COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေများကြောင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျနေသူ၊ အချုပ်ကျ နေသူများကို မိသားစုများနှင့် ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီး ဌာနက သိရသည်။
ထောင်ဝင်စာ လာရောက် ဝင်တွေ့သည့်အခါ ပြင်ပမှ COVID-19 ရောဂါပိုးများ အကျဉ်းထောင်များသို့ ကူးစက်လာနိုင်သည့် အတွက် ယခုလို ပိတ်ပင်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။
ဦးဇော်ဇော်က “ကျနော်တို့အနေနဲ့ အသား၊ ငါး စတဲ့အစားအစာတွေကို သူတို့အတွက် ပိုစီစဉ်ထားပါတယ်။ အကျဉ်းထောင် တိုင်းမှာလည်း ဆေးဖြန်းတာ၊ အပြင်က ပြန်လာတဲ့သူတွေ လက်ဆေးဖို့၊ အခန်းထဲနေတာတောင်မှ နှာခေါင်းစည်းတပ်ဖို့ အချိန်ပြည့် နှိုးဆော်နေပါတယ်။ အကျဉ်းထောင်ဆိုတာ လူဦးရေများပြားတဲ့အတွက် တခုခုဖြစ်မယ်ဆို ထိန်းမရဖြစ်နိုင်တာ ကျနော်တို့ သိလို့ ကြိုတင်လုပ်ဆောင်ထားတာပါ” ဟု ဆိုသည်။
၎င်းတို့ကို မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့် ပိတ်လိုက်သော်လည်း ယခင်ကထက် အစားအသောက်နှင့် အနေအထိုင် များကို ပိုမိုကောင်းမွန်စေရေး၊ COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စီမံထားကြောင်း ၎င်းက ပြောသည်။
အကျဉ်းထောင်များတွင် သတ်မှတ်လူဦးရေထက် အကျဉ်းသား၊ အချုပ်သား လူဦးရေ များပြားနေသဖြင့် COVID-19 ကာကွယ်ရေးကို အကျဉ်းဦးစီးဌာနအနေဖြင့် သေချာစွာ စိစစ်ပြုပြင်ရန်လိုအပ်ကြောင်း၊ အကျဉ်းသားများကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်လိုက်သော်လည်း အစားအသောက် ပို့ဆောင်မှုကို တိကျမှန်ကန်စွာ အကျဉ်းဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အတွင်းရေးမှူး ဦးဘိုကြည်က ဆိုသည်။
ထို့ပြင် အကျဉ်းကျသူများ၊ အချုပ်ကျသူများကို မိသားစုနှင့် စကားပြောခွင့် ရရှိနိုင်ရေးအတွက် တပတ်လျှင် တကြိမ်ကျ ဖုန်းဖြင့် ဆက်သွယ်ခွင့်ရစေရန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားဦးရေ လျှော့ချနိုင်ရေးအတွက်လည်း အစိုးရအနေဖြင့် စဉ်းစားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးဘိုကြည်က “အဓိက အကျဉ်းသား တယောက်ကို လူကို လူလိုထားဖို့တော့ လိုအပ်တယ်။ ဒီလိုအခွင့်အရေးတွေကို ထောင်ထဲမှာ ဖန်တီးပေးဖို့ လိုအပ်တယ်။ အများပြည်သူအကျိုးအတွက် ဒီလိုရောဂါတွေ ဖြစ်လာတဲ့အခါမှာ အစိုးရက ပိတ်ပင် ကန့်သတ်လို့ရတယ်။ ဒါပေမယ့် အထဲမှာရှိတဲ့ အကျဉ်းသားတွေအတွက် သူတို့မိသားစုတွေကို စာ၊ တယ်လီဖုန်း တွေ့ဆုံဆက်သွယ်ခွင့် ဖန်တီးပေးဖို့ လိုတယ်” ဟု ဆိုသည်။
