ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ဩဂုတ်လ၂၇ ရက်က ဖမ်းမိခဲ့သည့် ရခိုင်ပြည်နယ်မှ တရားမဝင် ဝင်ရောက်လာသူ ၄၂ ဦးအား လုံခြုံရေးရယူပေးခဲ့သော ဟင်္သာတ မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တဦး COVID– 19 ရောဂါပိုး ကူးစက်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာ အုပ်စုအတွင်းရှိ ကြပ်ပြေးမြစ်ဝသို့ ရေလမ်းခရီးဖြင့် နိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာသည့် မွတ်စလင် ၄၂ ဦးကို တပ်မတော်(ရေ) က ဖမ်းဆီးခဲ့ပြီးနောက် သြဂုတ် လ ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ရခိုင်နှင့်ဧရာဝတီ နယ်စပ်ရှိ ကြံခင်းမြို့ဘက်ရဲမြို့နယ်နိမိတ် အတွင်းရှိ လူသူဝေးသော နေရာတွင် ယာယီ ကွာရန်တင်း စခန်းတည်ဆောက်၍ သီးခြားထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မွတ်စလင် ၄၂ ဦးကို ကြံခင်းမြို့နယ်ရှိ ယာယီကွာရန်တင်း စခန်းသို့ ပို့ဆောင်ချိန်နှင့် ၎င်းတို့အား COVID– 19 ရောဂါပိုး ရှိမရှိ စစ်ဆေးချိန်များတွင် လုံခြုံရေး ရယူပေးခဲ့သည့် ဘက်ရဲမြို့ နယ်မြေရဲစခန်းမှ အသက် ၄၃ နှစ်အရွယ် ရဲတပ် ကြပ် ၁ ဦး (Case – 1420) မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “အခု ပိုးတွေ့တဲ့ တပ်ဖွဲ့ဝင်က ရခိုင် ကနေ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို ဘက်ရဲမြို့မှာ ယာယီကွာရန်တင်းစခန်းမှာ ထားတဲ့အချိန် လုံခြုံရေး ယူပေးခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ကျန်းမာရေးဌာနက သူ့ကို လိုအပ်တဲ့ ကုသမှုတွေ ဆောင်ရွက်ပေးနေပါပြီ”ဟု ဧရာဝတီ ကို ပြောသည်။
ထို့ပြင် ဧရာဝတီတိုင်းသို့ နိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာသူ မွတ်စလင်များကို ဖမ်းဆီးရာ၌ပါဝင်သူ၊ လုံခြုံ ရေး တာဝန်ယူခဲ့သူ ရဲတပ်ဖွဲ့ဝင်၂၅ ဦးကို ဧရာဝတီတိုင်းအစိုးရနှင့် တိုင်းရဲတပ်ဖွဲ့တို့က ဟင်္သာတမြို့ရှိ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု သင်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်မှု ခံယူစေခဲ့ကြောင်း သိရသည်။
တချိန်တည်းမှာပင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး၂၉ နှင့်ကလေးငယ် ၂ ဦးတို့ ပါဝင်သည့် ရခိုင်မြောက်ပိုင်းမှ မွတ်စလင် အဖွဲ့အား ဓာတ်ခွဲနမူနာများ ရယူ၍ COVID– 19 ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁ ရက်တွင် အဆိုပါ အုပ်စု အတွင်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိထားသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦး (Case – 815) တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည်။
အထောက်အထားမဲ့ ခိုးဝင်လာသူ မွတ်စလင် ၁ ဦး (Case – 815) တွင် ကိုဗစ်ပိုးတွေ့သည့်အတွက် ကွာရန်တင်း ဝင်နေ သည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း COVID – 19 ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ဘက်ရဲနယ်မြေ စခန်းမှ ရဲတပ်ကြပ် ၁ ဦး (Case – 1420) ထံတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဒုရဲမှူးကြီး ထွန်းရွှေက “ပိုးတွေ့တဲ့တပ်ဖွဲ့ဝင်ကို အခု မနက်မှာပဲ ကျန်းမာရေး ဌာနက ကွာရန်တင်းစင်တာကနေ ဟင်္သာတ ခရိုင် ဆေးရုံကြီးကို ပြောင်းရွှေ့ပြီး ဆေးကုသမှုပေးနေပါတယ်။ သူ့ရဲ့မိသားစုဝင်တွေ သက်သာချောင်ချိရေးကိုလည်း တိုင်းရဲတပ်ဖွဲ့က ကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ဝင်လာသည့် မွတ်စလင်များထဲမှ ပိုးတွေ့လူနာ Case – 815 ကို ကျန်းမာရေးဌာနက ရန်ကုန်မြို့ရှိ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ဆေးကုသပေးနေပြီး ကျန် ၄၁ ဦးကို စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ဧရာဝတီတိုင်းအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ပူးပေါင်း၍ ၎င်းတို့ လာရောက်ခဲ့သည့် ရခိုင်ပြည်နယ် မောင်တော မြို့နယ် သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ ကူးစက်မြန် COVID– 19 ရောဂါပိုးတွေ့ရှိသူ ၄ ဦး ရှိကြောင်း သိရ သည်။ ရန်ကုန်မြို့မှ ပြန်လာပြီး သာပေါင်းမြို့တွင် ကွာရန်တင်းဝင်နေသူ အသက် ၃၁ နှစ် အရွယ်အမျိုးသား (Case – 1247) တွင် စက်တင်ဘာလ ၅ ရက်က ကိုဗစ်ရောဂါပိုး တွေ့ရှိသဖြင့် ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန်မှပြန်လာသူ ဖျာပုံမြို့မှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး (Case – 1310) ထံတွင် ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ကျန်းမာရေးဌာနက ဖျာပုံဆေးရုံ၌ ဆေးကုသပေးနေပြီး စက်တင်ဘာ ၇ ရက် မနက်ပိုင်း တွင် တွေ့ရှိသည့် ကျုံပျော်မြို့မှ အသက် ၃၇ နှစ်အရွယ် အမျိုးသား (Case – 1459) မှာ ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ ၎င်းတို့ ၃ ဦး စလုံးမှာ ကွာရန်တင်း စင်တာများတွင် အသွားအလာ ကန့်သတ်မှု ခံယူနေစဉ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “ကျနော်တို့ တိုင်းအတွင်း က ရောဂါပိုးတွေ့ရှိသူတွေကို ကုသမှုဆောင်ရွက်နေသလို သူတို့နဲ့ ဆက်စပ်မှုရှိသူမှန်သမျှကို ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သတ်ထားရှိပြီး စောင့်ကြည့်ထားပါတယ်။ ပြီးတော့ ဒီရောဂါ ထိမ်းချုပ်ဖို့အတွက် လိုအပ်တဲ့ တားမြစ်မိန့် တွေ ဆက်လက် ထုတ်ပြန်ဖို့လည်း ကျနော်တို့ ပြင်ဆင်နေပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်း အဝင်ဂိတ်များဖြစ်သည့် ညောင်တုန်းမြို့နယ်ရှိ မဲဇလီဂိတ်၊ မအူပင်မြို့နယ်၌ ခတ္ထိယဂိတ်၊ ဒေး ဒရဲမြို့အဝင်ဂိတ်၊ ရေကြည်မြို့နယ်ရှိ ရေနံ့သာဂိတ်၊ ကြံခင်းမြို့နယ်ရှိ အုတ်ပုံဂိတ်နှင့် ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာရှိ ကျောက်ချွန်ဂိတ်တို့တွင် ဧရာဝတီတိုင်းသို့ ဝင်လာသူများကို တင်းကြပ်စွာ စစ်ဆေးနေကြောင်း သိရသည်။
Stay at home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှ ဧရာဝတီတိုင်းသို့ ပြန်လာသူများ အားလုံး ကွာရန်တင်းစင်တာတွင် ၁၄ ရက်၊ နေအိမ်တွင် ၇ ရက်၊ စုစုပေါင်း ၂၁ ရက် ကွာရန်တင်း ဝင်ရမည်ဟု တိုင်းအစိုးရ က အမိန့်ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဧရာဝတီတိုင်းသို့ ပြန်လည်ဝင်ရောက်လာသူ ၂၀၀ ကျော်ကို သက်ဆိုင်ရာမြို့နယ် ကွာရန်တင်းစင်တာများတွင် ထားရှိ၍ အသွားအလာ ကန့်သတ်ကာ COVID – 19 ရောဂါ စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၇ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန် အထိ မြန်မာတနိုင်ငံလုံး၌ COVID – 19 ရောဂါ အတည်ပြုလူနာ ၁၄၆၄ ဦး ရှိပြီဖြစ်ပြီး အဆိုပါလူနာများထဲမှ ၈ ဦး အသက် သေဆုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
ဧရာဝတီတိုင်းသို့ Stay at Home မြို့နယ်များမှ လာသူများ သတင်းပို့ရမည်
ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ဝင်လာသည့် မွတ်စလင်များကို နေရပ်ပြန်ပို့
ဧရာဝတီတိုင်းသို့ တရားမဝင် ဝင်လာသည့် အဖွဲ့ထဲမှ ကိုဗစ်ပိုးတွေ့