လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ်ထားသည့် နေရာများတွင် ကွင်းဆင်းမဲဆွယ်ခြင်း ပြုလုပ်ခွင့်မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
“နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ် သတ်မှတ်ထားသော တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်/ ရပ် ကွက်/ကျေးရွာဒေသများတွင် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာများ၊ အဆောက်အဦများအတွင်း မဲဆွယ် စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများကို လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်းမပြုရ”ဟု UEC က ကန့်သတ်ထားသည်။
UEC အနေဖြင့် “မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန်အချက်များ” အား အထွေထွေရွေး ကောက်ပွဲ ကျင်းပရာတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်အညီ ဆောင်ရွက်ရမည့် စံလုပ် ငန်းလမ်းညွှန်- အပိုင်း (၁) အား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါပြန့်ပွားမှုအပေါ်မူတည်၍ Stay at Home ဒေသများအဖြစ် ရခိုင်တပြည်နယ်လုံးရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့အား သတ်မှတ်ထားသည်။
လတ်တလော ကူးစက်မှုမြန်နေသည့် COVID-19 ရောဂါပိုးသည် တပတ်မှ နှစ်ပတ်အတွင်း ဆက်လက်မြင့်တက်နေ ဦးမည် ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက သုံးသပ်ခန့်မှန်းထားပြီး ဆက်လက်မြင့်တက်လာပါက Stay at Home သတ်မှတ်နေရာများ ထပ်မံတိုးလာဖွယ်လည်း ရှိနေသည်။
ယင်းအပြင် မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော အမိန့်နှင့် ညွှန်ကြား ချက်များ၊ ထပ်မံထုတ်ပြန်မည့်အမိန့်နှင့် ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း COVID-19 ရောဂါဖြစ်ပွားမှုပေါ် မူတည်၍ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များနှင့်အညီ ဆောင်ရွက်ရန် လည်း လိုအပ်ကြောင်း UEC က ပြောထားသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် မနက်ဖြန် စက်တင်ဘာ ၈ ရက်နေ့တွင် စတင်၍ တရားဝင် မဲဆွယ်စည်းရုံးခွင့်ရမည်ဖြစ်သည်။
လတ်တလောတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှလည်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ လာရောက်သူများအား Quarantine ထားရှိမည့် ဒေသန္တရမိန့်များကြောင့် လွှတ်တော်ကိုယ်စားလှယ် လောင်းအချို့ အနေဖြင့် မဲဆွယ်စည်းရုံး သွားလာရာတွင် အခက်အခဲများ ကြုံတွေ့ရမည့်အခြေအနေလည်း ရှိနေသည်။
UEC ၏ စံသတ်မှတ်ချက်တွင် လှည့်လည်မဲဆွယ်ရာတွင် ၄ ဦးထက်ပို၍ လိုက်ပါနိုင်သည့်ယာဉ်များတွင် တင် ဆောင်နိုင် သည့် ဦးရေ၏ ထက်ဝက်သာ Social Distancing နှင့်အညီ လိုက်ပါရန်၊ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်(သို့) ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက် မြင့်တက်နေသူ လိုက်ပါခွင့်မပြုရန်၊ ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားရာဒေသသို့ သွားရောက်ဖူးခြင်း ရှိ/မရှိ မေးမြန်ပြီးမှ လိုက်ပါခွင့်ပြုရန်၊ မဲဆွယ်ကာလတလျှောက် ရောဂါသံသယလက္ခဏာ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ပြသရန်တို့လည်း ပါဝင်သည်။
အင်တာနက်မှတဆင့် Live Stream ဖြင့် မဲဆွယ်ရာတွင်လည်း တက်ရောက်မည့်သူ ၅၀ ဦးထက် မပိုစေဘဲ ဆောင် ရွက်ရန်နှင့် ၁ ဦးစီ ပတ်လည် ၆ ပေ ခွာထားရန်၊ မဲဆွယ်သူများ နှာခေါင်းစည်းနှင့် မျက်နှာအကာများတပ်ရန်၊ အယ်ကိုဟော ၆၀ ရာခိုင်နှုန်း အထက်ပါသည့် လက်သန့်ဆေးရည်သုံးရန်တို့လည်း ပါဝင်သည်။
ယင်းအပြင် အိမ်တိုင်ရာရောက် မဲဆွယ်ရာတွင် ၁၅ ဦး ထက် ပိုမသွားရန်၊ ရောဂါလက္ခဏာ သံသယရှိသူ(သို့) ပိုး တွေ့ရှိ သူ(သို့) အသွားအလာကန့်သတ်ထားသူ တည်ရှိသည့် နေအိမ်အား ဝင်ရောက်ခြင်းမပြုရန်၊ မဲဆွယ်ရာတွင် ပြည်သူ လူထုနှင့် လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း မပြုရန်တို့ကိုလည်း တားမြစ်ထားသည်။
မဲဆွယ်ပွဲသို့ နှာခေါင်းစည်းတပ်ဆင်ထားမှသာ ဝင်ရောက်ခွင့်ပေးရန်နှင့် နှာစေး၊ချောင်းဆိုးသည့်အခါတိုင်း လိုက် နာကျင့်သုံးရသည့် ကျင့်ဝတ်များအတိုင်းဆောင်ရွက်ရန်တို့ကို အသိပေးထားသည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ ကယားမှာ အကြိတ်အနယ် ဖြစ်မည်ကို ဝန်ကြီးချုပ်အား လွှတ်တော်က ဖြုတ်ချခြင်းက ပြသ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆွယ်ခရီးစဉ် ဖျက်သိမ်း
မြို့နယ်အဆင့် ခေါင်းဆောင် ၄ဦး ANP ပါတီမှ ထုတ်ပယ်