နေပြည်တော်ရှိ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးအနက် အသွားအလာကန့်သတ်ထားရှိသူများထဲမှ မဟုတ်ဘဲ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၃ ဦးရှိပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူ ၁၀၀ ဝန်းကျင်ခန့်ကိုလည်း အသွားလာ ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဧရာဝတီကို ပြောသည်။
နေပြည်တော်ကိုဝင်မည့် မည်သူမဆို စက်တင်ဘာ ၂ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောပိုးရှိမရှိ စစ်ဆေးပြီးမှသာ ဝင်ရောက်ရန် အမိန့်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါပိုးတွေရှိသူများအဖြစ် စက်တင်ဘာ ၄ ရက်နေ့က ၇ ဦး၊ စက်တင်ဘာ ၅ ရက်နေ့တွင် ၁ ဦး၊ စက်တင်ဘာ ၇ ရက်နေ့က ၃ ဦး စုစုပေါင်း ရောဂါပိုးတွေ့ရှိသူ ၁၁ ဦး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာက ကြေငြာချက်များထဲတွင်ဖော်ပြသည်။
ထိုသို့ ရောဂါပိုးတွေ့ရှိသူ ၁၁ ဦးတွင် ၇ ဦးမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူများထဲမှဖြစ်သော်လည်း အခြား ၃ ဦးမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူများမဟုတ်ဘဲ နေပြည်တော်မြို့တွင်နေထိုင်မှုများရှိခဲ့သဖြင့် ၎င်းတို့နှင့် ထိစပ်သူဦးရေမှာ ၁၀၀ ဝန်းကျင်ခန့်ထိ များသွားခြင်းဖြစ်ကြောင်းသိရသည်။
ဒေါက်တာမြတ်ဏ္ဏစိုးက “အားလုံးပေါင်းဆိုရင် ကျနော်ထင်တယ် ရာဂဏန်းလောက်ရှိမယ်၊ ဒီ ၃ ယောက်ရဲ့ Contact တွေ လိုက်ရတာ”ဟု ပြောသည်။
၎င်းတို့ ၃ ဦးမှာ ဒက္ခိဏသီရိမြို့နယ်မှ ခြံလုပ်ငန်းလုပ်ကိုင်သူ အသက် ၂၀ နှစ်ရွယ်အမျိုးသား၊ ဇမ္ဗူသီရိမြို့နယ်တွင်နေထိုင်သူ ဝန်ကြီးဌာနတခုမှ ၄၆ နှစ်အရွယ် ဝန်ထမ်းအမျိုးသမီးတဦးနှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း ဆေးခန်းတခုသို့ ဖျားနာ၍ဆေးခန်းလာပြရာမှ တဆင့် ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှ ပိုးတွေ့ခဲ့သူ အမျိုးသားတဦးတို့ဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
၎င်းတို့နှင့်ထိတွေ့ခဲ့သူ လူ ၈၀ ခန့်ကို ပျဉ်းမနားဆေးရုံနှင့် နေပြည်တော် ကုတင် ၃၀၀ ဆေးရုံတို့တွင် အသွားအလာကန့်သတ် ကျန်းမာရေးစစ်ဆေးစောင့်ကြည့်နေပြီး ဒက္ခိဏသီရိမြို့နယ်မှ ခြံလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ ၂၀ နှစ်အရွယ်အမျိုးသားမှာ ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ဖျားနာ၍ လာရောက်ကုသစဉ် ရောဂါပိုးတွေ့ရှိသူဖြစ်သောကြောင့် ၎င်းကိုထိတွေ့ခဲ့သည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းတချို့ကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်ထားသည်။
