပြီဖြစ်သည်။
You may also like these stories:
လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအလုပ်သမား ၁ ဦး တွင် ကိုဗစ်ပိုးတွေ့
ကိုဗစ်ဒုတိယလှိုင်း ကူးစက်ခံရသူ ၁၀ ရာခိုင်နှုန်း ကျန်းမာရေးဝန်ထမ်းများဖြစ်
တိုင်းနှင့်ပြည်နယ်များသို့ ကိုဗစ်ဖြစ်ပွားနေသည့် မြို့များမှ လာသူများ Quarantine ဝင်ရမည်
ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