၎င်းက “ထောင်ထဲမှာ အစားအသောက် အခက်အခဲ မဖြစ်အောင် ကောင်းမွန်တဲ့ စီမံမှုတွေ လုပ်ပေးဖို့ လိုတယ်။ အခုတော့ အချုပ်သား အသစ်တွေကို သီးခြားထားတယ်လို့ ကြားရတယ်။ တချို့ အချုပ်သားတွေကို အမြန်ဆုံး အမိန့်ချတာ၊ ဆိုင်းငံ့ တာကို လုပ်သင့်တယ်။ အမှုသေးတွေပေါ့။ အမှုကြီးတွေကတော့ မဖြစ်မနေ ထောင်ထဲထည့်ရမယ့် လူတွေဖြစ်တော့ သူတို့ ကို သီးခြားထားဖို့တော့ လိုတယ်။ အဲဒီလိုလူတွေနဲ့ ထိတွေ့ရမယ့် ဝန်ထမ်းတွေလည်း COVID-19 ကာကွယ်ရေး သေသေချာချာ လေ့ကျင့်ပေးထားဖို့ လိုမယ်” ဟု ပြောဆိုသည်။
COVID-19 ကြောင့်ဟု ဆိုကာ ထောင်ဝင်စာတွေ့ခွင့်ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး အဆင်မပြေမှု တချို့ ရှိကြောင်း ရန်ကုန်တိုင်း အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားဖြစ်သူ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာ အေးမောင်၏ သားဖြစ်သူ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က ပြောသည်။
ရခိုင်ပြည်နယ်အနေဖြင့် ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်သို့ ထောင်ဝင်စာတွေ့ရန် ခက်ခဲနေသလို ယခုလို ထောင်ဝင်စာ ပိတ်လိုက်သည့်အတွက် ဖခင်ဖြစ်သူကဲ့သို့ အကျဉ်းသားများ၏ စားရေးသောက်ရေးအပေါ် ပိုမို စိုးရိမ်စရာ ဖြစ်စေတယ်လို့ ၎င်းက ဆိုသည်။
ဦးတင်မောင်ဝင်းက “အခုဗျာ၊ ထောင်ဝင်စာ ပိတ်တယ်။ ထောင်ထဲကို အစားအသောက်(ပါဆယ်) ပို့တာမှာလဲ တင်းကျပ် လာတယ်။ အဲဒီတော့ အထဲမှာ ကျနော်တို့ မိသားစုတွေရဲ့ အခြေအနေကို ကျနော်တို့ မသိရတော့သလို သူတို့ရဲ့ အနေ အထိုင် အဆင်ပြေ မပြေ၊ ကျနော်တို့ ဘာမှ သိခွင့်မရှိတော့ဘူး။ COVID-19 ကြောင့်ဆိုတာ ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် ထောင်ထဲပို့တဲ့ ပါဆယ်နဲ့ သူတို့အတွက် သူတို့စားချင်တာ စား၊ ဖတ်ချင်တာဖတ်ဖို့ ထားပေးထားတဲ့ ထောင် ဘဏ်ကို သေသေချာချာလေး လုပ်ပေးစေချင်တယ်” ဟု ပြောဆိုသည်။
မြန်မာတနိုင်ငံလုံးတွင် အကျဉ်းထောင်၊ အချုပ်စခန်းနှင့် အလုပ်စခန်းများ အားလုံး ၉ဝ ကျော်ရှိသည့်အနက်မှ နေ့စဉ် အချုပ်သား၊ အကျဉ်းသားများ လွတ်ခြင်း၊ လွှတ်ပေးခြင်းများ ရှိနေသည့်အတွက် တနိုင်ငံလုံးတွင် အကျဉ်းသားနှင့် အချုပ် သား ၈ သောင်းဝန်းကျင် ရှိကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။
You may also like these stories:
လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ
COVID – 19 ကာကွယ်ရေး အကျဉ်းထောင်များတွင် ဆေးဖျန်းစက် ဖြန့်ဝေမည်