၎င်းတို့ ၃ ဦးအနက် ၂ ဦးမှာ လွန်ခဲ့သည့်ဩဂုတ်လအတွင်း ရန်ကုန်က ပြန်လာသူများဖြစ်ပြီး ၁ ဦးမှာ အညာဒေသတခုမှ ပြန်လာသူဖြစ်ကြောင်း၊ နေပြည်တော်ဝင်သူတိုင်း ကျန်းမာရေးစစ်ဆေးရမည့်အမိန့်ကြေငြာစာမှာ စက်တင်ဘာ ၂ ရက်နေ့မှထွက်ရှိသောကြောင့် ၎င်းတို့ ၃ ဦးမှာ အသွားအလာစောင့်ကြည့်ကန့်သတ်ခြင်းမခံရပဲ လွတ်သွားသူများဖြစ်ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။
ရောဂါပိုးတွေ့ရှိသူများ၏ ၇ ရက်တွင်း ထိတွေ့ခဲ့သူများ၊ သွားခဲ့သည့်နေရာများကို ပြန်လည်စီစစ်ခြင်း၊ စီစစ်ပြီးနောက် ထိတွေ့ခဲ့သူများကို ရှာဖွေဖော်ထုတ်ကာ သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်ကာ ၂၁ ရက်စောင့်ကြည့်ပြီး ထိုသို့စောင့်ကြည့်နေစဉ်အတောအတွင်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခြင်းကို ၂ ကြိမ်ပြုလုပ်ခြင်းစသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။
ရောဂါပိုးတွေ့ရှိသူနှင့် တိုက်ရိုက်ထိတွေ့သူတချို့က ၎င်းတို့ထိတွေ့ခဲ့သည်ကို သတင်းမပေးဘဲနေသည့် ဖြစ်စဉ်တချို့လည်းရှိနေပြီး ရောဂါပိုးတွေ့ရှိသူကိုယ်တိုင်ကလည်း ထိတွေ့ခဲ့သည့်ဖြစ်စဉ်များကို ထိန်ချန်မထားဘဲ အမှန်အတိုင်း ပြောပြမှသာ ရောဂါပျံ့နှံ့မှုကိုထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း နေပြည်တော်ရှိ ဝန်ကြီးဌာနတခုတွင် တာဝန်ထမ်းဆောင်နေသည့် အသွားလာကန့်သတ် စောင့်ကြည့်ခံထားရသူ ဝန်ထမ်းတဦးက ပြောသည်။
“အဲဒီလိုလူတွေရဲ့ နောက်ကြောင်းကို သေချာလိုက်မှဖြစ်မှာလေ ထိတွေ့ခဲ့တဲ့လူတွေကလည်း အဲဒိလိုမျိုးထိတွေ့ခဲ့တယ်ဆိုတာ မလိမ်ဘဲနဲ့ သူတို့ပြောမှဖြစ်မှာ။ အဲလိုမဟုတ်ဘဲ သူတို့ထိန်ချန်လိုက်လို့ရှိရင် သူတို့အနီးအနား ပါတ်ဝန်းကျင်ကလူတွေပါ ထိခိုက်ရမှာ” ဟု ၎င်းကပြောသည်။
ပျဉ်းမနားမြို့အခြေစိုက် မျှဝေသောလက်များ ပရဟိတအဖွဲ့၏ ဒုဥက္ကဌဖြစ်သူ ဦးကျော်သူရကလည်း အသွားအလာကန့်သတ်စောင့်ကြည့်သည်နေရာများမှ ရောဂါပိုးတွေ့ခြင်းမဟုတ်ဘဲ ယခုကဲ့သို လူမှုအသိုက်အဝန်းအတွင်းမှ ရောဂါပိုးတွေ့ရှိလာရခြင်းမှာ စိုးရိမ်စရာကောင်းသောကြောင့် ကိုဗစ်-၁၉ နှင့်ပတ်သက်သော ထုတ်ပြန်ထားသည့် စည်းမျဉ်းများကို ပြည်သူများက လိုက်နာရန် အရေးကြီးသည်ဟုဆိုသည်။
ဦးကျော်သူရက “ဝင်လာတဲ့သူကို Quarantine ထားလိုက်လို့တွေ့တာမျိုးထက်စာရင် ဒီလိုကြီးတွေ့နေတာကြီးက စိုးရိမ်စရာအနေနဲ့ ရှိနေတယ်။ အဲဒါဘယ်လိုလုပ်သင့်လဲဆိုရင် အဓိကတော့ အတတ်နိုင်ဆုံး ခပ်ခွာခွာနေမှကိုအဆင်ပြေမှာ။ မလိုအပ်ရင် အပြင်မထွက်နဲ့ မလိုအပ်ရင်မထိတွေ့နဲ့ပေါ့၊ ဒီလိုပုံစံမျိုးဖြစ်မှပဲ အဆင်ပြေမှာ”ဟုပြောသည်။
အဝင်အထွက်တင်းကျပ်ထားသည့်ကြားမှ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများလည်းရှိနေပြီး လက်ရှိတွင် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ၊ ပျဉ်းမနားဆေးရုံ၊ လယ်ဝေးဆေးရုံ၊ တပ်ကုန်းဆေးရုံနှင့် နေပြည်တော် ကုတင် ၃၀၀ ဆေးရုံများတွင်လည်း ပိုးတွေ့လူနာများ ထားရှိကုသနိုင်ရန် နေရာများ ပြင်ဆင်ထားကာ လူနာကုတင် ၂၀၀ ခန့်ကို အသင့်အနေထား ပြည်ဆင်ထားကြောင်းသိရသည်။
နေပြည်တော်သည် ပြည်ထောင်စုနယ်မြေဖြစ်သောကြောင့် အဝင်အထွက်ကန့်သတ်မှုများပြုလုပ်ထားသည့်အပြင် ဝန်ကြီးဌာန ရုံးလုပ်ငန်များတွင်လည်း လူအများစုပြုံမသွားစေရန် ရုံးတဝက်တက် တဝက်ဆင်း စနစ်ကို ဆောင်ရွက်ရန်ပြင်ဆင်ခြင်း၊ ရုံးဌာနများ ဧည့်သည်တွေ့ဆုံခြင်းမပြုရန်၊ ဝန်ထမ်းများမလိုအပ်ဘဲ ပြင်ပခရီးများမသွားရန် စသဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန်အတွက် ယင်းစည်းကမ်းချက်များထုတ်ပြန်ထားသည်။
ဒေါက်တာ မြတ်ဝဏ္ဏစိုးက “ဝန်ထမ်းအိမ်ရာတွေနဲ့ ရုံးဌာနတွေကို ပြင်ပပုဂ္ဂိုလ်တွေ တတ်နိုင်သလောက် အဝင်အထွက်နည်းအောင်လို့ ဆောင်ရွက်ဖို့လည်း ကျနော်တို့ညွှန်ကြားထားတယ်။ အဲဒါကိုလည်း အားလုံး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်နေတယ်”ဟုပြောသည်။
ထို့ပြင် ဈေးများ၊ စားသောက်ဆိုင်များကိုလည်း ယခုကိုဗစ်-၁၉ တကျောပြန်ကူးစက်မှု များပြားလာသည့်အတွက် လိုအပ်ပါက ပါဆယ်စနစ်များကို ပြန်လည်ကျင့်သုံးမည်ဟုလည်းဆိုသည်။
ကိုဗစ်-၁၉ ပထမကြိမ်ဖြစ်ပွားနေစဉ်အတောအတွင်း နေပြည်တော်တွင် လွန်ခဲ့သော မတ်လ ၂၆ ရက်နေ့က ကာရာအိုကေများ၊ အနှိပ်ခန်းများဖွင့်လှစ်ခြင်းမပြုရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရန် ညွှန်ကြားချက်များထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်များကို ကိုဗစ်အကာကွယ်များ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ ပြန်လည်ဖွင့်လှစ်စေခဲ့သည်။
ထိုစဉ်က နေပြည်တော်အတွက် နိုင်ငံခြားမှပြန်လာသော ဆွစ်ဇာလန်နိုင်ငံသူတဦးမှာ ပထဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်အခြေစိုက် တပ်ရင်းတပ်ဖွဲ့များအတွင်း နိုင်ငံခြားမှ ပြန်လာသော တပ်မတော်သားများထဲမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူအချို့လည်း ထွက်ပေါ်ခဲ့သည်။
အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော် မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့ စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သော တားမြစ်ချက်များကိုထုတ်ပြန်ထားပြီး တချို့ တားမြစ်ချက်များကို ဖြေလျော့၍ လအလိုက်တဖြည်းဖြည်း သက်တမ်းတိုးမြှင့်ခြင်းများပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၇ ရက် မနက်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၄၆၄ ဦး၊ သေဆုံး ၈ ဦးနှင့် ပြန်လည် သက် သာလာသူ ၃၈၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဖွဲ့စည်း
မန္တလေးတိုင်းသို့ လာသူများ Quarantine ဝင်ရန် ဘတ်ဂျက် အခက်အခဲရှိ
နေပြည်တော် ဟိုတယ်လုပ်ငန်းများ နားထားရ၍ ဝန်ထမ်းလစာပေးရန် အခက်ကြုံ